ရှမ်းမြောက်မှာ ကြိုက်တဲ့မြို့ကိုသိမ်း အသေခံတိုက်မဲ့သူ မရှိတော့

“ရှမ်းမြောက်က တစ်ကျော့ပြန်စစ်ပွဲတွေအတွင်း အသုံးပြုရန်အတွက် အခုမှ သင်တန်းဆင်းခါစ စစ်မှုထမ်းအပတ်စဥ် ၁ အဖွဲ့တွေနဲ့ ပျူစောထီးအင်အားထောင်ချီကို လားရှိုး၊ ပြင်ဦးလွင်ဘက်သို့ပို့ဆောင်ထားတယ်လို့သိရပါတယ်”

ချမ်းမင်း – Wiper

ဒီရက်ပိုင်း ရှမ်းမြောက်ကစစ်ပွဲတွေနဲ့ ပတ်သတ်ပြီး အကြမ်းဖက်စစ်တပ်အနေနဲ့ အတော်လေး ရတက်မအေးတဲ့ခံစားချက်မျိုး ခံစားနေရတာကို တွေ့လာရပါတယ်။ အထူးသဖြင့် စစ်တပ်ဘက်က အစဥ်တစိုက်ရပ်တည်ခဲ့ပြီး လော်ဘီလုပ်ပေးနေတဲ့ သဇင်ဦး၊ ကျော်မျိုးမင်းနဲ့ ကျော်စိုးဦးတို့လို စစ်တပ်လော်ဘီတွေကိုယ်တိုင်တောင် ယခုတစ်ကြိမ်မှာတော့ ၁၀၂၇ စစ်ဆင်ရေးတုန်းကလို စကားကို အကုန်မပြောတော့ဘဲ စစ်တပ်က အရေးနိမ့်နေကြောင်းတွေ၊ အနီးစပ်ဆုံး နောင်ချိုမြို့တိုက်ပွဲမှာဆိုရင်လည်း မြို့ကျဖို့အတော်လေးနီးစပ်နေကြောင်းတွေကို သူတို့ကိုယ်တိုင်ပင်ထုတ်ပြောလာပြီး မင်းအောင်လှိုင်တို့အုပ်စုရဲ့ လုပ်ရည်ကိုင်ရည်ကို မသိမသာဖြင့်မေးခွန်းထုတ်ပြောဆိုမှုတွေပြုလုပ်ခဲ့တယ်ဆိုတာကိုလည်း သတိထားမိပါတယ်။

၂၀၂၁ ခုနှစ်နွေဦးတော်လှန်ရေးအစမှသည် ၁၀၂၇ စစ်ဆင်ရေးမတိုင်မီအထိ ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို စစ်တပ်လော်ဘီတွေမှအစဥ်အဆက်ပင် ခုထိဘယ်နှစ်မြို့သိမ်းပြီးပြီလည်း၊ အရေးကြီးတဲ့တပ်စခန်း၊ ဗျူဟာမြောက်စခန်းဘယ်နှစ်ခုကို သိမ်းပြီးပြီမို့လဲ ဆိုတဲ့မေးခွန်းတွေထုတ်ကာ လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ဗျူဟာမြောက်ထိုးစစ်စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး အတွင်းမှာတော့ စစ်တပ်ရဲ့ဗျူဟာမြောက်စခန်းတွေ ရာနဲ့ချီ၊ ကုန်သွယ် ရေး၊ စစ်ရေးအရအရေးပါတဲ့မြို့တွေ ဆယ်ဂဏာန်းထပ်မနည်း သိမ်းပိုက်ပြနိုင်ခဲ့တဲ့အပြင် အဆစ်အနေဖြင့် စစ်တပ်ရဲ့တိုက်ခိုက်ရေး တပ်မမှူး၊ တပ်ရင်းမှူး၊ ဗျူဟာမှူးတွေကိုပါ အရှင်ဖမ်းဆီးတာတွေ၊ စစ်မြေပြင်အတွင်း ရှင်းလင်းတာတွေပြုလုပ်နိုင်ခဲ့တာအားလုံးအသိပါ။


တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အရှိန်အဟုန်ဖြင့် တိုက်စစ်ဆင်နေတဲ့ကာလမှာ စစ်တပ်ထောက်ခံသူတွေနဲ့ စစ်တပ်လော်ဘီတွေအနေဖြင့် ဒါဟာ တိုက်ပွဲအဆင့်သာရှိသေးကြောင့် လက်နက်ကိုင်တွေအနေဖြင့် စစ်တပ်ကို တိုက်ပွဲအဆင့်လောက်မှာသာနိုင်နိုင်ပြီး စစ်ပွဲလို့ခေါ်ရမဲ့ တိုက်ခိုက်မှုကြီးကြီးမားမားဖြစ်လာတဲ့အချိန်မှာတော့ ဘယ်လိုမှနိုင်မှာမဟုတ်ကြောင်း၊ ဒါကြောင့်စစ်တပ်ကို သွားမဆွနဲ့ စစ်ကိုစစ်နဲ့တူအောင်တိုက်တဲ့အချိန်မှာ အကုန်မျိုးတုန်းကုန်မယ်ဆိုတဲ့ စကားတွေသုံးပြီး စစ်တပ်ဘက်က လော်ဘီလုပ်ခဲ့ပေးပါသေးတယ်။ ဒါပေမဲ့လည်း ဘယ်လောက်ပဲ စိတ်ဓာတ်စစ်ဆင်ရေးအရ စစ်တပ်ဘက်က လော်ဘီလုပ်ပြီး စိတ်အားတက်ကြွအောင်ပြုလုပ်ပေးခဲ့ပါစေ နောက်ဆုံးမှာတော့ စစ်တပ်အနေဖြင့် မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့၁၀၂၇ စစ်ဆင်ရေးရဲ့ထိုးစစ်ကိုဘယ်လိုမှမခံနိူင်ဘဲ တရုတ်အကူအညီဖြင့် အတင်းအကြပ်ဟိုင်ဂင်သဘောတူညီမှုပြုလုပ်ခဲ့ရပါတယ်။

စစ်တပ်အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ကမ္ဘာသိ ရှုံးနိမ့်မှုကြီးကြုံတွေ့ခဲ့ရတဲ့အချိန်မှာတော့ စစ်တပ်လော်ဘီတွေ ရဲ့မျှားဦးဟာ မင်းအောင်လှိုင်ဘက်ကိုလှည့်ပြီး ဒါဟာ ကာချုပ်လုပ်သူက ပျော့ညံလွန်းတာကြောင့် ခုလိုဖြစ်ရကြောင်း၊ ရှိတဲ့လူအင်အား၊ရှိတဲ့လက်နက်အကုန်ထုတ်မသုံးဘဲ အနည်းဆုံးအင်အားကိုသာထုတ်သုံးတာကြောင့်ခုလိုဖြစ်ရကြောင်းတွေပြောပြီး စစ်တပ်ရဲ့အရှုံးကိုအရှက်ပြေကာချမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့သူတို့ပြောသလို အနည်းဆုံးအင်အားဖြင့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထိုးစစ်ကိုခုခံခဲ့တာမဟုတ်ဘဲ ရှိသမျှလူအင်အား၊ လက်နက်အင်အား အကုန်ထုတ်သုံးခဲ့ပြီးမှ ဘယ်လိုမှအရေးမသာလို့ အပစ်ရပ်စဲရေး စာချုပ်ဆိုခဲ့ရကြောင်းကို စစ်ဗိုလ်ချုပ်တွေအနေနဲ့ ကောင်းကောင်းကြီးသိရှိခဲ့ပါတယ်။

 

