တရုတ်ကျေးဇူးနဲ့ ဖုန်ရှုနေရတဲ့ မင်းအောင်လှိုင်နဲ့တပ်လော်ဘီများ

“အခုလည်းကြည့်ပါအုံး တရုတ်အားကိုးနဲ့ စစ်လော်ဘီတွေ ဝိုင်းပင့်နေကြတာပါ။ တစ်ကယ်သာ တိုက်ကျစတမ်းဆိုရင် မင်းအောင်လှိုင်တပ်အနေနဲ့ မင်းအောင်လှိုင်တစ်သက် ပြန်ရဖို့မရှိပါဘူး။ မြောက်ပိုင်းတခွင်လုံးဟာ တော်လှန်ရေးအဖွဲ့အစည်းတွေအောက်မှာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်ပြန်တိုက်ယူနိုင်တဲ့ နေရာရယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေထဲက ဘယ်မြို့များရှိလို့လဲ”

ပင်လယ်သူ

လာရှိုးပြန်ပေးရတဲ့ ကိစ္စအတွက် တော်လှန်ပြည်သူတွေအနေနဲ့ ဘဝင်မကျမှု၊ ခံပြင်းမှုများစွာဖြစ်ပေါ်နေမှုများ ရှိနေတာကိုတွေ့ရသလို တပ်ထောက်ခံသူများ၊ အမျိုးဘာသာသာသနာကို ဦးထိပ်ထားပါတယ်ဆိုတဲ့ အမျိုးသားရေး ဝါဒီသမားတွေကလည်း ကျေနပ်သူရှိသလို၊ မကျေနပ်သူများလည်း ရှိနေပါတယ်။ ဒါဟာ လက်ရှိ လားရှိုးနဲ့ပတ်သတ်ပြီး မြင်တွေ့ရတဲ့ လူမှုကွန်ရက်‌ပေါ် စိတ်ခံစားချက်တွေ ဖြစ်ပါတယ်။

ဒီနေရာမှာ ပထမဆုံး တပ်ထောက်ခံသူများအနေနဲ့ လာရှိုးပြန်ရပြီ၊တပ်မတော်သားတွေ မြို့ထဲ ပြန်ဝင်ကြောင်းပြောဆိုနေပေမယ့် တစ်ကယ်တွက်ကြည့်မယ်ဆိုရင်တော့ မင်းအောင်လှိုင်အတွက် သမိုင်းဆိုးကြီးဆိုတာကိုလည်း စစ်လော်ဘီတွေ သိမယ်ထင်ပါတယ်။ ဘာလို့လည်းဆိုရင် ရှမ်းမြောက်တိုက်ပွဲတွေမှာ စစ်တပ်ဘက်က အရည်အချင်းမရှိ၊ သူရဲဘော ကြောင်ခဲ့တဲ့အတွက် စစ်သုံ့ပန်းများစွာ ဖမ်းဆီးခံခဲ့ကြရတယ်။ လက်နက်ခဲယမ်းတွေဟာ လားရှိုးမြို့နှင့်အတူ ဒကစ ခြောက်ခုထဲမှာ အခိုင်မာဆုံးဖြစ်တဲ့ လောက်ကိုင်ဒကစကိုပါ လက်လွှတ်လိုက်ရတဲ့အတွက် ရုံးထိုင်စရာပါပျောက်သွားရတဲ့အထိ ဖြစ်သွားရတဲ့ဖြစ်စဉ်ဟာ မင်းအောင်လှိုင် လက်ထက်မှာ သမိုင်းဆိုးနဲ့ ကျန်ခဲ့မဲ့ စစ်တပ်ဖြစ်ပါတယ်။


