ချောင်းရေတိုက်စားမှုကြောင့် နေအိမ်များ မျောပါပျက်စီး

RNA_ဖားကန့်၊ ဇူလိုင် (၂)၊ ၂၀၂၄ ခုနှစ်။
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ ဥရုချောင်းအတွင်း စီးဝင်သည့် ဆန်ခါချောင်းလက်တက်သည် ယမန်နေ့မှစကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆန်ခါချောင်း အနီးရှိနေအိမ် (၁၂)လုံးအား တိုက်စားသွားခဲ့ပြီး ပါဂျဲရိုးကားတစ်စီးပါ မျောပါခဲ့ကြောင်း သိရသည်။
 
“ဆန်ခါချောင်းက ရေတိုက်စားပြီး ဆန်ခါရွာဘေးတူနေတဲ့ နေမင်းကမ္ဘာ၊ တစ်သုံးလုံး ကျောက်လုပ်ကွက်ထဲလည်း ရေဝင်တိုက်စားတယ်၊ နေအိမ်တွေလည်း ပါကုန်တယ်၊ ဆန်ခါရော ကပ်လျက် ဆိုင်းရာရွာသစ်ရော ကျောက်တူးထားတဲ့ကမ်းပါးတွေပြိုကုန်တယ်၊ နေအိမ်တွေ ရေနစ်ကုန်တယ်” ဟု ဆန်ခါကျေးရွာ ဒေသခံက ပြောသည်။
 
ဆန်ခါချောင်းရေတိုက်စားမှုကြောင့် ဆန်ခါရွာဘေးတူးဖော်နေသည့် လုပ်ကွက်များ မြေပြိုကျမှုများဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်သေဆုံးမှုတော့ မရှိဟုမသိရသေးကြောင်း၊ ဖားကန့်၌ မိုးအဆက် မပြတ်ရွာသွန်းမှုနှင့်အတူ ဥရုချောင်းရေမြှင့်တက်လာမှုကြောင့် လုံးခင်း ကျေးရွာနှင့် ဖားကန့်မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များ ရုတ်တရက် ချောင်းရေဝင်ရောက်ကာ ပစ္စည်းဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူများ အရေးပေါ် ရွှေ့ပြောင်းနိုင်ရေး ဆောင်ရွက်ခဲ့ရကြောင်း လူမှုရေးအသင်းအဖွဲ့များထံမှ သိရသည်။

“လုံးခင်းက အောက်ဈေးတစ်ခုလုံးနစ်နေပြီ၊ ရွာလယ်လမ်းလည်း လူတစ်ရပ်ရှိတယ်၊ ရေက စိမ့်ဝင်လာတာမျိုးမဟုတ်ဘူး၊ ပေါက်ကျလာတာမျိုးဝင်တာ ရွာထဲကို၊ လှေနဲ့က မလှော်နိုင်ဘူး၊ လှေမှောက်ကုန်တာ၊ စက်လှေမှပဲရမယ်၊ ခက်တာက ဒီမှာက စက်လှေသိပ်မသုံးကြတော့ဘူး” ဟု လူမှုရေးအသင်းအဖွဲ့သားတစ်ဦးက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ကြုံတွေ့ရသည့် အခြေအနေကို ရှင်းပြထားသည်။
 
ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်၌ ယမန်နေ့ည (၇)နာရီခန့်က လှေမှောက်ရာမှ အမျိုးသမီးတစ်ဦး ရေနစ်ပျောက်ဆုံးခဲ့သည်။
 
“လုံးခင်းကျေးရွာအုပ်စု၊ နမ့်စန်း ဘက်ကဆို ငိုပြီးတော့ကို အကူအညီတောင်းတာ၊ ဒါပေမယ့် မသွားနိုင်ဘူး၊ လုံးခင်းထဲတောင် လူအားရော ကယ်ဆယ်ရေးပစ္စည်းပိုင်းရော အားနည်းနေတာ၊ ကိုယ်တာဝန်မကျေသလိုဖြစ်တာပေါ့”ဟု ကယ်ဆယ်ရေးဆောင်ရွက်နေသူက ပြောပြသည်။
 
ဖားကန့်မြို့နှင့် လုံးခင်းကျေးရွာအုပ်စုတို့မှ ရေဘေးသင့်ပြည်သူ ငါးထောင်ခန့်ရှိသည်ဟု သိရပြီး ရေနှင့်ထမင်းဘူးများဝေငှနိုင်ရန် ရေဘေးလွတ်ပြည်သူများက ကူညီဆောင်ရွက်နေကြကြောင်း၊ ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဖားကန့်အပြင် ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား၌လည်း ရပ်ကွက်အတော်များများ မြစ်ရေဝင်ရောက်ကာ နစ်မြှုပ်လျှက်ရှိပြီး ရေမြှင့်တက်မှုမြန်ဆန်မှုကြောင့် ဘေးလွတ်ရာသို့မထွက်နိုင်ပဲ ပိတ်မိပြည်သူထောင်နှင့်ချီရှိခဲ့ကာ ယနေ့အထိ လူမှုကွန်ရက်တွင်တင်ကာ အကူအညီ တောင်းခံမှု ရှိနေသည်။
 
#RedNewsAgency
 
By Editor