“စစ်ကောင်စီအတွက်တော့ “မှန်းချက်နဲ့ နှမ်းထွက် မကိုက်” ဖြစ်သွားခဲ့ပါတယ်။ ဖြူဖြူထွေး တင်လိုက်တဲ့ ကြော်ငြာရုပ်သံကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပုံရိပ်ကျဆင်းဖို့ တရားဝင်လှောင်ပြောင်ဖို့ ဖန်တီးခဲ့တယ်။ အချုပ်နှောင်က ပြန်လွှတ်ဖို့ တောင်းဆိုမှုတွေကိုလျစ်လျူရှုပြီး လူအမြင်မတင့်တယ်တဲ့ ပုံဖျက်မှုနဲ့ သိက္ခာချခဲ့တယ်”
ရန်ုနိင်
အခုရက်ပိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဆိုတဲ့ သတင်းစကားတွေနဲ့ နိုင်ငံတကာအာရုံစိုက်မှုတွေ အားကောင်းလာခဲ့ပါတယ်။ တော်လှန်ရေး အောင်မြင်မှုတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ဆိုတဲ့ တောင်းဆိုမှုတွေ ပိုမိုအသံထွက်လာတာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ဖို့ စက်တင်ဘာလကတည်းက တောင်းဆိုခဲ့ပါတယ်။ ဗာတီကန် နန်းတော်မှာ လာရောက်ခိုလှုံနေဖို့အထိ အလေးအနက်ထားပြီး တောင်းဆိုခဲ့တယ်။
“ဒေါ်အောင်ဆန်းစုကြည် ကိုလွှတ်ပေးပြီး သူသားနဲ့ ရောမမြို့မှာတွေ့ဆုံနိုင်ဖို့ တောင်းဆိုပါတယ်။ ဗာတီကန်မှာ လက်ခံထားဖို့လည်း အဆိုပြုထားတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ၁၂ ရက်ကြာ အရှေ့တောင်အာရှခရီးစဉ်အတွင်း ဘရင်ဂျီဂိုဏ်းဝင်တွေနဲ့ သီးသန့်တွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့ပါတယ်။
ဒီဇင်ဘာ တတိယပတ်မှာတော့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဝီလျံဟိဂ်၊ မယ်ကွမ်ရဖ်ကင်းနဲ့ ဂျက်ခ်စတော တို့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ တောင်းဆိုခဲ့ပါတယ်။ The Rise and Fall of Aung San Su Kyi လို့အမည်ရတဲ့ (မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဘဝအနိမ့်အမြင့် အတက်အကျတွေကို ပုံဖော်ရိုက်ကူးထားတဲ့) သမိုင်းဝင် မှတ်တမ်း ရုပ်ရှင်ဇာတ်ကားသစ် စာနယ်ဇင်း မိတ်ဆက်ပွဲမှာ တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဘလာခရစ်ရှ်နန်ကလည်း မြန်မာ့အရေးဖြေရှင်းဖို့ အဓိကကျတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ လိုအပ်တယ်လို့ တောင်းဆိုခဲ့ပါတယ်။ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့်မပြုခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ “မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲ” မှာ တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း(ခေါ်) ကင်မ်အဲရစ် Kim Aris ကလည်း ဒီဇင်ဘာ ၂၁ ရက်နေ့က ထပ်မံ တောင်းဆိုခဲ့တယ်။ “မေမေ” ဆိုတဲ့ မြန်မာစကားဖြင့် ခေါ်ခဲ့ပါတယ်။ “မေမေဟာ ပင်ပန်းနွမ်းနယ်လှပါပြီ၊ ကျန်းမာရေး မကောင်းတဲ့အတွက် သူ့ကိုပြန်လွှတ်ပေးဖို့ အလေးအနက် မေတ္တာရပ်ခံ ထပ်မံတောင်းဆို လိုက်ပါတယ်” လို့ ကင်မ်အဲရစ်က ပြောခဲ့ပါတယ်။
လာမယ့် လွတ်လပ်ရေးနေ့မှာလည်း နှစ်စဉ်လွတ်ငြိမ်းချမ်းသာခွင့်ပေးရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့အတွက် စစ်ကောင်စီ ပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့နဲ့ လွှတ်ပေးဖို့ ဆိုတဲ့ တောင်းဆိုချက်တွေက နိုင်ငံတကာအသိုက်ဝန်း သာမက ပြည်သူလူထုကြားမှာ ပြန်လည်ပြီးထင်ရှားလာခဲ့တယ်။ “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး” ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက်မှာပဲ တိုက်ဆိုင်စွာနဲ့ ဆိုရှယ်မီဒီယာ ဆယ်လီတစ်ယောက် ဖြစ်တဲ့ “ဖြူဖြူထွေး” ရဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံရိပ်ကို ထိခိုက်ဖို့ရည်ရွယ်တဲ့ ကြော်ငြာတစ်ခုက ပျံ့နှံ့ခဲ့ပါတယ်။
ဒီကြော်ငြာရုပ်သံ ထွက်လာပြီးနောက်ပိုင်းမှာ လူထုကြားမှာ ဝေဖန်မှုတွေ ပြင်းထန်လာခဲ့တယ်။ “ဖြူဖြူထွေး” ကို ဦးတည်ခိုက်တဲ့ သူတွေရှိသလို စစ်ကောင်စီရဲ့ လုပ်ကွက်တွေကို သိနေတဲ့ပြည်သူတွေကလည်း ဒီသတင်းက စစ်ကောင်စီရဲ့ ယတြာချေတိုက်ခိုက်မှုလို့ သတ်မှတ်ခဲ့ကြတယ်။ လူထုကြားမှာ ပြင်းပြင်းထန်ထန်ဝေဖန်လာတဲ့ နောက်မှာတော့ ကာယကံရှင် ဖြူဖြူထွေးက တောင်းပန်တဲ့ ရုပ်သံကို တင်ခဲ့ပါတယ်။ ကြော်ငြာရုပ်သံကို ကြည့်လိုက်ရုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချ တိုက်ခိုက် မှုဆိုတာ ငြင်းလို့မရအောင် သိသာပေမယ့် ဖြူဖြူထွေးကတော့ ရည်ရွယ်ချက်မရှိတဲ့ အမှားပါလို့ ငြင်းဆန်ခဲ့ ပါတယ်။
