အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းဗုံးကြဲခံရမှု ကွယ်လွန်သူ (၂၄) ဦးထိရှိလာ

RNA_မေ(၁၄)၊၂၀၂၅ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုအတွင်း နေရာတွင် ကွယ်လွန်သူ (၂၂) ဦးရှိသည့်အပြင် ဒဏ်ရာအပြင်းအထန်ရသူများထဲမှ ကလေးငယ် (၂) ဦးထပ်မံ ကွယ်လွန်ခဲ့သည်ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်မှ မေလ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အကျော်က လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် နေရာတွင် ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) ဦး ကွယ်လွန်ခဲ့ရပြီး (၁၀၀) ကျော် ဒဏ်ရာရရှိခဲ့ပြီးနောက် (၁၃) ရက်နေ့နှင့် (၁၄) ရက်နေ့တွင် အသက် (၈) နှစ်နှင့် အသက် (၁၁) နှစ်အရွယ် ကလေးငယ် (၂) ဦးထပ်မံ ကွယ်လွန်ခဲ့သည်။

စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရအမှုအတွင်း ဆရာမ မပန်းမို့မို့ဝေ၊ ဆရာမ မဇင်မာသူနှင့် ကျောင်းသူကျောင်းသားများဖြစ်သော မသက်ထားဝေ (G-11)၊ မမို့မို့ဝင်း (G-10)၊ မောင်မြတ်နိုးမောင်မောင် (G-9)၊ မလှအုံးမယ် (G-7)၊ မမို့မြင့်ဟန် (G-7)၊ မမြတ်နိုးဦး (G-7)၊ မောင်ဇေယျာဖြိုး (G-5)၊ မောင်ချမ်းမြေ့အောင် (G-4)၊ မထက်ရတီထွန်း (G-4)၊ မမွန်မီမီအောင် (G-4)၊ မမိုးဟေကျော် (G-4)၊ မောင်ဖိုးမိုးသွန်း (G-3)၊ မအေးခြင်းစံ (G-3)၊ မဖြိုးဝေဖြိုး (G-3)၊ မချယ်လီမိုး (G-2)၊ မောင်လွှမ်းပိုင်ထက် (G-2)၊ မငြိမ်းရွှေရတီမိုး (G-2)၊ မစုလတ်နိုင် (G-2)၊ မရွှန်းလဲ့ဝေ (G-2)၊ မသွန်းစက်ဖြူ (G-2)၊ မောင်အောင်ဇေယျ (G-2)၊ မပြည့်ပြည့်ငြိမ်း (G-3)တို့ ကွယ်လွန်ခဲ့ရသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

#RedNewsAgency #RNA #RedNews

By RNA Editor