အာရက္ခတပ်တော်နှင့် စစ်ကော်မရှင်တပ်တို့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအစပ်တို့တွင် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေ

RNA_အောက်တိုဘာ(၁၁)၊၂၀၂၅ခုနှစ်။

ရခိုင်ပြည်နယ်အတွင်း သိမ်းရန်ကျန်ရှိနေသော မြို့များကို အာရက္ခတပ်တော်မှ ဆက်လက်သိမ်းပိုက်ရန် ကြိုးစားနေသည်နှင့်တစ်ပြိုင်နက် အာရက္ခဒေသနှင့် နယ်မြေချင်းထိစပ်နေသော မကွေးတိုင်း (နတ်ရေကန်)၊ ပဲခူးတိုင်း (ညောင်ကျိုးဗျူဟာကုန်း)နှင့် ဧရာဝတီတိုင်းအစပ် (လေးမျက်နှာမြို့နယ်အတွင်း) တို့အတွင်း စစ်ကော်မရှင်တပ်၏ တန်ပြန်ထိုးစစ်ကြောင့် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေသည်ဟု အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် အာရက္ခတပ်တော် နှင့် စစ်ကော်မရှင်တို့ နှစ်ဖက်စလုံးအတွက် စစ်ရေးအချက်အချာကျသော နေရာ (၅) ခု၌ အပြန်အလှန်ထိုးစစ်များနှင့်အတူ နေ့စဉ်ရက်ဆက် တိုက်ခိုက်နေခဲ့ကြသည်မှာ ရက်သတ္တပတ်ပေါင်း များစွာကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ တစ်ပြိုင်နက်တည်းတွင်စစ်ကော်မရှင်မှ အာရက္ခတပ်တော် ထိန်းချုပ်ထားရာနေရာများထဲမှ အချို့သောနေရာများအား ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုး ဆက်လက်ပြုလုပ်ရန် ပြင်ဆင်လျက်ရှိသည်ဟု ပြောကြားထားသည်။

 

အာရက္ခတပ်တော် သိမ်းပိုက်ရန်ကျန်ရှိနေသော ကျောက်ဖြူတွင် စစ်ကော်မရှင်ဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးများ ပြုလုပ်နေသည်မှာ ၂၀၂၅ ခုနှစ်၊ မတ်လဆန်းမှစတင်၍ ကြိမ်ဖန်များစွာပြုလုပ်ခဲ့သော်လည်း ထိရောက်မှုမရှိဘဲ စစ်ကော်မရှင်ဘက်မှ အထိအခိုက် အကျအဆုံးများကိုသာ ရင်ဆိုင်ခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားကြောင်း၊ မကွေတိုင်း၊ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်း တိုက်ပွဲတွင်လည်း စစ်ကော်မရှင်လက်အောက်ခံများ သေဆုံးမှုများပြားနေကြောင်း သိရသည်။

စစ်ကော်မရှင်တပ်၏ စစ်သင်္ဘောများသည် ပင်လယ်ပြင်မှနေ၍ စစ်ရေးပစ်မှတ် မဟုတ်သော အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်း၊ ပင်လယ်ပြင်ကမ်းနီးအတွင်း တစ်နိုင်တစ်ပိုင်ဝမ်းစာရှာ ငါးဖမ်းထွက်နေကြသည့် ရေလုပ်သားပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့ကို ယခုရက်အတွင်း ဆက်တိုက်ပြုလုပ်နေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့တွင် သံတွဲမြို့၊ တောင်မကျည်းတိုက်နယ်၊ ဆတ်လည်မျှော်ကျေးရွာမှ အရပ်သား ရေလုပ်သားပြည်သူ (၄) ဦးဖြစ်ကြသော ဦး‌မောင်ကို (၅၁) နှစ်၊ ဦးကျော်ဝေသန်း (၄၂) နှစ်၊ ဦးဖိုးနီ (၅၀) နှစ် နှင့် ဦးညီညီ (၃၉) နှစ် တို့သည် ပင်လယ်ပြင်ကမ်းနီး၌ ငါးဖမ်းနေစဉ် စစ်ကော်မရှင်၏ ရေတပ်မှ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်သည် ကျောက်ဖြူမြို့၊ ဆားပြင်ကွင်း ရပ်ကွက်မှ အပြစ်မဲ့ ရေလုပ်သားပြည်သူ (၂၀) ကျော်အား အကြောင်းမဲ့ ဖမ်းဆီးခဲ့ရကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူတစ်ချို့သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#RedNewsAgency #RNA #REDNEWS

By RNA Editor