အခုလည်းကြည့်ပါအုံး တရုတ်အားကိုးနဲ့ စစ်လော်ဘီတွေ ဝိုင်းပင့်နေကြတာပါ။ တစ်ကယ်သာ တိုက်ကျစတမ်းဆိုရင် မင်းအောင်လှိုင်တပ်အနေနဲ့ မင်းအောင်လှိုင်တစ်သက် ပြန်ရဖို့မရှိပါဘူး။ မြောက်ပိုင်းတခွင်လုံးဟာ တော်လှန်ရေးအဖွဲ့အစည်းတွေအောက်မှာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်ပြန်တိုက်ယူနိုင်တဲ့ နေရာရယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေထဲက ဘယ်မြို့များရှိလို့လဲ။ ပြန်လည်တိုက်ယူနိုင်စွမ်း မရှိတဲ့အတွက် ရှေ့ပိုင်းမှာ တရုတ်အကူအညီနဲ့ ညီနောင်မဟာမိတ်များကို စစ်ကောင်စီဟာ အကြိမ်ကြိမ်အခါခါဆွေးနွေးခဲ့ရတာပါ။ ဒီဆွေးနွေးပွဲတွေမှာလည်း ညီနောင်မဟာမိတ်တွေက အမြဲအသာစီးရခဲ့လို့ စစ်တပ်လိုချင်တာ တခုမှမအောင်မြင်ခဲ့တဲ့ ဆေးနွေးပွဲတွေဆိုတာ အားလုံးအသိဖြစ်တယ်။


၁၀၂၇ ပထမလှိုင်းမှာ အထိနာပြီးနောက် စစ်တပ်ဟာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့အနောက်မှာ တရုတ်ဟာ ပံ့ပိုးကူညီနေပြီး ကျူးကျော်စစ်ပုံစံနဲ့ မြန်မာနိုင်ငံကို နယ်ချဲ့ကြောင်း စစ်ကောင်စီမီဒီယာတွေကနေ စွပ်စွဲပြစ်တင်ခဲ့သလို စစ်လော်ဘီတွေကလည်း ဆန္ဒထုတ်ဖော်စွပ်စွဲပြစ်တင်ကြပါတယ်။ တရုတ်သံရုံးပေ့ချ်အောက်မှာပါ အစုလိုက်အဖွဲ့လိုက် မန့်ခဲ့ကြပါတယ်။ ၂၀၂၇ ဒုတိယလှိုင်းမှာ ဆိုးဆိုးရွားရွား ထပ်မံအထိနာခဲ့ပြီးသမိုင်းတင်ခံရမယ့်ရှုံးနိမ့်မှုတွေ ထပ်ကြုံလာရချိန်မှာ စစ်ကောင်စီဟာ စစ်လော်ဘီတွေကနေတစ်ဆင့် လမ်းမထက်ပေါ် တရုတ်ဆန့်ကျင်ရေးဆန္ဒပြမှုတွေလုပ်ခဲ့ကြတယ်။ တရုတ်ကျူးကျော်စစ်လို့ စစ်လော်ဘီတွေကတဆင့် စစ်အုပ်စုဟာ အတိအလင်း ထုတ်‌ဖော်ပြောကြားပြီး တရုတ်ဆန့်ကျင်ရေးတွေ အများအပြား ဆော်ဩခဲ့ကြပါတယ်။

မင်းအောင်လှိုင်ကိုယ်တိုင် ၎င်းတို့ပိုင် ရုပ်သံဌာနတွေကနေ ရှေ့ထွက်လာပြီး ရှမ်းမြောက် EROs တွေအပေါ် တရုတ်က လက်နက်နဲ့ နည်းပညာပိုင်း အများအပြား ထောက်ပံ့ပေးခဲ့တယ်လို့ တရုတ်အပေါ် စွပ်စွဲပြစ်တင်မှုတွေ အများအပြား ပြောဆိုခဲ့ပါတယ်။ အဲဒါကိုပဲ တရုတ်ဘာသာနဲ့ စာတန်းထိုးကာ လူသိရှင်ကြား တရုတ်ကျူးကျော်စစ်ပြုလုပ်တယ်ဆိုပြီး ပေါ်လွင်အောင် တစ်ဖက်လှည့်နဲ့ ပြောဆိုပြီး ပြည်သူလူထုကို သိစေခဲ့ပါတယ်။

