ပေါက်မြို့နယ်မှ ပျူရွာတချို့ ထမင်းနပ်မှန်အောင် မစားရသည့်အပြင် စစ်ကောင်စီတပ်သားများ၏ ဖိနှိပ်မှုများပါ ခံနေရ

RNA_ဇူလိုင်(၁၀)၊၂၀၂၄ ခုနှစ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တရော်ကိုင်းနှင့် ဇီးပြား (ပျူ) ကျေးရွာတို့ကို တော်လှန်ရေး အင်အားစုများ ပိတ်ဆို့ထားသည်မှာ (၃) နှစ်ကျော်လာပြီး ယခုအချိန်တွင် ဆန်၊ ဆီ၊ ဆား ဝယ်ယူ၍မရတော့သည့်အပြင် စားတော်ပဲများနှင့် ရောကာချက်စားနေရပြီး ထမင်းကို နပ်မှန်အောင် မစားရသည့်အပြင် စစ်ကောင်စီတပ်သားများနှင့် လက်နက်ကိုင်ပျူများ၏ ဖိနှိမ်မှုမျိုးစုံ ခံနေကြရကြောင်း သိရသည်။

ထမင်းနပ်မှန်အောင် မစားရသည့်အပြင် စစ်ကောင်စီတပ်သားများနှင့် ပျူများ၏ ဖိနှိပ်မှုများကြောင့် တရော်ကိုင်း (ပျူ) ကျေးရွာမှ ဒေါ်မြင့်ရီ၊ မခင်သက်လွင်၊ သား ဟိန်းသန့်ဖြိုး၊ သား ဟိန်းသန့်စိုး၊ မနှင်းထက်ထက်ဝေ၊ မခိုင်နှင်းဦးနှင့် ကိုရင် ဖက်တီး (လူအမည် မောင်သော်ဇင်ဖြိုး) တို့ ဇူလိုင်လ ၉ ရက်နေ့က နေရပ်စွန့်ခွါ ထွက်ပြေးခဲ့ကြောင်း၊ ဇူလိုင်လ ၁၀ ရက်နေ့တွင်လည်း ဦးကျော်လွင်၊ သား ဘုန်းလျှံဖြိုး နှင့်အတူ နေလင်းဦးတို့ ထပ်မံထွက်ပြေးခဲ့ကြကြောင်း မြိုင် ပကဖထံမှ သိရသည်။

မြိုင် ပကဖနှင့် ပေါက် ပူးပေါင်းတပ်ဖွဲ့ထံ ထွက်ပြေးလွတ်မြောက်လာသူများကို ဆေးဝါးကုသပေးခြင်းနှင့် အစာရေစာများ ကောင်းမွန်စွာ ကျွေးမွေးထားရှိပြီး ဘေးကင်းသည့်နေရာသို့ ပို့ဆောင်ထားကြောင်း၊ ထွက်ပြေးလွတ်မြောက်လာသူများက ကျေးရွာအတွင်း ကြုံတွေ့နေရမှုများကို ကာကွယ်ရေးတပ်ဖွဲ့များထံ ပြောပြထားခြင်း ဖြစ်သည်။

#RedNewsAgency

By RNA Editor