ကြေညာချက်တွေကို ပြောင်းလဲဖို့ လူတွေပြောင်းလဲဖို့ အချိန်တန်ပြီ

“လူထုက ရွေးချယ်ထားတဲ့ တရားဝင်အစိုးရလို့ခံယူနေပြီး ဝန်ကြီးဌာန ၁၇ ခု တရားဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ လုပ်နိုင်စွမ်းက အကန့်သတ်များလွန်းနေသေးတယ်”

ရန်နိုင်

သာမန်အသေးစား ထုတ်ကုန်လုပ်ငန်းလေးတွေက အကြီးစားထုတ်ကုန်လုပ်ငန်းကြီးတွေကို ဘာကြောင့်မယှဉ်နိုင်တာလဲဆိုရင် လုပ်ငန်းရဲ့စွမ်းဆောင်ရည်နဲ့ ခိုင်မာတဲ့သမိုင်းကြောင်း တွေရှိမနေသေးတာက အကြီးမားဆုံးအကြောင်းအချက် တခုပါပဲ။ စားနေကျအသုတ်ဆိုင်ကို စွန့်ပြီး မနေ့တနေ့ကမှ လာဖွင့်တဲ့အသုတ်ဆိုင်ကို စားဖို့ဆိုတာလဲ သိပ်တော့မဖြစ်နိုင်ပေ။ အစွဲလန်းကြီးတဲ့ လူကြီးတွေဆိုရင် ပိုဆိုးတာပေါ့။ သူတို့စားနေကျ ဆိုင်မဟုတ်ရင် လုံးဝမကြိုက်ဘူး၊ အရသာအသစ်ကို လက်မခံဖို့ သူတို့မှာအကြောင်းပြချက်ပေါင်း များစွာနဲ့။ 

ကိုယ့်ရဲ့ထုတ်ကုန်က အားလုံးထက်ကောင်းပါတယ်ဆိုပြီး ထိုင်အော်နေရုံနဲ့ လူတွေယုံကြည်လာမှာမဟုတ်။ စီမံကိန်းတခုကိုမှ လောက်လောက်လားလား အောင်မြင်အောင်လုပ်မပြထားရင် လုပ်ငန်းအပ်သူက စွန့်စားပြီးအလုပ်အပ်ရဲမှာမဟုတ်။ ကိုယ့်ရဲ့ စားသောက်ကုန်က ဘယ်လိုကျန်းမာရေးနဲ့ ညီညွတ်ပါတယ်လို့ ဆိုင်းဘုတ်တင်ထားပြီး ရောင်းတဲ့သူက အထက်စီးဆန်တဲ့လေသံနဲ့ စျေးရောင်းနေရင် ဘယ်သူမှစိတ်ဝင်စားမှာ မဟုတ်ပေ။ 

အမှန်နဲ့အမှား ဒွန်တွဲလွန်းတဲ့ အခြေနေတွေမှာလဲ အမှန်ကိုချည်းလုပ်တဲ့သူက ရှားပါးလွန်းလှပါတယ်။ အမှားမှန်းသိပေမယ့် အကြောင်းပြချက်များစွာနဲ့ ရွေးချယ်ရတဲ့အခြေနေတွေဆိုတာလည်း ရှိတတ်ကြတာပဲ။ အမှန်တရားအဖြစ် လူအများစုက သတ်မှတ်ထားပေမယ့် ရှေးရိုးစွဲတဲ့သူတွေ သမိုင်းကိုကြည့်တဲ့သူတွေက သေချာတဲ့ အခြေနေတခုကိုပဲ ပုံအပ်ပြီးရွေးကြတာက သူတို့ရဲ့ရွေးချယ်ပိုင်ခွင့်ပါ။

ဒါ့ကြောင့် လုပ်ငန်းငယ်တွေက လုပ်ငန်းကြီးတွေထက် ရှေ့ရောက်ချင်တယ်၊ အသာရချင်တယ်ဆိုရင်တော့ လုံးလုံးလျားလျား ထင်ရှားနေဖို့လိုပါတယ်။ အသုတ်ဆိုင်အသစ်တွေက နာမည်ကြီးပြီးသား ဆိုင်ဟောင်းတွေကိုအသာရ ချင်ရင်တော့မိမိစားကုန်က ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ထိုင်အော်နေရုံမရ။ အများယုံကြည်လာအောင် ထင်ထင်ရှားရှားစွမ်းဆောင်ရည် ပြသနိုင်ဖို့လိုပါတယ်။ 

