Red News / Fact Check
ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့တွင် ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိသော တပ်ပေါင်းစုံတပ်ဖွဲ့များ၏ ဒဏ်ရာရရှိမှုစသည့် မြေပြင်အခြေအနေများကို Free Burma Rangers (FBR) အဖွဲ့က ပါဝင်ကူညီပေးနေသည့် ရုပ်သံထုတ်ပြန်မှုကို အခြေခံပြီး စစ်ကောင်စီလော်ဘီများက ပြည်ပကျူးကျော်စစ်နှင့် ဘာသာရေးစစ်အသွင်ဆောင်ပြီဆိုသည့် ဝါဒဖြန့်မှုများကို တယ်လီဂရန်ချန်နယ်များတွင် ပြုလုပ်နေသည်။
စစ်ကောင်စီလော်ဘီများ၏ ဝါဒဖြန့်မှုများ
————————————
မိုးဗြဲမြို့သိမ်းတိုက်ပွဲ ဖေဖော်ဝါရီ ၅ရက်တွင် FBR က တိုက်ပွဲအတွင်း အရေးပေါ်ဆေးကုရေး၊ ရွေ့ပြောင်းကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းရုပ်သံဖိုင်နှင့် ရုပ်သံဖိုင်တွင်ပါရှိသည့် အဖွဲ့ခေါင်းဆောင် ဒေးဗစ်ယူဘန့် (David Eubank) ၏ ဆုတောင်းစကား “and trying to help,in Jesus’ name”ကို မျဉ်းဝါပြကာ “ကယား၊ ကရင်၊ ရခိုင်ဘက်က တိုက်ပွဲတွေက ပြည်ပကျူးကျော်စစ်တွေဖြစ်သလို ဘာသာရေးစစ် အသွင်ကိုလည်း ဆောင်တယ်။ ဘူမသိ ကိုးမသိ ဗမာငပိန်းတွေက ပိန်းပိတ်နေဆဲပဲ” (မူရင်းအရေးအသား) ဟု စစ်ကောင်စီလော်ဘီ Ko Thet ချန်နယ်မှ ဇူလိုင် ၃ တွင် စတင်၍ ဝါဒဖြန့်နေသည်။

Ko Thet ချန်နယ်တွင် ထိုဝါဒဖြန့်အကြောင်းအရာအား ဝင်ရောက်ကြည့်ရှုသူ ၃ သောင်း ၃ ထောင်နီးပါးရှိခဲ့ပြီး ယနေ့မှာပင် အခြားသောဖော်လိုဝါများသည့် စစ်ကောင်စီလော်ဘီ Kyaw Swar, Thazin Oo, ဟန်ငြိမ်းဦး အကောင့်များအပါအဝင် လော်ဘီချန်နယ် (၃၂) ခုက ကူးယူဖော်ပြ၍ ဝါဒဖြန့်ထားကြောင်းကိုတွေ့ရသည်။ ကြည့်ရှုသူအနေဖြင့် Kyaw Swar ချန်နယ်တွင် ၃ သောင်း ၆ ထောင်ကျော်၊ Thazin Oo ချန်နယ်တွင် ၂ သောင်းကျော်၊ ဟန်ငြိမ်းဦး ချန်နယ်တွင် ၁ သောင်း ၂ ထောင်ကျော် ရှိခဲ့သည်။
စစ်ကောင်စီလော်ဘီများသည် တယ်လီဂရန်ချန်နယ်များပြင် Facebook ဆိုရှယ်မီဒီယာပေါ်တွင်လည်း အဆိုပါအကြောင်းအရာကို ဝါဒဖြန့်မှုများစွာပြုလုပ်နေသည်ကို တွေ့ရသည်။
စတင်ဝါဒဖြန့်သည့်ပို့စ် Ko Thet – http://archive.today/tkBmT
Kyaw Swar – http://archive.today/0aUTX /
Thazin Oo – http://archive.today/SShO6 /
ဟန်ငြိမ်းဦး – http://archive.today/C1hxu
Facebook Post – http://archive.today/gjhOk
သတင်းမှန် စိစစ်ချက်
—————————-
စစ်ကောင်စီလော်ဘီများ၏ ဝါဒဖြန့်အကြောင်းအရာနှင့်ပတ်သတ်၍ Google search ဖြင့်ရှာဖွေစစ်ဆေးကြည့်သောအခါ Free Burma Rangers (FBR) အဖွဲ့ကို အမေရိကန်စစ်သားဟောင်း ဒေးဗစ်ယူဘန့် (David Eubank) က ၁၉၉၇ တွင်စတင်ဖွဲ့စည်းခဲ့ပြီး လူမျိုးပေါင်းစုံပါဝင်ကာ စစ်မက်ဖြစ်ပွားရာဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသောအဖွဲ့ဖြစ်သည်။ ထိုအဖွဲ့သည် မြန်မာနိုင်ငံတွင်သာမက အီရတ်၊ ဆီးရီးယားစသည့်ကမ္ဘာ့နိုင်ငံများတွင် ပဋိပက္ခဖြစ်ပွားရာ နေရာများသို့ သွားရောက်၍ လက်နက်ထိမှန်သူများအား အရေးပေါ်ကူညီကယ်ဆယ်ပြုစု ကုသပေးနေသောအဖွဲ့ဖြစ်ကြောင်းကို တွေ့ရသည်။
