စစ်ကောင်စီတပ်စစ်ကြောင်း ရောက်လာပြီးနောက် ဖားကန့်မှာ ပြည်သူ (၁၇) ဦးသေဆုံး

RNA_ဇွန်(၈)၊၂၀၂၅ခုနှစ်။

တိုက်ပွဲများ ငြိမ်သက်နေသော ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်း ရောက်ရှိလာပြီးနောက် နယ်မြေစိုးမိုးရေးမြို့တွင်း စစ်ကြောင်းများလှည့်လည်စဉ်နှင့် လက်နက်ကြီး၊ ဒရုန်း၊ ပစ်ခတ်မှုများကြောင့် ယနေ့ (ဇွန်လ ၈ ရက်) အထိ အနည်းဆုံး ပြည်သူ (၁၇) ဦးသေဆုံးခဲ့ရပြီဟု သိရသည်။

စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်သည် မေလ ၂၇ ရက်နေ့က ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စုရှိ စစ်ကောင်စီ၏ ယမ်းချက်စက်ရုံကို ရောက်ရှိလာပြီးနောက် မေလ ၂၈ နှင့် ၂၉ ရက်နေ့ လုံးခင်းကျေးရွာအတွင်း စစ်ကြောင်းထွက်စဉ် ပြည်သူ (၅) ဦးသေဆုံးရပြီး (၈) ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဇွန်လ (၃) ရက်နေ့တွင် ဆောင်းချိန်ကျေးရွာ ဓမ္မာရုံအနီးရှိ ကုမ္ပဏီလုပ်ကွက်တစ်ခု၏ ယမ်းဂိုဒေါင်ပေါ် ဒရုန်းဖြင့် ပြင်းအားမြှင့်ဗုံးကျဲချခဲ့သည့်အတွက် ပေါက်ကွဲကာ ပြည်သူ (၃) ဦးသေဆုံးရပြီး (၁၀) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ ဇွန်လ ၆ ရက် နေ့ည ၉ နာရီကျော်မှာ ငြိမ်းချမ်းသာယာ အပိုင်း(၃) က နေအိမ်ကို လက်နက်ကြီး(သို့)ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် (၄) ဦးအပါအဝင် ပြည်သူ (၉) ဦးသေဆုံးခဲ့ရသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ပြည်သူများကို သတ်ဖြတ်နေသည့်အပြင် ကျောက်စိမ်းလုပ်ကွက်များအတွင်းမှ စက်ယန္တရားများကို မီးရှို့ဖျက်ဆီးမှုများရှိကြောင်း၊ ဒေသခံပြည်သူများကိုလည်း လူသားဒိုင်းပြုလုပ်ရန် ဖမ်းဆီးမှုများကိုလည်း ပြုလုပ်ခဲ့ကြောင်း၊ ဖားကန့်၌ စစ်ကောင်စီတပ်သားများသည် စစ်ကြောင်းထိုး လှည့်လည်နေသည့်အပြင် ရှေ့တန်းတပ်မ (၃၃) ၏ ဖားကန့်ဗျူဟာကုန်း၊ လုံးခင်းယမ်းချက်စက်ရုံ၊ ကံဆီးဗျူဟာ၊ မဇွပ်ယန်အချုပ်ထောင်၊ လုံးခင်းမျောက်ကုန်းရဲကင်း၊ ဖားကန့်ရဲစခန်း၊ တရုတ်ဘုံကျောင်းအထက် ဘုရားပေါ်တွင် ဖားကန့်ဗျူဟာကုန်းမှ ရှေ့ကင်းထုတ်ထားသည့် ရှေ့ကင်းစခန်းတို့ရှိသည်။

#RedNewsAgency #RedNews #RNA

By RNA Editor