တော်လှန်ရေး ၃ နှစ်ကျော်ကြာကာလအတွင်း ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်ရဲ့ တကယ့်တိုက်ခိုက်ရေးတပ်မတွေ ၊စကခတွေမှ အင်အားထက်ဝက်နီးပါးဟာ ပြုန်းတီးခဲ့ရပြီး အင်အားသုံးသိန်ကျော်အထိရှိပါတယ်ဆိုတဲ့ စစ်တပ်အတွင်း တကယ့်တကယ်စစ်တိုက်တက်တဲ့ စစ်သားရှားပါးလာခဲ့တယ်ဆိုတာထင်ရှားလာပါတယ်။ ဒီလိုအင်အားနည်းပါးလာတာကြောင့်ပဲ နိုင်ငံတော်ရဲ့ အာဏာသုံးရပ်ကို အတင်း အကြပ်လုယူထားတဲ့စစ်တပ်အနေဖြင့် စစ်မှုမထမ်းမနေရ ဥပဒေကို ပြဌာန်းပြီး မြို့ပေါ်နေလူငယ်လူရွယ်တွေကို စစ်ပွဲအတွင်း အတင်းအကြပ်ဆွဲသွင်းခဲ့တယ်လို့ဆိုနိုင်ပါတယ်။ စစ်မှုမထမ်းမနေရ အပတ်စဥ်တခုလျှင် အင်အား ၅ ထောင်ကျော်အထိစုဆောင်းပြီး တော်လှန်ရေးတပ်ဖွဲ့တွေကြောင့်ဆုံးရှုံးသွားတဲ့ အင်အားတွေနေရာမှာအစားထိုးဖို့ပြင်ဆင်လာခဲ့ပါတယ်။

တော်လှန်ရေးတပ်ရပ် ဒါမှမဟုတ် စစ်ပွဲတစ်ပွဲ တိုက်ပွဲတစ်ခုဆိုတာဟာ အင်အားပေါ်မှာ မူတည်တာမဟုတ်ဘဲ ခံယူချက်၊ ပြတ်သားမှုနဲ့ ပြည်သူ့ထောက်ခံမှုအပေါ် မူတည်တယ်ဆိုတာကို စစ်ခေါင်းဆောင်တွေအနေနဲ့ မေ့လျော့နေဟန်တူပါတယ်။ အခုနောက်ဆုံး ကြားသိရသလောက် သတင်းတွေအရဆိုရင် ရှမ်းမြောက်က တစ်ကျော့ပြန်စစ်ပွဲတွေအတွင်း အသုံးပြုရန်အတွက် အခုမှ သင်တန်းဆင်းခါစ စစ်မှုထမ်းအပတ်စဥ် ၁ အဖွဲ့တွေနဲ့ ပျူစောထီးအင်အားထောင်ချီကို လားရှိုး၊ ပြင်ဦးလွင်ဘက်သို့ပို့ဆောင်ထားတယ်လို့သိရပါတယ်။

စစ်ရှုံး စစ်ကောင်စီအနေနဲ့ အင်အားများအောင် အရေအတွက် ကိန်းဂဏာန်းအားဖြင့်ကြည့်မယ်ဆိုရင် များတယ်လို့ဆိုနိုင်ပေမဲ့လည်း တစ်သက်လုံး စစ်တိုက်လာပြီး တိုက်ရည်ခိုက်ရည်နဲ့ ပြည့်စုံပါတယ်ဆိုတဲ့ ခြေလျင်ခြေမြန်တပ်တွေ၊ ဂဏန်းတပ်မတွေနဲ့ စကခ တွေပါဖွဲ့စည်းပုံပျက်လောက်အောင် တိုက်ခိုက်ထားနိုင်တဲ့တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ကို ယခုလိုအတင်းအကြပ်စုဆောင်းထားတဲ့ စစ်သားတွေ၊ရပ်ကွက်ထဲက လူမိုက်အဆင့်သာသာကို လက်နက်တပ်ဆင်ပေးထားတဲ့ အစုအဖွဲ့လေးနဲ့ ဘယ်လိုမှဟန့်တားနိုင်စရာမရှိဘူးဆိုတာတော့ ယုံမှားသံသယဖြစ်ဖို့ မလိုပါဘူး..။ ဒါ့ကြောင့်ရှမ်းမြောက်ရဲ့တစ်ကျော့ပြန်စစ်ဆင်ရေးဟာ ပြင်ဦးလွင်ကိုသိမ်းမလား၊ လားရှိုးတိုင်းစစ်ဌာနချုပ်ကိုသိမ်းမလား၊ ကြိုက်တဲ့မြို့ကိုသိမ်း သိမ်းသမျှ သေချာပေါက်အောင်မြင်ကြအုံးမဲ့ စစ်ဆင်ရေးလို့ ဆိုနိုင်ပါတယ်။ ။

#RedNewsAgency

By Editor