FBR အနေဖြင့် စစ်ဘေးရှောင်များကို ကူညီကယ်ဆယ်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ကိုအခြေခံကာ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ၊ စစ်ပွဲအတွင်း ပိတ်မိပြည်သူများကို ကူညီကယ်ဆယ်သည့်လုပ်ငန်းများနှင့် မြေပြင်သတင်းများကို ပြည်သူများသိအောင်လုပ်ဆောင်နေကြောင်းကိုလည်း တွေ့ရသည်။ ကရင်နီပြည်နယ်တွင်သာမကဘဲ ကရင်ပြည်နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများကို ထောက်ပံ့ကူညီရေးများ ဆောင်ရွက်ပေးခဲ့သည်။ ၂၀၁၈ တွင်လည်း ရခိုင်ပဋိပက္ခစစ်မြေပြင်သို့ သွားရောက်၍ စစ်ဘေးဒုက္ခသည်များကို သွားရောက်ကူညီပေးခဲ့သည်။

စစ်တပ်အာဏာသိမ်းအပြီး ၂၀၂၁ မှ ၂၀၂၂ အတွင်း တစ်နှစ်ခွဲကာလတွင် ကရင်၊ ရခိုင်၊ ရှမ်းနှင့် ကရင်နီဒေသတွင် FBR အဖွဲ့ဝင်ရှစ်ဦးသေဆုံးခဲ့ကြောင်းကိုလည်း ၂၀၂၂ ဇူလိုင် ၂၅ က ထုတ်ပြန်ခဲ့သည်။ ၂၀၁၉ နိုဝင်ဘာတွင် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းစစ်ရေးပဋိပက္ခစစ်မြေပြင်တွင် FBR အဖွဲ့ဝင် ကချင်တိုင်းရင်းသားတစ်ဦး ဒုံးကျည်ထိမှန်သေဆုံးခဲ့သည်။ ယခုထုတ်ပြန်သော ရုပ်သံဖိုင်တွင်လည်း ဖေဖော်ဝါရီ ၅ က မိုးဗြဲမြို့သိမ်းတိုက်ပွဲတွင် အဖွဲ့၏ ဆေးတပ်သား Benedict Tho ကျဆုံးခဲ့ကြောင်း ပါရှိခဲ့သည်။
FBR ရုပ်သံဖိုင်လင့် – http://archive.today/XAtMI
FBR အဖွဲ့လင့် – http://archive.today/e4wCY
FBR အဖွဲ့ဝင်များကျဆုံးကြောင်းနှင့် ကူညီခြင်းဖော်ပြထားသည့် လင့်များ –
၁။ http://archive.today/w1Dsw
၂။ http://archive.today/Khvxb
၃။ http://archive.today/fqR4m
သုံးသပ်ချက်
—————–
တွေ့ရှိရသည့် မှတ်တမ်းများအရ FBR အဖွဲ့သည် စစ်ရေးပဋိပက္ခများတွင် လူသားချင်းစာနာမှုလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေသည့် လူမျိုးပေါင်းစုံ၊ ဘာသာရေးပေါင်းစုံပါဝင်သော NGO အဖွဲ့သာဖြစ်သည်။ KNDF ၏ အုပ်ချုပ်မှုလက်အောက်ခံအဖွဲ့အစည်းမဟုတ်ကြောင်းကိုလည်း တွေ့ရသည်။ ထို့အတွက်ကြောင့် ပြည်ပကျူးကျော်စစ်ဟု ဝါဒဖြန့်ခြင်းသည် စစ်ကောင်စီလော်ဘီများ၏ ပုံဖျက်ဝါဒဖြန့်မှုသာဖြစ်သည်။
ထို့အပြင် စစ်ကောင်စီလော်ဘီများက ရုပ်သံဖိုင်တွင်ပါဝင်သည့် FBR အဖွဲ့ခေါင်းဆောင် ဒေးဗစ်ယူဘန့် (David Eubank) ပြောဆိုထားသော စကား စာတန်းထိုးထားမှုတွင် “We have medics here, aid and litter teams and trying to help,in Jesus’ name.”မှ “and trying to help,in Jesus’ name” ကို ဘောင်ခတ်အသုံးပြုကာ ဘာသာရေးစစ်အဖြစ် ပုံဖော်လာခြင်းဖြစ်သည်။ ဘောင်ခတ်ဖော်ပြထားသောအကြောင်းအရာမှာ ဘာသာရေးယုံကြည်မှု ဆုတောင်းသက်သက်သာဖြစ်ပြီး ဘာသာရေးစစ်ပွဲနှင့် သက်ဆိုင်ခြင်းလုံးဝမရှိသည်ကို တွေ့ရှိရသည်။
စစ်ကောင်စီလော်ဘီများက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဗမာတိုင်းရင်းသားများအကြား၊ ဘာသာရေး၊ လူမျိုးရေးနှင့်ပတ်သက်၍ သွေးထိုးလှုံ့ဆော်မှုများပြုလုပ်နေသည့်အပြင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း၊ တိုင်းရင်းသား လူမျိုးအချင်းချင်းကြားတွင်လည်း လူမျိုးရေး၊ ဘာသာရေးအခြေခံပြီး ပဋိပက္ခဖြစ်ပွားစေရန် နည်းမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်နေသည်ကို မကြာခဏ တွေ့ရှိရသည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA #FactCheck