ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ယင်းမာပင်ခရိုင် ဗျူဟာ (၄၂) မှ ရဲဘော် (၇၇) ဦးပါဝင် တိုက်ပွဲဝင်ခဲ့

RNA_အောက်တိုဘာ(၉)၊၂၀၂၄ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ယင်းမာပင်ခရိုင် ဗျူဟာ (၄၂) မှ ရဲဘော် (၇၇) ဦးပါဝင်တိုက်ပွဲဝင်ခဲ့ပြီး ရဲဘော် (၅) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗျူဟာ (၄၂) တာဝန်ရှိသူများထံမှ သိရသည်။

ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးအတွက် ယင်းမာပင်ခရိုင် ဗျူဟာ (၄၂) မှ ရဲဘော် (၇၇) ဦးသည် ဩဂုတ်လ (၈) ရက်နေ့ကတည်းက ထွက်ခွါ တိုက်ပွဲဝင်ခဲ့ကြကြောင်း၊ ယင်းမာပင်ရိုင် ဗျူဟာ (၄၂) ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့က အတည်ပြုခဲ့ကြောင်း၊ ဗျူဟာ (၄၂) တွင် ယင်းမာပင်ခရိုင် တပ်ရင်း(၁၁) ကျားသစ်နက်တပ်မတော်၊ တပ်ရင်း (၂၈) ဓားမဆိုင်း တပ်မတော်၊ တပ်ရင်း (၁၇)၊ တပ်ရင်း ( ၂၉)၊ တပ်ရင်း (၃၉) တို့ ပူးပေါင်းဖွဲ့စည်းထားကြောင်း သိရသည်။

ပင်လည်ဘူးမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များလက်နက်ချဆုတ်ခွာခွင့်တောင်းပြီး ဆုတ်ခွာသွားသဖြင့် ပင်လည်ဘူးမြို့ကို အမှတ် (၁) စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များက အောက်တိုဘာလ ၈ ရက်နေ့တွင် အလုံးစုံထိမ်းချုပ်လိုက်ပြီဖြစ်ကြောင်း၊ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူများထံမှ လက်နက်(၄၀၀) ကျော် သိမ်းဆည်းရမိခဲ့ပြီး၊ သုံ့ပန်းအမြောက်အမြားဖမ်းဆီးရမိကာ အလင်းဝင်ပူးပေါင်းသူများလည်းရှိသည်ဟု စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ : ယင်းမာပင်ခရိုင် ဗျူဟာ (၄၂) ရဲဘော်များ။
#RedNewsAgency #RNA

By RNA Editor