RNA_မေ(၁၂)၊၂၀၂၅ခုနှစ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၅၀) နှင့် အမြှောက်တပ်မှ ပူးပေါင်းအင်အား ၁၀၀ ခန့်သည် ဂန့်ဂေါမြို့တောင်ဘက် ၅ မိုင်ခန့်အကွာရှိ လယ်မကျေးရွာသို့ ယနေ့ (မေလ ၁၂ ရက်) နံနက်စောစော ၁ နာရီခန့်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကလေးငယ် (၄) ဦးအပါအဝင် ပြည်သူ (၁၁) ဦးကိုသတ်ဖြတ်ပြီး (၂၃) ဦးကိုဖမ်းဆီးသွားကြောင်း သိရသည်။
လယ်မကျေးရွာ မြောက်ပိုင်းသို့ ဝင်ရောက်လာပြီးနောက် သေနတ်များပစ်ဖောက် ဖမ်းဆီးပြီးနှိပ်စက်ကာ မှိုင်းဝေ ၁၃ နှစ်၊ သျှန်ထွန်း ၁၂ နှစ် ( ၇ တန်းကျောင်းသား)၊ သီဟလင်း ၁၅ နှစ် (၉ တန်းကျောင်းသား)၊ မျိုးသီဟ ၁၅ နှစ် (၉ တန်းကျောင်းသား)၊ ကျော်စန်းခိုင် ၂၄ နှစ်၊ သက်ပိုင်ဦး ၂၃ နှစ်၊ အောင်ကြည်မင်း ၃၉ နှစ်၊ နေလင်းဦး ၂၅ နှစ်၊ ညီလေး ၂၇ နှစ်၊ ဂျွန်ဂိုဝင်း ၁၉ နှစ်၊ ကျော်မြတ်သူ ၁၉ နှစ်တို့ကို ပစ်ခတ်သတ်ဖြတ်သွားခဲ့သည်ဟု ယောအလင်းတန်းအဖွဲ့ ကိုဘကောင်းထံမှ သိရသည်။
“လယ်မရွာမှာ အရင်က စခစစ်ကြောင်းကနေ စိတ်ကျန်းမာရေးမကောင်းသူတစ်ယောက်ဘဲ အသတ်ခံရဖူးတာ။ ခုလိုကြီး အများကြီး အသတ်ခံလိုက်ရတာရော အဖမ်းခံရတာတွေရောကြောင့် တစ်ရွာလုံးက ထိတ်လန့်သွားကြပြီး ရွာထဲမှာ မနေရဲလောက်အောင်ကိုဖြစ်သွားကြပြီ။ ဒီလိုအဖြစ်အပျက်မျိုးကို နောက်နောင် မြင်လဲ မမြင်ချင်၊ ကြားလဲ မကြားချင်တော့ဘူး။ တော်လှန်ရေးလဲ အမြန်ဆုံး ပြီးစေချင်ပြီ” ဟု ဒေသခံတစ်ဦးက ယောအလင်းတန်းကို ပြောကြားထားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းသည် လယ်မကျေးရွာမှ ပြည်သူ ၁၁ ဦးအားသတ်ဖြတ်ပြီးနောက် ပြည်သူ ၂၃ ဦးအား ဖမ်းဆီးကာ ပြည့်ဝရွာ အမြှောက်တပ်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခံရသူ ၂၃ ဦးအနက်မှ ၁၃ ဦးအား မေလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ဆက်လက်ဖမ်းဆီးခံထားရသော အမျိုးသား ၇ ဦး၊ အမျိုးသမီး ၃ ဦးတို့ကို ဂန့်ဂေါမြို့ ခလရ ၅၀ တပ်အတွင်းသို့ ခေါ်ဆောင်သွားသည်ဟု သိရသည်။
#RedNewsAgency #REDNEWS #RNA