Red News Agency

Independent Journalism for Justice and Human Rights.

မတ္တရာမြို့နယ်အတွင်းမှ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်းအပါအဝင် (၈) ခုကို မန္တလေး PDF အပြီးသတ်သိမ်းပိုက်နိုင်ခဲ့

Written by

in

RNA_ဇူလိုင်(၂)၊၂၀၂၄ ခုနှစ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သော (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း၊ ဆည်တော်တပ်စခန်း၊ ပန်းသလဲတောင် တပ်စခန်း၊ ရေစိုတောင် တပ်စခန်း၊ နေကျော်တောင် တပ်စခန်း၊ ရွှေပုထိုး တပ်စခန်း၊ ကျောက်ခလုတ် တပ်စခန်းနှင့် Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သော မြေနီတောင် တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က အပြီးသတ်သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း သိရသည်။

မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း ဖမ်းဆီးရမိစစ်သုံ့ပန်းနှင့် လက်နက်ချအညံ့ခံသူ (၆၄)ဦးရှိပြီး၊ တပ်မိသာစုဝင်များဖြစ်သည့် အမျိုးသမီး၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ စုစုပေါင်း (၁၁၇)ဦးခန့်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားလျက်ရှိကြောင်း၊ ရန်သူ့လက်နက်မျိုးစုံ (၁၂၅) လက်နှင့် ဆက်စပ်ခဲယမ်းအများအပြား သိမ်းဆည်းရမိထးသည်ဟု မန္တလေး PDF က ယနေ့ ထုတ်ပြန်ထားသည်။

 

မတ္တရာမြို့နယ်အတွင်းရှိ စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့်အတူ ဒေသခံအဖွဲ့အစည်းဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့သည်လည်း ပူးပေါင်းပါဝင် တိုက်ခိုက်လျက်ရှိကြောင်း၊ မန္တလေး PDF အနေဖြင့် သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး၊ “၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)”နှင့်အတူ ဟန်ချက်ညီညီ နောင်ချို၊ မိုးကုတ်၊ ကျောက်မဲနှင့် မတ္တရာ စစ်မျက်နှာများတွင် စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

#RedNewsAgency