ဒီလိုပါပဲ မြန်မာပြည်သူတွေ လိုလားတဲ့ ပြည်ပနိုင်ငံတွေရဲ့ အကူညီတွေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကူညီတွေဆိုတာလည်း ပေးလာခဲ့ရင်တောင် လက်ခံထားနိုင်တဲ့တရားဝင် အဖွဲ့စည်းက ရွေးစရာများများစားစားမရှိ။ တရုတ်နိုင်ငံက စားသုံးချင်တဲ့ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲခွင့်တွေ၊ ထိုင်းနိုင်ငံက စားသုံးချင်တဲ့ စျေးပေါပေါလုပ်သားတွေနဲ့ အိန္ဒိယနိုင်ငံက စားသုံးချင်တဲ့ မြန်မာနိုင်ငံရဲ့စျေးကွက် ဝေစုတွေကို အာမခံပေးနိုင်တဲ့ အဖွဲ့စည်းက ရွေးစရာမရှိပေ။

ပြည်တွင်းစစ်ဖြစ်ပြီး ကောင်းကောင်းမလည်ပတ်နိုင်တဲ့ စီးပွားရေးစီမံကိန်းတွေကြောင့် ပြည်တွင်းစစ်မှာ တရုတ်အစိုးရက ပေါ်ပေါ်တင်တင် ဝင်စွတ်လာတယ်။ ဒီလိုယူဆချက်က ငြင်းစရာတွေရှိပေမယ့် လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲပြန်ရောက်အောင် MNDAA ကို ဖိအားပေးလိုက်တာကတော့ တရုတ်ဝင်စွတ်တဲ့ ပြည်တွင်းရေးတခုပါပဲ။ တရုတ်ရဲ့ ဝင်စွက်လိုက်တဲ့ဖြစ်စဉ်ကလည်း အရင်းပြုတ်တော့မယ့် မိတ်ဖက်ကုမ္ပဏီအပေါ် ယခင်ကလုပ်နိုင်စွမ်းတွေကြောင့် ပုံအပ်ပြီးရွေးချယ်လိုက်တဲ့သဘောပါပဲ။ တခြားရွေးစရာလည်း မရှိတာကြောင့် စစ်ကောင်စီအပေါ် ပုံအပ်ပြီး ရွေးလိုက်တာလို့လဲ ယူဆနိုင်ပါတယ်။ ယှဉ်ပြိုင်ရွေးစရာအဖြစ် သမိုင်းကြောင်းနဲ့ လက်ရှိလုပ်ရပ်တွေမှာ အောင်မြင်မှုပြတ်သားနေတဲ့ အဖွဲ့အစည်းရှိမနေသေးပေ။ 

လူထုက ရွေးချယ်ထားတဲ့ တရားဝင်အစိုးရလို့ခံယူနေပြီး ဝန်ကြီးဌာန ၁၇ ခု တရားဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ လုပ်နိုင်စွမ်းက အကန့်သတ်များလွန်းနေသေးတယ်။ နိုင်ငံတကာကို စည်းရုံးထားနိုင်မှုနဲ့ ပြည်တွင်းနိုင်ငံရေး အင်အားစုတွေကို စည်းရုံးနိုင်မှုက လေးနှစ်ကျော်လာတဲ့အထိ ထင်ထင်ရှားရှား မတွေ့ရသေးပေ။ထိတွေ့ဆောင်ရွက်တဲ့အခါမှာ Public မဟုတ်ဘဲနဲ့ Privately သွားနေတာကို အခုချိန်ကစပြီး ရပ်တန်းကရပ်ဖို့ လိုနေပြီလို့ NUG အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် က ဧပြီ ၁၂ ရက်နေ့က ပြောခဲ့တယ်။ 

