ရေနံထွက်ဒေသတချို့နှင့် ဆည်တချို့ကို လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်နေ

RNA_ဇူလိုင်(၂၉)၊၂၀၂၄ ခုနှစ်။
 
မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများကို စစ်ကောင်စီလက်အောက်ခံများကို တိုက်ထုတ်ပြီး ရေနံထွက်ဒေသတချို့နှင့် ဆည်တချို့ကို ထိမ်းချုပ်ထားပြီးနောက် စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။
 
ဒေသတွင်းတော်လှန်ရေးအင်အားစုများက ၂၀၂၄ ခုနှစ်မေလ အတွင်းကတည်းက စလင်းမြို့နယ်၊ ငလှိုင်တွင်း ကျေးရွာအနီးရှိ ( ရေနံစိမ်းထွက်ရှိသည့်ဒေသ) စစ်ကောင်စီတပ်စခန်းကို မောင်းထုတ်နိုင်ခဲ့ပြီး ဒေသတွင်းစိုးမိုးမှုများလုပ်ဆောင်ခဲ့ကြောင်း၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းနယ်အတွင်းရှိ ဆည်တချို့မှ စစ်ကောင်လက်အောက်ခံများကိုလည်း မောင်းထုတ်ထားပြီး နယ်မြေစိုးမိုးမှုများရရှိထားကြောင်း ဒေသတွင်း စစ်ရေးသတင်းရစ်မြစ်က ပြောကြားထားသည်။

စစ်ကောင်စီမှ ဇူလိုင် ၂၃ ရက်နေ့က စလင်းမြို့နယ်၊ ငလိုင်တွင်းရွာ တူရွင်းချောက်ရွာ ဘက်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် ပြည်သူ ၁၂ ဦးထိခိုက်ကာ ကိုရင်ကြီး ၁ ပါး၊ ပြည်သူ (၂) ဦးနှင့် PDF ရဲဘော်တဦးကျဆုံးခဲ့ရကြောင်း၊ ဇူလိုင် ၂၄ ရက်နှင့် ဇူလိုင် ၂၅ ရက်နေ့တွင်လည်း လေကြောင်းဗုံးကြဲမှုများ ထပ်မံပြုလုပ်ခဲ့သည့်အတွက် ဒေသခံပြည်သူများထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။
 
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ ဆိပ်ဖြူမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ငဖဲမြို့နယ် စသည့် မကွေးတိုင်း မြစ်အနောက်ဘက်ခြမ်း မြို့နယ်များအတွင်း တော်လှန်ရေးအင်အားစုများ အားကောင်းနေပြီး စစ်ကောင်စီစိုးမိုးနယ်မြေများ ဆုံးရှုံးမှုများရှိပြီး​ တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးမှုနှင့် နယ်မြေရှင်းလင်းရေးများပါ လုပ်ဆောင်မှုများရှိနေပြီဖြစ်ကြောင်း သိရသည်။
 
#RedNewsAgency
By Editor