RNA_အောက်တိုဘာ(၁၁)၊၂၀၂၅ခုနှစ်။
စစ်ကိုင်တိုင်း၊ မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်အစပ် သီတင်းကျွတ်လပြည့်နေ့ညပိုင်းက လေကြောင်းတိုက်ခိုက်ခံရချိန် ဒဏ်ရာရရှိခဲ့သော ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ၏ စစ်ဒေသ (၃) တာဝန်ခံ ရဲဘော်ဘုန်းမြင့်ဇော် (ခ) ရဲဘော်တည်ကြည်သည် အောက်တိုဘာ (၉) ရက်နေ့ နံနက် (၃) နာရီခန့်က ကျဆုံးခဲ့ရပြီး အောက်တိုဘာ (၁၀) ရက်နေ့တွင် ဈာပနအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် မင်းအောင်လှိုင် စစ်အုပ်စုမှ အောက်တိုဘာ (၆) ရက်နေ့ (သီတင်းကျွတ်လပြည်နေ့ည) ည (၇:၃၀) နာရီဝန်းကျင်ခန့်တွင် ပါရာမော်တာ စက်တပ်လေထီးဖြင့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူ (၂၂) ဦးထက်မနည်း ကျဆုံးခဲ့ပြီး (၆၀) ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများတွင် အပြင်းအထန် ဒဏ်ရာရသူများလည်းရှိပြီး ရရှိသော ပြင်းထန်ဒဏ်ရာများကြောင့်နောက်ဆက််တွဲ ကျဆုံးမှုများလည်းရှိကြောင်း BLDF ကထုတ်ပြန်ထားသည်။
ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၏ စစ်ဒေသ(၃) တာဝန်ခံ ရဲဘော်ဘုန်းမြင့်ဇော် (ခ) ရဲဘော်တည်ကြည်သည်လည်း အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုတွင် ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး အောက်တိုဘာလ (၉) ရက်နေ့၊ နံနက် (၃) နာရီအချိန်တွင် တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးအတွက် အသက်ပေးလှူသွားခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရဲဘော်ဘုန်းမြင့်ဇော် (ခ) ရဲဘော်တည်ကြည်၏ ဈာပနအခမ်းအနားကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး အခြေစိုက်ရာ တော်လှန်ရေးဒေသ တနေရာတွင် အောက်တိုဘာလ (၁၀) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ BLDF ဗဟိုကော်မတီဝင်များ၊ BLDF ဌာနအသီးသီးနှင့် စစ်ဒေသအသီးသီးမှ ရဲဘော်များ၊ PDF၊ ပ.က.ဖ၊ သပိတ်အင်အားစုများ၊ CDM များစသည့် အဖွဲ့အစည်းအသီးသီးက နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့ကြသည်။
#RedNewsAgency #RNA #REDNEWS