မုံရွာရဲစခန်းအချုပ်တွင် LGBT နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးကုသခွင့်မရသည့်အတွက် ကျဆုံး

RNA_ဒီဇင်ဘာ(၂၆)၊၂၀၂၄ခုနှစ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မြို့မရဲစခန်းအချုပ်တွင် နိုင်ငံရေးအကျဉ်းသား LGBT ဘုံဘုံ ဆေးရုံတက်ကုသခွင့်မရသည့်အတွက် ရောဂါပြင်းထန်စွာဖြင့် ဒီဇင်ဘာ ၂၅ ရက်နေ့က ကျဆုံးသွားကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသား ဘုံဘုံသည် ကျောက်ကပ်ရောဂါနှင့် အတွင်းအကြောတက်ခြင်းဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရပြီး နိုဝင်ဘာလ ဒုတိယအပတ်မှစ၍ ကျောက်ကပ်ရောဂါ ဝေဒနာဆိုးရွားလာခဲ့ပြီး ဆေးဝါးကုသခွင့်ရရန် မြို့မရဲစခန်းတာဝန်ရှိသူများအား တင်ပြခဲ့သော်လည်း ဆေးရုံတက်ခွင့်မရရှိခဲ့သည်အတွက် ကျန်းမာရေးဆိုးရွားလာပြီး ကျဆုံးခဲ့ရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ ထုတ်ပြန်ထားသည်။


မုံရွာရဲစခန်းအချုပ်အတွင်း ကျဆုံးခဲ့ရသော နိုင်ငံရေးအကျဉ်းသား ဘုံဘုံသည် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် မုံရွာမြို့ အောင်ဇေယျရပ်ကွက် အိုးရှင်းစင်တာအနီးတွင် စစ်ကောင်စီလက်အောက်ခံများ၏ ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂(က)၊ ၅၂(ခ)တို့ဖြင့်ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရသူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor