ရှုံးဖို့အတွက် အင်္ဂါစုံနေတဲ့ စစ်ခေါင်းဆောင်

“ရုရှားပညာရှင်၊ တရုတ်ပညာရှင်တွေနဲ့ ဒရုန်းနည်းပညာကို သင်ယူနေကြောင်း ဖော်ပြခဲ့ကြတယ်။ စစ်ကောင်စီက ဒရုန်းတပ်ဖွဲ့ပြီးတဲ့နောက်မှာလည်း တိုက်ပွဲတွေမှာ ယခင်ထက် ပိုသုံးလာခဲ့တာတွေ ရှိလာခဲ့ပေမယ့် ၁၀၂၇ ဒုတိယအကြိမ် တိုက်ပွဲတွေမှာစစ်တပ်ရဲ့ ဒရုန်းတပ်ဆိုတာကလည်း အမည်ခံသက်သက်မှန်း သိလိုက်ရတယ်။ ပညာမဲ့တွေ စုစည်းထားပြီး နည်းပညာကို သေသေ ချာချာ နားမလည်တဲ့ သူတွေကို အဆင့်မြင့်ဒရုန်းနည်းပညာသင်ပေးတယ်ဆိုတာ နွားကို ပလာတာကျွေးသလို ရီစရာ အခြေနေတခုသာဖြစ်ပါတယ်”

ရန်နိုင် – Wiper

ခေတ်သစ်စစ်ပွဲတွေမှာ လက်နက်နဲ့နည်းပညာတွေ ဘယ်လိုပဲပြောင်းလဲလာပေမယ့် စစ်ပွဲနဲ့ ပတ်သတ်တဲ့ အတွေးအခေါ်ပိုင်းအတွက်တော့ တရုတ်စစ်ပညာရှင် ဆွန်ဇူးရဲ့အတွေးအခေါ်တွေက လက်တွေ့ကျ ပြည့်စုံနေတုန်းပါပဲ။ တပ်မှူးကောင်းတစ်ယောက်အတွက် စစ်တိုက်ဖို့ဆိုရင် မိမိရဲ့အခြေနေကို အမှန်အတိုင်း သိဖို့ လိုသလို ရန်သူရဲ့အခြေနေကိုလည်း အမှန်အတိုင်းသိဖို့အလွန်အရေးကြီးလှပါတယ်။ မိမိရဲ့အခြေနေသာ သိပြီး ရန်သူ့အခြေနေကို မသိခြင်းက စစ်ပွဲနိုင်ဖို့ မဖြစ်နိုင်သလို၊ ရန်သူ့အခြေနေကိုသာ သိပြီး မိမိအခြေနေကို မသိရင်လည်း စစ်ပွဲနိုင်ဖို့မဖြစ်ဘူးလို့ ဖော်ပြထားတယ်။ ဆွန်ဇုရဲ့အတွေးခေါ်တွေ ခုချိန်ထိ မှန်ကန်နေဆဲ ဆိုတာ လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်ရှုံးပွဲတွေကိုကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။

မိမိကိုယ်ကိုအထင်ကြီးထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁ အာဏာသိမ်းဖြစ်စဉ်နဲ့အတူ တနိုင်ငံလုံးကို စစ်တိုက်ဖို့ စိန်ခေါ်လိုက်တယ်။ လက်နက်မဲ့တဲ့ ပြည်သူတွေကို စစ်အင်အားအပြည့်အစုံရှိနေတဲ့ သူရဲ့စစ်တပ်က အနိုင်ရမှာပဲလို့ အပိုင်တွက်ခဲ့တယ်။ အာဏာသိမ်းမယ်၊ အကြမ်းဖက်သတ်ဖြတ်ပြလိုက်မယ် အချိန်တန်တောခိုသွားရင် အုပ်စုခွဲ၊ သွေးခွဲပြီး အချိန်ဆွဲတိုက်လိုက်ရင် တော်လှန်သူတွေရှုံးသွားမှာပဲလို့ တွက်ခဲ့တယ်။ မင်းအောင်လှိုင်ရင်ဆိုင်ရမည့်ရန်သူဖြစ်တဲ့ တော်လှန်ပြည်သူတွေကို လျှော့တွက်ခဲ့တယ်။ ကမ္ဘာကြီးက ရွာကြီးဖြစ်ပြီး နည်းပညာတွေတိုးတက်နေချိန်မှာ ပညာတတ်လူငယ်တွေရဲ့ အရည်အချင်းကို လျှော့တွက်ခဲ့ ခြင်းလဲဖြစ်တယ်။ ဒါတွေက စစ်ပွဲဖန်တီးတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်သူ့အကြောင်းကို သေသေချာချာမသိဘူးဆိုတဲ့ အမှားကြီးတခုပဲ၊ ဒီအမှားကြောင့် မင်းအောင်လှိုင်အတွက် တနိုင်ငံလုံးမှာစစ်ရှုံး နေရတာပဲ။