ပြည်ပနိုင်ငံတွေက လူသိရှင်ကြား တရားဝင် မထိတွေ့သေးတဲ့အပေါ်မှာ သတိပေး တောင်းဆိုလိုက်တာပဲ ဖြစ်တယ်။ တော်လှန်ရေးကာလ လေးနှစ်ကျော်လာတဲ့အထိ ပြည်နိုင်ငံတွေရဲ့ ဆက်ဆံမှုက လူသိရှင်ကြားမဖြစ်သေးဘူး ဆိုတာယုံကြည်မှု မတည်ဆောက်နိုင်သေးတဲ့ သဘောလို့ သတ်မှတ်လို့ ရနိုင်ပါတယ်။ နိုင်ငံတကာမှာ လူသိရှင်ကြား ဆက်ဆံခံရဖို့တောင်းဆိုနေရ သလို ပြည်တွင်းက လက်နက်ကိုင်အင်အားစုတွေ အားလုံးရဲ့ ယုံကြည်ကိုးစားမှုကိုလည်း အပြည့်ဝရမနေသေးပေ။ ဒါ့ကြောင့်လည်း နိုင်ငံတကာရဲ့အကူညီတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ တရားဝင်ထိတွေ့ဆက်ဆံမှုက စစ်ကောင်စီအပေါ်မှာ အလေးသာနေတယ်လို့ ယူဆနိုင်ပါတယ်။ 

လူမျိုးတုန်းပျောက်ကွယ်အောင် လုပ်ခဲ့တာကြောင့် ICC က ဖမ်းမယ်၊ ဆီးမယ်၊ ဝရမ်းထုတ်မယ် လုပ်နေပေမယ့် ဒီဖက်တိုအာဏာနဲ့ တနိုင်ငံလုံးကို ဗုံးကြဲပြီး ပြည်သူအပေါ်ဗိုလ်လုပ်နေနိုင်သေးတဲ့ စစ်ကောင်စီကိုပဲ ပြည်ပနိုင်ငံတွေက တရားဝင် ဆက်သွယ်နေရသေးတာပါပဲ။ သိသာထင်ရှားတဲ့ ဥပမာပြရမယ်ဆိုရင် ရေဘေးကယ်ဆယ်ရေး၊ ငလျင်ဒဏ်ကူညီကယ်ဆယ်ရေးတွေကို စစ်ကောင်စီကတဆင့် ပေးအပ်ရတာပါပဲ။ စစ်ကောင်စီလက်ထဲက ပြည်ပအကူညီတွေ ဘယ်ဆီပေးလိုက်တယ်ဆိုတာ ပွင့်လင်းမြင်သာမှုမရှိ၊ တကယ်လိုအပ်တဲ့ပြည်သူတွေဆီ မရောက်တဲ့ သက်သေတွေ ရှိပေမယ့် စစ်ကောင်စီကလွဲပြီး အခြားသော အဖွဲ့အစည်းတွေမှာ အတားအဆီးဖြစ်နေပါသေးတယ်။ 

လက်ရှိတော်လှန်ရေး ကာလအတွင်းမှာ ပြည်နယ်တခုလုံးနီးပါး သိမ်းထားပြီး စုစည်းမှုအားကောင်းလွန်းတာက အာရက္ခတပ်တော်ပါ။ ဒီဖက်တိုအာဏာ အရလည်း စစ်ကောင်စီကို ပခုံးချင်းယှဉ်လို့ရနေပါပြီ။ ပြည်ပရင်းနှီးမြှုပ်သူလုပ်ငန်းရှင်တွေကိုလည်း အာရက္ခတပ်တော်က တရားဝင်ဖိတ်ခေါ်ထားပေမယ့် အချိန်တိုင်းလေကြောင်းက ဗုံးကျဲနေတဲ့ စစ်ကောင်စီကြောင့် ပြည်ပရင်းနှီးမြှုပ်နှံသူတွေ လာရဲမှာ မဟုတ်ပေ။

စစ်ကောင်စီကလွဲပြီး ရွေးချယ်စရာမသေချာတာကြောင့် အကျိုးစီးပွားအများအပြားရှိတဲ့တရုတ်အစိုးရကလည်း မင်းအောင်လှိုင်ကို မကြိုက်ပေမယ့် စစ်တပ်ရှိတဲ့ဘက်ကိုပဲ ရွေးခဲ့တယ်။ အာဏာရှင်အချင်းချင်း မဟာမိတ်လုပ်နေရတဲ့ ရုရှသမ္မတကလည်း တရုတ်နဲ့အပြိုင်မြန်မာနိုင်ငံမှာ စီမံကိန်းတွေ အကောင်ထည်ဖော်နေပြန်တယ်။ ဒေသတွင်းမှာ တရုတ်ရဲ့လွှမ်းမိုးမခံရအောင် ကြိုးစားနေတဲ့ အိန္ဒိယအစိုးရကလည်း အာဏာသိမ်းအစိုးရ၊ လူတကာရွံတဲ့ စစ်ကောင်စီကိုပဲ တရုတ်နဲ့အပြိုင် မျက်နှာပြပြီး နေရာလုနေရတယ်။

