RNA_ဧပြီ(၂၀)၊၂၀၂၅ခုနှစ်။
မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် မတ်လ (၂၈) ရက်နေ့က လှုပ်ခတ်ခဲ့သော် ငလျင်ဘေးကြောင့် နိုင်ငံရေးအကျဉ်းသား (၁၀)ဦး၊ နိုင်ငံရေးအကျဉ်းသူ (၁၀) ဦးတို့အပါအဝင် အကျဉ်းသူ/အကျဉ်းသား စုစုပေါင်း (၃၀) ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂၈၀) ဦးကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများနှင့် သက်ဆိုင်သော အဖွဲ့အစည်း (၇) ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။
စစ်ကိုင်းငလျင်ကြေင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နှင့် အင်းလေးဒေသစသည်တို့တွင် ထိခိုက်ပျက်စီးမှုများစွာရှိခဲ့သော်လည်း စစ်ကောင်စီက ဧပြီလ ၁၄ ရက်နေ့တွင် ငလျင်ကြောင့် ဆုံးသူ (၃၇၀၆) ဦး၊ ဒဏ်ရာရရှိသူ (၅၀၂၇) ဦးနှင့် ပျောက်ဆုံးသူ (၁၃၀) ဦးရှိသည်ဟု ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီထုတ်ပြန်ချက်ထက်ပိုများနိုင်ပြီး၊ အိုးဘိုထောင်တွင်းနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်းမရှိကြောင်း တွေ့ရှိရသည်။
မန္တလေးမြို့သည် ငလျင်ဘေးကြောင့် လူသေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုအများအပြားဖြစ်ခဲ့သော်လည်း စစ်ကောင်စီသည် အိုးဘိုအကျဉ်းထောင်နှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားကြောင်း၊ အိုးဘိုထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသူ/သားများသည် ငလျင်ကပ်ဘေးကို ဆိုးရွားစွာ ထိခိုက်ခံစားခဲ့ကြရသော်လည်း ယခုအချိန်ထိ ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ လူသားချင်းစာနာထောက်ထားမှု အကုအညီမရရှိကြသည့်အပြင် စစ်ကောင်စီက သတင်းအမှောင်ချခံထားရသည့် အခြေအနေရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်သည့်အခြေအနေများနှင့် အိုးဘိုထောင်အတွင်း ငလျင်ဘေးကြောင့် သေဆုံးခဲ့ရသော အခြေအနေများနှင့် ပတ်သက်ပြီး PPNM၊ AAPP၊ KPPA၊ WOPP၊ FPPS၊ “နွေဦးတမာန်” နိုင်/ကျဉ်းကူညီစောင့်ရှောက်ရေးအဖွဲ့၊ ထောင်ဝင်စာပို့ကြမယ် အဖွဲ့တို့ စုပေါင်းပြီး ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါတယ်။ Link ကို နှိပ်ပါ >>> https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA