အထူးစစ်ဆင်ရေးတပ်ဖွဲ့ (၃) နှစ်ပြည့်အခမ်းအနားကျင်းပ

RNA_ဇူလိုင်(၂၇)၊၂၀၂၄ ခုနှစ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ၏ တပ်ဖွဲ့တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနားနှင့် အပတ်စဉ် (၆) အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲတို့ကို တောင်ပိုင်းတိုင်း စစ်ဒေသတွင်း တနေရာတွင် ပြုလုပ်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။
 
အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲနှင့် တပ်ဖွဲ့တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနားအား ဇူလိုင် ၂၁ ရက်နေ့က ကျင်းပခဲ့ကြောင်း၊ အခမ်းအနားတွင် အလံတော်နှင့် ကျဆုံးရဲဘော်များအား အလေးပြုခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှပေးပို့သောသဝဏ်လွှာအား ဖတ်ကြားခြင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန J2C အဖွဲ့ဝင်လူကြီးများနှင့် တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူးရဲဘော်စောရှားမှ သင်တန်းဆင်း ဂုဏ်ပြုစကား ပြောကြားခြင်းစသည့် အစီအစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

SOF စတင်ဖွဲ့စည်းခဲ့ပြီး ပြည်သူ့ခုခံတွန်းလှန်စစ်စတင်သည့်အချိန်မှစ၍  မြို့ပြနှင့် ကျေးလက်စစ်ဆင်ရေးများစွာ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မင်းအောင်လှိုင်၏ စစ်မှုမထမ်းမနေရ အကြမ်းဖက်စစ်သားစုဆောင်းခြင်းနှင့် အာဏာရှင်လက်အောက် စစ်မှုမထမ်းလိုသော လူငယ်လူရွယ်များ၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေးအတွက် အတူတကွ တော်လှန်တိုက်ပွဲဝင်လိုသော လူငယ်လူရွယ်များအား  တပ်ဖွဲ့မှ နွေးထွေးစွာ ကြိုဆိုလက်ခံသည်ဟု ထုတ်ပြန်ထားသည်။
 
#RedNewsAgency
By Editor