စစ်ကောင်စီဟာ တရုတ်ကို အပုတ်ချခဲ့ပြီးမှ စစ်လော်ဘီတွေက ဘက်ပေါင်းစုံကနေ ပြစ်တင်ဝေဖန်မှုတွေ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ မျိုးစုံလုပ်ပြီးမှ အခုတော့ တရုတ်ကို ကျေးဇူးရှင်ကြီးလို လုပ်ပြနေပြန်ပါတယ်။လာရှိုးပြန်ရခဲ့ခြင်းက ဘယ်လိုနည်းနဲ့တွေးတွေး ကျည်ဖောက်စရာမလိုဘဲ ရယူနိုင်ခဲ့ခြင်းဟာ နှလုံးရည်ဖြင့်ရခဲ့ကြောင်း စစ်တပ်ထောက်ခံသူနဲ့ လော်ဘီတွေကတော့ မချိတင်ကဲ ဂုဏ်လုပ်ပြောဆိုနေကြပါတယ်။ အဲဒီလော်ဘီတွေရဲ့ ပြောဆိုမှုာက်မှာ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်အတွက်မြန်မာနိုင်ငံရဲ့ပိုင်ဆိုင်မှု ဘယ်အရာတွေဖြင့်လဲလှယ်လိုက်ခြင်းဖြစ်သလဲဆိုတာ ဘယ်သူမှ မသိရသလို ထုတ်ဖော်ပြောဆိုမှုမရှိတာဟာ ထူးခြားပါတယ်။

ဘာကြောင့်လဲဆိုရင် စီးပွားရေးအင်အားကြီး တရုတ်ဟာ သူ့အတွက်ဘာအကျိုးခံစားခွင့်မှ မရယူဘဲ ယခုလို ကြားဝင်ဖြေရှင်းပေးမှာ မဟုတ်တာ သူငယ်နှပ်စား ကလေးသူငယ်များရဲ့ ဦးနှောက်လောက်ပင် တွေးဆနိုင်ပါလိမ့်မယ်။ စီးပွားရေးအင်အားကြီး တရုတ်ရဲ့အလိုကျ လိုက်လျောမှုမှာ သေချာတာကတော့ အာဏာသိမ်းစစ်အုပ်စုဟာ သူတို့ပိုင်ဆိုင်မှုများထဲက အပါမခံတဲ့ နိုင်ငံရဲ့ပိုင်ဆိုင်မှုများထဲမှ ဖဲ့ပေးရခြင်းကတော့ သေချာနေပါတယ်။ တရုတ်စီးပွားရေးကလည်း မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ပေါင်းပြီး နှစ်ပေါင်းများစွာ လုပ်လာခဲ့တာပါ။ မြစ်ဆုံးစီမံကိန်းက အားလုံးအသိဖြစ်တယ်။ ကြေးနီတောင်လိုနေရာမျိုးမှာ အခုထိ ပြည်သူတွေကို ဒုက္ခပေးနေပြီးတော့ အခုတိုက်ပွဲဖြစ်နေတဲ့ ကျောက်ဖြူက စီမံကိန်းတွေမှာလည်း တရုတ်ရဲ့အကျိုးစီးပွားတွေက အများကြီးရှိနေတာပါ။

၂၀၂၅ ခုနှစ် ဧပြီ ၁၉ ရက်ကတည်းက လားရှိုးမြို့ကို ရောက်နေတဲ့ တရုတ်ကိုယ်စားလှယ် တိန့်ရှီကျွင်း ဦးဆောင်တဲ့အဖွဲ့ဟာ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးအဖွဲ့ကို ဖွဲ့ထားပြီးတော့ စစ်တပ်၊ ရဲ၊ စရဖနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ နေရာချပေးနေတယ်လို့ အဲဒီမှာရောက်နေတဲ့ ခမရ တပ်ရင်းတခုက ပြောပါတယ်။ ဧပြီ ၂၀ ရက် ပြင်ဦးလွင်တပ်နယ်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ မင်းအောင်လှိုင်က လားရှိုးမြို့အတွင်း တပ်နေရာချရေး ကိစ္စမှာ တရုတ်ကိုယ်စားလှယ်ဦးဆောင်နေတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး တပ်တွင်းမကျေနပ်မှုများ ဖြစ်ပေါ်တာကြောင့် တရုတ်မကောင်းကြောင်းမပြောရန်နဲ့ ကျေးဇူးရှင်ကို စော်ကားမှုမပြုလုပ်ရန် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