မဝေးသေးတဲ့ ၂၀၁၁ ကချင်ပြည်နယ်မှာဖြစ်တဲ့ KIA နဲ့တိုက်တဲ့ စစ်ပွဲတွေ၊ ၂၀၁၅ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်တပ်တော် အေအေနဲ့ စစ်ကောင်စီတို့ တိုက်ခဲ့တဲ့ စစ်ပွဲတွေမှာစစ်တပ်က အသာရခဲ့ဖူးတယ်။ ပြည်သူလူထုက စစ်ပွဲတွေကို ဘာ့ကြောင့်ဖြစ်တယ်ဆိုတာနဲ့ စစ်ခေါင်းဆောင်တွေရဲ့တနိုင်ငံလုံးအပေါ် ယုတ်မာကောက်ကျစ်မှုကို သိပ်ပြီးမသေးဘူး။ ဒါကြောင့်လည်း တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ်မှာ စာနာအားပေးမှုမရှိခဲ့ပဲ စစ်ပွဲဖြစ်တာကို သိပ်အားမပေးတဲ့အချိန်ဖြစ်တယ်။ အဲ့ဒီလို အချိန်တုန်းကတော့ စစ်တပ်အသာရခဲ့ဖူးပေမယ့် စစ်တပ်က အရည်အချင်းရှိလွန်းနေတာကြောင့်မဟုတ်ပေ။ ကချင်ပြည်နယ်မှာ ဖြစ်တဲ့ ပြည်တွင်းစစ်ကို တိုက်လေယာဉ်သုံးပြီး အလွန်အကျွံစစ်အင်အားသုံးပြီး အသာရဖို့လုပ်ခဲ့ရတယ်။ တိုက်လေယာဉ်သုံးရုံမက အရပ်သားပစ်မှတ်တွေကို ပစ်ခတ်ပြီး စစ်ဉပဒေတွေကို ပေါ်ပေါ်တင်ချိုးဖောက်၊ ကျင့်ဝတ်မရှိတဲ့ စစ်တိုက်နည်းတွေသုံးခဲ့တာကြောင့် တိုက်ပွဲအရှိန်တန့်ခဲ့ရတာဖြစ်တယ်။

နွေဦးတော်လှန်ရေးကာလအတွင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်သူ့အကြောင်းကို သေချာမသိ (လျှော့တွက်) ခြင်း၊ မိမိအကြောင်းကို သေသေချာချာမသိ (အထင်ကြီး) ခြင်းတွေကို ဆက်တိုက် တွေ့မြင်နိုင်တယ်။ အာဏာသိမ်းပြီးကတည်းက ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို အကြမ်းဖက်ဖမ်းဆီး အစုအလိုက်အပြုံလိုက်သုတ်သင်ခဲ့တယ်။ ပြည်သူတွေကြောက်သွားမယ်လို့ လျှော့တွက်ခဲ့ပေမယ့် ကြောက်ရင်လဲ ပိုလုပ်တဲ့ ပြည်သူလူထုရဲ့ ဇွဲကြောင့် စစ်ရာဇဝတ်မှုတွေကျူးလွန်ရတာပဲ အဖတ်တင်တယ်။