ပြည်သူလူထုရဲ့ အပြစ်တင်ဝေဖန်မှုတွေနဲ့ ဆယ်လီဖြစ်လာတဲ့ ဖြူဖြူထွေးက ဒေါ်အောင်ဆန်းစုကြည်ကို ပုံဖျက် ဝါဒဖြန့်မှာကို သိရက်နဲ့ ကြော်ငြာ ရိုက်ခဲ့တာလို့ အများစုက ထောက်ပြကြပါတယ်။ ပြည်သူတွေရဲ့ အပြစ်တင်ကဲ့ရဲ့မှုတွေကို မျက်နှာပြောင်တိုက်ပြီး လူသိများလာအောင် လုပ်ခဲ့သူဖြစ်တာကြောင့် အပြစ်တင်သူတွေကို မျက်နှာအောက်ချ တောင်းပန်ဖို့လည်း ပြင်ထားသူဖြစ်တယ်လို့ ထောက်ပြသူတွေ လည်း ရှိကြပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စဉ်ကလည်း အဆိုတော် ယုန်လေးက ဒေါ်အောင်ဆန်းစုကြည်ကို ပုံဖျက်တဲ့ ရုပ်ရှင်ကားရိုက်ကူးဖြန့်ဝေခဲ့တယ်။ ပြည်သူတွေ အပြင်းအထန်ဝေဖန် လာတဲ့နောက်မှာတော့ ယုန်လေးက ယခုဖြူဖြူထွေးလိုပဲ မျက်နှာအောက်ချပြီး တောင်းပန်ခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ လက်ရှိအချိန်ထိလည်း ယုန်လေးက ပြည်သူတွေလက်မခံတဲ့ လုပ်ရက်တွေကို ဆက်လုပ်နေဆဲပဲ။ ကြံရာမရရင် ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်တွေက ဗေဒင်ယတြာတွေ ယုံကြည်လက်ခံလေ့ရှိပါ တယ်။ လူထုကြားမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ တောင်းဆိုသံတွေ ထင်ရှားလာတဲ့နောက်မှာ “မယ်တော်ဟောင်စု”၊ “၇၉”၊ “သေပြီ” ဆိုတဲ့ ယတြာစကားလုံးတွေနဲ့ ပြည်သူတွေကို ပွဲဆူစေခဲ့ပါတယ်။
ယင်းကြော်ငြာသတင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် ဘက်ကမခံမရပ်နိုင်ကြတဲ့ ပြည်သူလူထုတွေ ကလည်း ဖြူဖြူထွေး အပေါ် သတိလက်လွတ်ပြစ်တင် ကြိမ်းမောင်းသူတွေကလည်း ရှိကြတယ်။ တော်လှန်ရေး အင်အားစုအယောင်ဆောင် အဖွဲ့တွေကလည်း ခြိမ်းခြောက်တဲ့ သတင်းတွေလဲ ဖြန့်လာခဲ့တယ်။ စစ်ကောင်စီလော်ဘီတွေကလည်း ဖြူဖြူထွေး ကြော်ငြာထဲကအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို “ဟောင်စု” ဟု ဆိုကာ လှောင်ပြောင်သည့် သတင်းတွေကိုဖြန့်ဝေနေကြပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ အယောင်ဆောင်တစ်ခုရဲ့ သတိပေးကြေညာချက် ထွက်လာပြီးနောက်မှာလည်း “အမြင်မတူသူကို လက်နက်အားကိုးနဲ့ ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်အဖွဲ့တွေအဖြစ်” ပုံဖော်တိုက်ခိုက် ဝါဒဖြန့်လာပါတယ်။ ဒီဖြစ်စဉ်အတွင်း ပြည်သူတွေကြားမှာ တညီတညွတ်တည်း လက်ခံကြတာကတော့ ဒီသတင်းကို ခပ်မြန်မြန် မေ့ပစ်ဖို့ပဲ။ တကယ်လည်း ၄၈ နာရီမကြာပဲ ဒီသတင်းက လူထုကြားမှာ မှေးမှိန်သွားခဲ့ပါတယ်။ ဆိုရှယ်မီဒီယာ စာမျက်နှာတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပုံတွေပြန်ပြီး နေရာယူလာကြတယ်။ “ခရစ္စမတ် နဲ့အတူ အမေ့ကိုလွမ်းတယ်” ဆိုတဲ့ စာသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွမ်းဆွတ်ကြောင်း ရေးသားတင်လာကြပါတယ်။
စစ်ကောင်စီအတွက်တော့ “မှန်းချက်နဲ့ နှမ်းထွက် မကိုက်” ဖြစ်သွားခဲ့ပါတယ်။ ဖြူဖြူထွေး တင်လိုက်တဲ့ ကြော်ငြာရုပ်သံကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပုံရိပ်ကျဆင်းဖို့ တရားဝင်လှောင်ပြောင်ဖို့ ဖန်တီးခဲ့တယ်။ အချုပ်နှောင်က ပြန်လွှတ်ဖို့ တောင်းဆိုမှုတွေကိုလျစ်လျူရှုပြီး လူအမြင်မတင့်တယ်တဲ့ ပုံဖျက်မှုနဲ့ သိက္ခာချခဲ့တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက ဖြူဖြူထွေးကို ပစ်မှတ်ထားခဲ့ရင်လည်း အဆိုတော် “လီလီနိုင်ကျော်” ဖြစ်စဉ်လို တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက်အဖြစ် ပုံဖျက်တိုက်ခိုက်လို့ ရနိုင်မှာဖြစ်တယ်။ အာဏာရရင် ဘာမဆို ချနင်းလေ့ရှိတာက စစ်အာဏာရှင်တွေရဲ့ လှည့်ကွက်တွေဆိုတာ သိသာစေပါတယ်။ ဖြူဖြူထွေးကို တစုံတယောက်က လက်နက်သုံး ရှင်းလင်းခဲ့ရင်လည်း စစ်ကောင်စီကတော့ နိုင်ငံရေးအမြတ် ထွက်လာမှာပဲ ဖြစ်ပါတယ်။
စစ်အာဏာရှင်တွေ အစဉ်မပြတ်အသုံးချလေ့ရှိတဲ့ “ဒေါသထွက်နေတဲ့ လူအုပ်ကြီး”၊ “အမည်မသိ အကြမ်းဖက်အဖွဲ့” ဆိုတာတွေနဲ့ ဖြူဖြူထွေးကိုလည်း ချနင်းသွားနိုင်ပါတယ်။ အာဏာရဖို့အတွက် ဘာမဆို ချနင်းနေတဲ့ စစ်အာဏာရှင်တွေက ရန်သူ မိတ်ဆွေ၊ ပြည်သူ၊ ရန်သူ ဆိုတာ ခွဲခြားခဲ့တာမရှိပေ။ မည်သူ့ကို မဆို နိုင်ငံရေးအမြတ် ရဖို့အတွက် အသုံးချလေ့ရှိပါတယ်။ ခေတ်အဆက်ဆက် နိုင်ငံရေးသိက္ခာချမှုနဲ့ အသားကျနေတဲ့ စစ်အာဏာရှင်များပဲ ဖြစ်ပါတယ်။ မိခင်ထောင်ကျနေချိန်မှာ သမီးဖြစ်သူတွေကို စတိတ်ဆင်ပေါ် အတင်းအကျပ် သီချင်းတက်ဆိုခိုင်းသည့် စစ်ထောက်လှန်းရေးတွေရဲ့ လုပ်ရပ်ကလည်း ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌဟောင်း သခင်ဗသိန်းတင်၏ ဖြစ်စဉ် သမိုင်းမှတ်တမ်းတွင် အထင်အရှားရှိခဲ့ပါတယ်။
ပြည်သူလူထုကို အကြမ်းဖက်အကြပ်ကိုင်စနစ်နဲ့ ထိန်းချုပ်နေတဲ့ စစ်အုပ်စုတွေက ပြည်သူတွေရဲ့ အကြိုက်နဲ့ စရိုက်ကို အသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်လေ့ရှိတာကို သတိပြုမိဖို့လိုပါတယ်။ စစ်တပ်ကို လေးစား အထင်ကြီးတဲ့ ဖြူဖြူထွေး၊ ယုန်လေးစတဲ့ ထင်ပေါ်ကျော်ကြားသူတွေကို အသုံးချပြီး နိုင်ငံရေး အမြတ်ရဖို့ ကြိုးစားခြင်းဆိုတာ ပြည်သူတွေရဲ့အမြင်မှာ သိသာစေပါတယ်။ စစ်တပ်ကို အထင်ကြီးလေးစားတဲ့ သီတဂူဘုန်းကြီး၊ ပေါက်ကိုယ်တော်၊ ဝါသဝကိုယ်တော်တို့လို ပုဂ္ဂိုလ်တွေ ကိုလည်း နိုင်ငံရေးအမြတ်ရဖို့ အသုံးချလေ့ရှိပါတယ်။ ယင်းဘုန်းကြီးတွေရဲ့ စရိုက်နဲ့ အကြိုက်ကို လိုက်ပြီး စစ်အာဏာရှင်အလိုကျ အသုံးချခိုင်းစေလေ့ရှိပါတယ်။
