စစ်ရာဇဝတ်ကျူးလွန်သော စစ်ကောင်စီလက်အောက်ခံများကို ဖမ်းဆီးရမိပါက အာရက္ခတပ်တော်မှ အရေးယူမည်

RNA_ဒီဇင်ဘာ(၂၂)၊၂၀၂၄ခုနှစ်။

စစ်ရှုံးစစ်ကောင်စီ၏ စစ်ရာဇဝတ်ကျူးလွန်နေမှုများကို အာရက္ခတပ်တော် (AA) အနေဖြင့် သေချာစွာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့သော တပ်ရင်း၊ တပ်မများနှင့် အမိန့်ပေး ညွှန်ကြားသူများကို ဖမ်းဆီးရမိပါက ပြစ်မှုများနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို စီရင်ချမှတ်သွားမည်ဖြစ်ကြောင်း AA ကထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် မြို့သိမ်းတိုက်ပွဲများအတွင်း အာရက္ခတပ်တော်မှ ဖမ်းဆီးရရှိထားသည့် စစ်သုံ့ပန်းများတွင် စစ်ရာဇဝတ်မှုကျူးလွန်ထားသူများရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီလက်အောက်ခံများသည် ဖမ်းဆီးရမိထားသည့် အရပ်သားများကို သတ်ဖြတ်ခြင်း၊ အရပ်သားနေအိမ်များနှင့် စာသင်ကျောင်း ဆေးရုံများကို လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ စသည့် စစ်ရာဇဝတ်မှုများ ကျူးလွန်ထားမှုရှိကြောင်း သိရသည်။

အာရက္ခတပ်တော်အနေဖြင့် အမ်းမြို့ကို သိမ်းပိုက်နိုင်ပြီး ဂွမြို့ကိုလည်း သိမ်းပိုက်နိုင်တော့မည်ဖြစ်ကြောင်း၊ ဂွမြို့ရှိ စစ်ကောင်စီလက်အောက်ခံများသည် ဧရာဝတီတိုင်းအတွင်းသို့ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဆုတ်ခွါထွက်ပြေးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၇/၁၈) ရက်နေ့တို့တွင် စစ်ကောင်စီတပ်မှ ဂွမြို့နယ် “အလယ်ရွာ”ကိုလည်းကောင်း၊ ဒီဇင်ဘာလ (၂၁) ရက်နေ့ နံနက် (၇) နာရီအချိန်ခန့်မှ စတင်ကာ ၎င်းတို့အခြေစိုက်ရာ ခမရ (၅၆၃) အနီးအနားမှ လူနေအိမ်များကိုလည်းကောင်း မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် အပြစ်မဲ့ပြည်သူလူထု၏ နေအိမ်အများအပြားမှာ မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

#RedNewsAgency #REDNEWS

By RNA Editor