၁၀၂၇ စစ်ဆင်ရေးမှာ အထိနာလာပြီးတဲ့နောက်မှာတော့ မြို့တွေ၊ ရွာတွေကို တရားဝင်ဖျက်စီးလို့ရ အောင် အရပ်ဖက် အဆောက်အအုံကပစ်ရင် စစ်ရေးပစ်မှတ်လို့သတ်မှတ်ပြီး ချေမှုန်းတော့မယ်လို့ ဒီဇင်ဘာလမှ ဇော်မင်းထွန်း က တရားဝင်ထုတ်ပြောခဲ့တယ်။ အရပ်ဖက်အဆောက်အအုံ ဖျက်ဆီးရင် ပြည်သူတွေကို အသာရမယ်လို့ လျှော့တွက်ထားပေမယ့် ထင်သလိုဖြစ်မလာပဲ အသာမရတဲ့အပြင် စစ်တပ်ကအရပ်ဖက် အဆောက်အုံတွေကို ပစ်ခတ်ဖျက်ဆီးနေတာ သိသာထင်ရှားသွားစေခဲ့တယ်။ ပြည်သူတွေက စစ်တပ်ကို လုံးဝအလိုမရှိတော့တာကြောင့် ဘယ်လိုနည်းနဲ့ပဲအကြမ်းဖက်ပါစေ စစ်တပ်ကိုလုံးဝအလျှော့မပေးဘူး ဆိုတဲ့ စိတ်ဓါတ်က အားကောင်းနေဆဲပဲ။

စစ်တပ် ခွက်ခွက်လန်အောင် ရှုံးခဲ့တဲ့ မြောက်ပိုင်းညီနောင်တွေရဲ့ ဒရုန်းအစွမ်းကို သိပြီးတဲ့နောက်မှာ စစ်တပ်မှာ အရေးပေါ်လိုအပ်နေပြီဆိုတဲ့ ဒရုန်းတပ်ကိုအသည်းအသန် ဖွဲ့စည်းရတော့တယ်။ ဒရုန်းတပ် ဖွဲ့စည်းရာမှာလည်း စစ်ခေါင်းဆောင်တွေက မိမိတပ်ဖွဲ့ဝင်တွေရဲ့ အရည်အချင်းနဲ့ ကိုက်ညီမှု ရှိမရှိ သေချာစွာ မသိပဲ ဖုတ်ပူမီးတိုက် စီစဉ်လိုက်ရတယ်။ မိမိတပ်တွေရဲ့ နည်းပညာအကြောင်း စေ့ငုံစွာနားမလည်တာကို မသိရှိပဲ ဒရုန်းတွေဝယ်၊ သင်တန်းတွေပေးပြီး ချက်ချင်းမြောက်ပိုင်းညီနောင် တွေကို တိုက်ခိုက်ဖို့ပြင်ဆင်ခဲ့ ကြတယ်။


ဖောင်ကြီးသင်တန်းကျောင်းမှာ ရုရှားပညာရှင်၊ တရုတ်ပညာရှင်တွေနဲ့ ဒရုန်းနည်းပညာကို သင်ယူနေကြောင်း ဖော်ပြခဲ့ကြတယ်။ စစ်ကောင်စီက ဒရုန်းတပ်ဖွဲ့ပြီးတဲ့နောက်မှာလည်း တိုက်ပွဲတွေမှာ ယခင်ထက် ပိုသုံးလာခဲ့တာတွေ ရှိလာခဲ့ပေမယ့် ၁၀၂၇ ဒုတိယအကြိမ် တိုက်ပွဲတွေမှာစစ်တပ်ရဲ့ ဒရုန်းတပ်ဆိုတာကလည်း အမည်ခံသက်သက်မှန်း သိလိုက်ရတယ်။ ပညာမဲ့တွေ စုစည်းထားပြီး နည်းပညာကို သေသေ ချာချာ နားမလည်တဲ့ သူတွေကို အဆင့်မြင့်ဒရုန်းနည်းပညာသင်ပေးတယ်ဆိုတာ နွားကို ပလာတာကျွေးသလို ရီစရာ အခြေနေတခုသာဖြစ်ပါတယ်။ စစ်ခေါင်းဆောင်ကို မြှောက်ပေးသူက မြှောက်ပေးလို့သာ ဒရုန်းတပ်ကိုဖွဲ့ခဲ့ပေမယ့် အောက်ခြေရဲဘော်တွေရဲ့ အရည်အချင်းကို သေချာမသိတာက မင်းအောင်လှိုင်ရဲ့ စစ်ရှုံးဖို့အတွက် အမှားတွေပဲ။

