သီပေါမြို့သိမ်းတိုက်ပွဲကာလအတွင်း ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

RNA_အောက်တိုဘာ(၁၆)၊၂၀၂၄ခုနှစ်။

ရှမ်းမြောက်၊ သီပေါမြို့သိမ်းပိုက်နိုင်ရေး တိုက်ပွဲ (၂) လကျော်ကြာအတွင်း စစ်ကောင်စီ၏ ဟောင်ဝစ်ဖာလက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ (၁၅၅)လက်၊ 60 MM (၇)လက်၊ 81 MM (၁)လက်၊ RPG (၂)လက်၊ စက်လက် (၉)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိကြောင်း သိရသည်။


သီပေါမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA မှ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း ဇူလိုင်လ ၂၀ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး၊ (၂)လကျော်အကြာ အောက်တိုဘာ ၁၃ ရက်နေ့ထိ စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် ခမရ (၅၀၃)၊ ခမရ(၅၀၄)နှင့် ခလရ(၂၃)တပ်စခန်း၊ ရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်ဟု အောက်တိုဘာ ၁၅ ရက်နေ့တွင် TNLA ကထုတ်ပြန်ထားသည်။

 

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)အတွင်း အောက်တိုဘာ ၁၃ ရက်နေ့သည် တအာင်းတပ်မတော် PSLF/TNLA မှ နောင်ချိုမြို့၊ မိုးကုတ်မြို့၊ မိုးမိတ်မြို့၊ ကျောက်မဲမြို့နှင့် သီပေါမြို့ကို ပဉ္စမမြို့မြောက်အဖြစ် အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်သည်။

စစ်ကောင်စီမှလည်း သီပေါမြို့တိုက်ပွဲပြင်းထန်နေချိန် လေကြောင်းမှ Jet Fighter (၁၀၅)ကြိမ်၊ Y12 (၁၆၇)ကြိမ်၊ လက်နက်ကြီးဖြင့် (၁၈၉၃) ကြိမ်၊ ရော့ကတ်ဒုံးကျည် (၈)ကြိမ်နှင့် ဟောင်၀ိဇာ (၈)ကြိမ် အသုံးပြုတိုက်ခိုက်ကြောင်း၊ ထို့အပြင် သီပေါမြို့ စစ်ကောင်စီတပ်မှ ထောက်ပို့ယာဉ် Y12ဖြင့် (၇၉)ကြိမ်၊ Y8 (၂)ကြိမ်၊ Mi17 (၅)ကြိမ် လက်နက်ခဲယမ်းများ(၄၄၀)ထုပ် လာရောက်ကြဲချခဲ့ကြောင်း၊ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် သီပေါမြို့ ဒေသခံ (၃၃)ဦး သေဆုံးပြီး (၈၀)ဦး ဒဏ်ရာရရှိကာ စာသင်ကျောင်း(၂)ကျောင်းနှင့် လူနေအိမ် (၄၇)လုံး လေယာဉ်ဗုံးစ ထိမှန် မီးလောင်ပျက်စီးသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

#RedNewsAgency #RNA

By RNA Editor