စစ်ကောင်စီလက်အောက်က သေနတ်ကိုင်ပြီး ပြည်သူတွေ တော်လှန်ရေးအင်အားစုတွေကို သုတ်သင်နေသူတွေက အကြမ်းဖက်လက်ကိုင်တုတ်အဖြစ် သိသာထင်ရှားပါတယ်။ စစ်ကောင်စီ အတွက် သတင်းပေးနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ စစ်မှုထမ်း စုဆောင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးတွေက စစ်ကောင်စီလက်ကိုင် တုတ်အဖြစ် သိသာထင်ရှားပါတယ်။ လက်နက်မကိုင်ပဲ စစ်ကောင်စီအတွက် အကျိုးဆောင်ပေးနေတဲ့ အနုပညာရှင်တွေ၊ ဆယ်လီတွေရဲ့ ပြည်သူလူထုအပေါ် သတင်းဖုံးဝါဒဖြန့်ပေးနေတာတွေက စစ်ကောင်စီလက်ကိုင်တုတ်အဖြစ် မသိသာလှပေ။ ဒီလို မသိသာတဲ့ စစ်ကောင်စီလက်ကိုင်တုတ်တွေကိုလည်း ပြည်သူတွေက သတိထားရှောင်တိမ်းနိုင်တာကို တွေ့ရပါတယ်။ ဖြူဖြူထွေးရဲ့ ရုပ်သံက ၄၈ နာရီမကြာပဲ ပျောက်ကွယ်သွားခဲ့ပါတယ်။ လူထုကြားမှာ စိတ်ဝင်စားမှု မရှိတော့တာကို တွေ့ရပါတယ်။
ဒီလို ခဏတာ ပုံဖျက်တိုက်ခိုက်မှုဖြစ်စဉ်ကို ပြည်သူတွေက လွယ်လွယ်ကူကူ ဖြေရှင်းလိုက်နိုင်တာကို လေ့လာကြည့်ရင် ပြည်သူလူထုကို စစ်ကောင်စီက ဘယ်လိုမှ အသာမရတော့တာ သိနိုင်ပါတယ်။ ပြည်သူလူထု အားပေးထောက်ခံနေတဲ့ တော်လှန်ရေးတပ်တွေရဲ့ စစ်ရေးကလည်း မြေပြင်မှာ အပြတ်အသက် အသာရနေပါတယ်။ ပြည်သူလူထုအပေါ် သတင်းမှားတွေ ပုံဖျက်တိုက်ခိုက်မှုတွေနဲ့ ဝါဒဖြန့် တိုက်ခိုက်မှုတွေကိုလည်း ပြည်သူတွေက မျက်ခြေမပြတ် စောင့်ကြည့်နိုင်ပါတယ်။ တုန့်ပြန်ဖြေရှင်း နိုင်တာကို တွေ့ရပါတယ်။
လက်ရှိဖြစ်ပျက်သွားတဲ့ ဖြစ်စဉ်အရ အာဏာရှင်စစ်အုပ်စုက ပြည်သူလူထုအပေါ် အရင်လိုလွယ်လွယ်ကူကူ လှည့်စားလို့မရနိုင်တော့ဘူး။ အရင်လို လွယ်လွယ်ကူကူ အကြမ်းဖက်လို့မရတော့ဘူး။ အရင်လို လွယ်လွယ် ကူကူ အနိုင်ယူလို့ မရတော့ဘူးဆိုတာ တော်လှန်ရေးခရီးကြာလေ ပိုထင်ရှားလာလေ ဖြစ်ပါတယ်။ ပြည်သူတွေက နိုင်ငံရေးပါးဝလာပြီလို့ ဆိုရပါမှာပါ။ စစ်အာဏာရှင်တွေအတွက်တော့ နေရာမရှိယုံတင်မဟုတ်တော့ပဲ နေဝင်ချိန်နီးလာပြီဖြစ်ပါတယ်။ ။
#RedNewsAgency #REDNEWS #RNA