အခုချိန်မှာလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ရှုံးနေတဲ့ ဒေသတွေမှာ စစ်မှုထမ်းဥပဒေနဲ့ ပြည်သူတွေကို အတင်းအကြပ် လူသားတံတိုင်းအသွင် စစ်တိုက်ခိုင်းနေတယ်။ ပြည်သူတွေရဲ့ အခက်ခဲကို ဖြေရှင်းမပေးတဲ့အပြင် စစ်မှုထမ်းဖို့ လုံးဝမလိုလားသူတွေကို စစ်တိုက်ဖို့စေလွှတ်တာက အာဏာရှင်ဆန်ခြင်း ဖြစ်သလို လူသားရင်းမြစ်တွေကို အံဝင်ဂွင်ကျ အသုံးမချတတ်ခြင်းလည်း ဖြစ်တယ်။ စစ်တိုက်လိုစိတ်မရှိတဲ့ စစ်သားဟောင်းတွေကိုယ်တိုင် အပြိုင်အဆိုင်လက်နက်ချနေချိန်မှာ စစ်တိုက်လိုစိတ်မရှိတဲ့ အရပ်သား ပြည်သူတွေကို ရက်တိုသင်တန်းနဲ့ စစ်တိုက်ခိုင်းဖို့ရွေးချယ်ခြင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ခေါင်းဆောင်အရည်အချင်း မဲ့မှုတွေပဲဖြစ်တယ်။ အင်အားစုတွေကို အသုံးမချတတ်တာကြောင့် စစ်အတက် ပညာရှင်ကြီး ဆွန်ဇူး သုံးသပ်ထားသလို စစ်ပွဲရှုံးနိမ့်နေပြီဖြစ်သလို စစ်ရာဇာဝတ်မှုတွေထပ်ထပ်တိုးလာမှာပဲ ဖြစ်တယ်။

တနိုင်ငံလုံးမှာ စစ်ရှုံးနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဘာ့ကြောင့်စစ်ရှုံးလဲဆိုတဲ့အဖြေက ရှင်းရှင်း လင်းလင်း ရှိနေပြီးသားဖြစ်တယ်။ ပြည်သူတွေရဲ့ သဘောထားကို ပြည့်ပြည့်ဝဝမသိပဲ အာဏာသိမ်းခဲ့ တာကြောင့် ပြည်သူတွေရဲ့ တော်လှန်တိုက်ခိုက်ခြင်းကို အလူးအလဲခံခဲ့နေရတယ်။ စစ်သည်တွေရဲ့ သဘောကို သေသေချာချာမသိပဲ စစ်မျက်နှာတွေ အလွန်အကျွံဖွင့်ခဲ့တာကြောင့် သေဆုံးထွက်ပြေးနေတဲ့ စစ်သည်တွေကြောင့် အရှက်တကွဲ စခန်းတွေ၊ မြို့တွေစွန့်လွှတ်နေရတယ်။ ရန်သူ့အကြောင်းနဲ့ မိမိတပ်အင်အား တွေရဲ့ အကြောင်းကို သေချာစွာမသိပဲ စစ်ပွဲတွေဖန်တီးခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်ရှုံးပွဲတွေက တရုတ်စစ်ပညာရှင်ကြီး ဆွန်ဇူးရဲ့ စစ်ရဲ့အတွေးအခေါ်တွေ မှန်ကန်တယ် လို့ သက်သေပြနေခြင်းတွေပဲဖြစ်တယ်။

မင်းအောင်လှိုင်အတွက် စစ်ပွဲတွေက ရှုံးနိမ့်နေပြီ၊ စစ်ပွဲရဲ့နိယာမအရ ရှုံးသင့်တဲ့အချက်တွေကိုဖော်ပြထားတဲ့ တရုတ်စစ်ပညာရှင်ကြီး ဆွန်ဇူးရဲ့ စစ်ရှုံးခြင်းအကြောင်းအရာတွေလည်း ပြည့်စုံနေပြီ။ ရှုံးနေတာကို သိသိရက်နဲ့ အရှုံးမပေးတဲ့ စစ်ခေါင်းဆောင်က အောင်ခြင်းရှစ်ပါးဇာတ်တော်ထဲက သစ္စကပရိဗိုဇ်လို ပေကပ် နေခြင်းသာ ဖြစ်တယ်။ ဇာတ်တော်ထဲကလို သကြားမင်းက ခေါင်းရိုက်ခွဲမယ်ဟန်ပြဖို့သာ လိုတော့သည်။ ။

#RedNewsAgency

By Editor