မင်းအောင်လှိုင်တို့အတွက်တော့ တရုတ်ဟာ ကျေးဇူးရှင်ဖြစ်သွားရပြန်ပါပြီ။ ဘယ်လောက်အထိလဲဆိုရင် လားရှိုးမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံတွေဟာ တရုတ်ကိုယ်စားလှယ်အဖွဲ့က ပြောသမျှနားထောင်ပြီးတော့ လမ်းညွှန်ချက်တွေအကုန်လိုက်နာပြီးတော့ တရုတ်အဖွဲ့ စိတ်ငြိုချင်အောင် မလုပ်ဖို့အထိ အမိန့်ပေးခံထားရပြီးတော့ တရုတ်အဖွဲ့ကသာ ငြိုငြင်မယ်ဆိုရင် စစ်ကောင်စီလက်အောက်ခံတွေဟာ စုံခုံဖွဲ့အစစ်ခံရပြီးတော့ ဇာတ်တူသားစားခံရမှာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ လားရှိုးကို ပြန်ပြီးနေရာယူတယ်ဆိုတာ အင်အား (၃၀၀) ကိုပဲ လက်ခံထားတာပါ။ ကားတန်းတွေနဲ့ ဝင်လာပြီလို့ အားလုံးကို သေနတ်တချက်မဖောက်ပဲ နှလုံးရည်နဲ့ သိမ်းနိုင်ပြီတို့ပြောပြီး တင်နေတဲ့ စစ်ကောင်စီလော်ဘီတွေ မသိသေးတာက လားရှိုးကို တရုတ်က ထိမ်းချုပ်ထားပြီး စစ်ကောင်စီတပ်က ဟန်ပြ မြို့စောင့်တပ်အဆင့်လောက်ပဲ ဖြစ်နေမယ်ဆိုတာပါပဲ။ ဒါကိုကြည့်ရင် မင်းအောင်လှိုင်ရဲ့ လားရှိုးဆိုတာကြီးက တရုတ်ရဲ့ ကစားကွင်းဖြစ်သွားပြီး တရုတ်လက်အောက်ခံ ဖြစ်သွားခြင်းကို ဖော်ညွှန်းနေပါတယ်။ မင်းအောင်လှိုင်အကြံထဲမှာတော့ ရွေးကောက်ပွဲ လုပ်ရရင်ပြီးရောဆိုတာမျိုး ပါနိုင်ပါတယ်။


တရုတ်ရဲ့ဖိအားကြောင့် MNDAAဟာ လာရှိုးပြန်ပေးလိုက်ပြီး ကိုယ့်အရည်အချင်းနဲ့ ပြန်လည်တိုက်ယူနိုင်ခြင်းမရှိတဲ့ စစ်ရှုံးကောင်စီအတွက် အောင်ပွဲရစစ်သည်တော်များအသွင်ဖြင့် မဝင်ရဲတာကို တွေ့ရကြပါလိမ့်မယ်။ ယာဉ်တန်းအများအပြားအသုံးပြုပြီး ထောက်ခံသူများ အားတက်စရာအဖြစ် အရှက်ပြေလုပ်ဆောင်ပြလိုက်ပေမယ့် ရုံးသုံးပစ္စည်းများ အဓိကထားသယ်ယူရပြီး အင်အားအနည်းငယ်သာ အဝင်ခံခြင်းကြောင့် စစ်ကားများမှာ အမိုးအကာများ လုံခြုံစွာချထားပြီး သူခိုးဝင်ခြင်းမျိုးဖြင့် ဝင်ရောက်လာခြင်းပုံပမာ ဖြစ်နေပါတယ်။ တကယ်တော့ လားရှိုးပြန်ရတယ်ဆိုတဲ့ မင်းအောင်လှိုင်တို့အတွက် အတောင်လေး ရှက်စရာကောင်းလှပါတယ်။

အဲဒါတွေအပြင် စစ်ကောင်စီဟာ လက်နက်ခဲယမ်းအမြောက်အများဆုံးရှုံးခဲ့ရမှုနဲ့အတူ ဧပြီလ ၂၁ ရက် နေ့မှာ စစ်‌ကောင်စီတပ်၊ MNDAA တပ်ဖွဲ့၊ တရုတ်အစိုးရ အထူးကိုယ်စားလှယ်တွေရဲ့ရှေ့မှာ MNDAA တပ်ဖွဲ့ ဘက်က လားရှိုးအကျဉ်းထောင်ကို ဖွင့်ပေးလိုက်ပြီး ဖမ်းဆီးခံထားရတဲ့ လက်ကျန် စစ်သုံ့ပန်းကလွဲလို့ အခြားအကျဉ်းသားအားလုံးကိုလွှတ်ပေးလိုက်ရပါတယ်။ စစ်သုံ့ပန်းတချို့ကိုဆက်လက် ထိမ်းသိမ်းထားဖို့ လောက်ကိုင်ကို ခေါ်ဆောင်ခဲ့တာကြောင့်စစ်သုံ့ပန်းတွေလည်း မရရှိတဲ့ တရုတ်အကူအညီနဲ့ အမည်ခံရယူနိုင်တဲ့ အခွံသာရယူလိုက်ခြင်းမျိုး ဖြစ်ပါတယ်။

နောက်တစ်ချက်က အမျိုးဘာသာသာသနာ ဦးထိပ်ပန်သူ အမျိုးသားရေးဝါဒီသမားများအနေဖြင့် ပေါက်ကွဲမှု၊ မကျေနပ်မှုများမြင်တွေ့ရတဲ့အခါ ဒါဟာဖြစ်သင့်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် မင်းအောင်လှိုင်ကိုယ်တိုင်က စစ်ရှုံးခဲ့ချိန်မှာ ကျူးကျော်စစ်ပါဆိုပြီး ထုတ်ဖော်ပြောဆိုခဲ့ပြီး ပြန်လည်တိုက်ယူနိုင်ခြင်း မရှိ၊ ညှိနှိုင်းမှု အကြိမ်ကြိမ်အခါခါ ပြုလုပ်သော်လည်း လက်မခံတဲ့ဖြစ်ရပ်များ ရှိထားခဲ့ရာကနေ အခုလားရှိုးပြန်ရခြင်းအပေါ် ကျည်ဖောက်စရာမလိုပဲ ပြန်ရယူခြင်းဟာ အပေါ်မှာ ဖော်ပြခဲ့တဲ့ တရုတ်ကြားဝင်လုပ်ရပ်များအရ စစ်ကောင်စီကို အပြည့်အဝလုပ်ပိုင်ခွင့် ရမှာမဟုတ်တဲ့ တရုတ်ရဲ့ ကြိုးကိုင်ခြယ်လှယ်မှုခံရမယ့် လားရှိုးအဖြစ် အရိပ်အငွေများ မြင်နေရပါတယ်။

တော်လှန်ပြည်သူများအနေနဲ့ တိုက်မယူနိုင်တဲ့ စစ်ကောင်စီတပ်သားများရဲ့ စစ်‌ရေးစွမ်းရည် တရားဝင်ဝန်ခံလိုက်မှုကို မြင်ရခြင်း၊ တရုတ်အကူအညီနဲ့ အကြိမ်ကြိမ်အခါခါ ကြားဝင်ညှိနှိုင်းတောင်းယူသော်လည်း ပေးချင်တဲ့ ဆန္ဒသာ အမှန်တကယ်ရှိပါက ပထမဆုံးအကြိမ်နဲ့တင် MNDAAက ပေးမှာဖြစ်ပါတယ်။ အခုမှပေးရခြင်းမှာ ဘယ်လိုလှည့်ကွက်ရှိမလဲဆိုတာ စစ်ရေးအရ ခန့်မှန်းရခက်ပါတယ်။ လာရှိုးကိုအပေးပြပြီး MNDAAဟာ ညီနောင်မဟာမိတ်ကို ၃ဖွဲ့ပေါင်း ဖွဲ့စည်းထားတဲ့အတွက် တစ်ကောင်ကျွေးပြီး အခြားတဖက်မှာ ဘယ်နှကောင် ပြန်စားမလဲ/ ပြန်စားနေတဲ့ထဲ ပါဝင်နေလဲဆိုတာလည်း ဘယ်သူမှမသိနိုင်ပါဘူး။ နောက်ပြီးတော့ ၁၀၂၇ ရဲ့အောင်ပွဲတွေဟာလည်း သမိုင်းတစ်လျှောက်တည်ရှိနေမှာပါ။ လားရှိုးတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ အခြားသောတပ်ရင်း တပ်ဖွဲ့ မဟာမိတ်တွေအနေနဲ့လည်း MNDAA ရဲ့ လားရှိုးလုပ်ရပ်အပေါ်မှာ တခုခုသိထားရလို့သာ ဘာအသံမှ မထွက်ပဲ ရှေ့ကိုပဲ ဆက်သွားနေကြတာဖြစ်ပါတယ်။


မြောက်ပိုင်း ညီနောင် (၃) ဖွဲ့ထဲက အာရက္ခတပ်တော်- AAရဲ့ တိုက်ပွဲများ မနားတမ်း ထိုးစစ်ဆင်နိုင်မှုအင်အား၊ နောက်တစ်ချက် ဧပြီ ၁ ရက်နေ့မှာ ငလျင်ဒဏ်ကြောင့် ညီနောင်မဟာမိတ် ၃ဖွဲ့ပေါင်းပြီး ထိုးစစ်ရပ်နားကြောင်းစာ ထုတ်လိုက်မှုဟာ ပူးပေါင်းဝင်တိုက်နေကြောင်း သိသာနေခြင်းနဲ့အတူ ဧပြီ ၁၀ ရက်နေ့ အာရက္ခတပ်တော် ၁၆ နှစ်ပြည့် တပ်တော်နေ့မှာ ပေးပို့ခဲ့တဲ့ သဝဏ်လွှာရဲ့အဆုံးမှာတော့ “မိမိတို့ ညီနောင်မဟာမိတ် ၃ ဖွဲ့သည် အခက်အခဲဖိအားပေါင်းစုံကို နည်းလမ်းမျိုးစုံဖြင့် ညီညွတ်စွာ အတူတကွ ဖြတ်ကျော်ပြီး ၁၀၂၇ စစ်ဆင်ရေး စီမံချက်လှိုင်းများနှင့်အတူတော်လှန်ရေးအောင်ပွဲရောက်ရှိသည်အထိ ခိုင်မာသော ညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ပါမည်ဟု အလေးအနက် ကတိပြုပါသည်” ဟု ထုတ်ပြန်ပါတယ်။

ဒီအချက်အတွေကို ကြည့်ပါက စစ်အာဏာရှင် အမြစ်ပြတ်ဖို့ တိုက်ပွဲဝင်တဲ့ ကာလအတွင်း စစ်ရေး ပရိယာယ်ကြွယ်ဝမှုကို ခန့်မှန်းဖို့ မလွယ်ကူနိုင်တဲ့ အကြောင်းအရာများရှိနေပါတယ်။ နောက်တခုက မြောက်ပိုင်း ညီနောင်မဟာမိတ် (၃) နဲ့အတူ မဟာမိတ်ပြုလုပ်ထားတဲ့ အခြားသော တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေရှိနေတယ်ဆိုတာ သတိချပ်ရမှာပါ။ လက်ရှိအချိန်ထိ စွမ်းရည်ပြည့်ဝတဲ့ တော်လှန်တပ်ဖွဲ့များရဲ့အောင်ပွဲများက ဆက်လက်ရရှိနေတာကြောင့် တော်လှန်ပြည်သူများ စိတ်ပျက်စရာမလိုပဲ နိုင်ရာတာဝန်ဖြင့် ဆက်လက်ချီတက်ကြပြီး ပရိယာယ်ကြွယ်ဝလှတဲ့ စစ်ရေးကစားကွက်ကို အသာစီးက စောင့်ကြည့်ရမည်ဖြစ်ပါတယ်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

#RedNewsAgency #REDNEWS #RNA

By RNA Editor