အိမ်နီးချင်းနိုင်ငံတွေက စီးပွားရေး၊ နိုင်ငံရေး နဲ့ ဒေသတွင်း နိုင်ငံအချင်းချင်းရဲ့ ပြဿနာတွေဆွေးနွေးရာမှာလည်း ဒီဖက်တိုအာဏာရထားတဲ့ စစ်ကောင်စီကိုပဲ ရွေးချယ်ကြမှာပါပဲ။ မဖြစ်မနေရွေးရမယ်ဆိုရင်တော့ လက်ရှိယန္တရားလည်ပတ်နေတဲ့ စစ်ကောင်စီကိုပဲ ရွေးချယ်ရအုံးမှာပဲ။ ပြည်သူလူထုက မဲပေးရွေးချယ်ဖူးတဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရတရပ်ပဲဖြစ်ပါစေ၊ လူအခွင့်ရေး၊ တရားမျှတမှုတွေနဲ့ စနစ်တကျတည်ဆောက်ထားတယ်လို့ပဲ ကြွေးကြော်ထားပါစေ ကိုယ်ကျိုးစီးပွားကို အဓိကထားပြီး တရားဝင်ဆက်ဆံတတ်တဲ့ ပြည်ပနိုင်ငံတွေကတော့ သေချာခိုင်မာတဲ့ ဖြစ်တည်မှုကို တောင်းဆိုမှာပါပဲ။

ပြည်သူလူထုက မဲပေးရွေးချယ်ဖူးသူတွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရတရပ်ပဲဖြစ်ပါစေ ပြန့်ကျဲနေတဲ့ လူမျိုးစုလက်နက်ကိုင်တွေရဲ့လိုအပ်ချက်တွေ လိုအင်တွေအတွက် ကတိကဝတ်မပေးနိုင်သေးရင်၊ ယုံကြည်ဖို့အတွက် စွမ်းဆောင်ရည်ပြမထားနိုင်သေးရင်တော့ ပြည်တွင်းအဖွဲ့စည်းတွေက ဘာအတွက်ကြောင့် ဦးစားပေးရွေးချယ်ရမှာလဲ…? 

ကုန်ထုပ်လုပ်မှုနယ်ပယ်မှာ နဂိုကနာမည်ရှိပြီးသား ထုတ်ကုန်က အနိမ့်ဆုံးဖြစ်တဲ့အရည်အသွေးကို ပေးနိုင်တဲ့အချိန်မှာ ကြော်ညာအားကောင်းပြီး အရည်အသွေးကောင်းကောင်းမပြထားနိုင်သေးတဲ့ ထုတ်ကုန်အသစ်ကို စွန့်စားရွေးချယ်ဖို့ သိပ်တော့မဖြစ်နိုင်ပေ။ အားလုံးထဲက ထိုးဖောက်ချင်တယ်ဆိုရင်တော့လှေကြီးထိုး ရိုးရိုးနဲ့တော့ အလုပ်မဖြစ်နိုင်ပေ။ နည်းလမ်းဟောင်းတွေကို စွဲကိုင်ထားပြီး ခေါင်းမာနေရင်လည်း အချိန်ကုန်ရုံသာ ရှိနိုင်ပါလိမ့်မယ်။ တကယ်အလုပ်ဖြစ်မယ့် အတွေးအခေါ် အယူဆကို အကောင်ထည်ဖော်ပြီးကိုယ့်ကိုမရွေးတဲ့သူကို အံကြိတ် တောက်ခေါက်နေရသူအဖြစ်က ပြောင်းလဲဖို့တော့ လိုလာပါပြီ။

#RedNewsAgecny #RNA #RedNews

By RNA Editor