စစ်ကောင်စီတပ်၏ ပစ်ခတ်ခံရမှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် ဝင်းနိမ္မိတရုံစာသင်တိုက် ဆရာတော်၏ ရုပ်ကလာပ် ပဲခူးပြန်လည်ပင့်ဆောင်

RNA_ဇွန်(၂၀)၊၂၀၂၄ ခုနှစ်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ယမန်နေ့က ပျံလွန်တော်မူခဲ့ရသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ၏ ဥတုဇရုပ်ကလာပ် ပဲခူးမြို့ ကျောင်းတိုက်သို့ ယနေ့ (ဇွန်လ ၂၀ ရက်) နံနက် ၄ နာရီတွင် ပြန်လည်ပင့်ဆောင်ခဲ့ပြီဟု သိရသည်။

မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန) ၌ ယနေ့ ကျင်းပမည့် ရွှေကျင်နိကာယဗဟိုဌာန၏ အစည်းအဝေးသွားတက်သည့် ခရီးစဉ်အတွင်း စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုကြောင့် ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ရခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသ မဟန (ငြိမ်း)နှင့် ပဲခူးတိုင်း၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံ မဟန (ငြိမ်း) တို့သည့် ဇွန်လ ၁၉ ရက်နေ့က နံနက်ပိုင်းမှစတင်ကာ ရန်ကုန်မြို့မှ လေယာဉ်ဖြင့် တံတားဦးလေဆိပ်သို့ ကြွရောက်လာရာ နံနက် ၁၀ နာရီတွင် တံတားဦးလေဆိပ်သို့ ‌ရောက်ရှိကြောင်း၊ ထို့နောက် ကံသုံးဆင့် ဆရာတော်ဇာတိဖြစ်သော ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာသို့ မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် လမ်း၌ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။


သက်တော် ၇၇ နှစ်၊ သိက္ခာတော် ၅၇ ဝါ ရှိပြီဖြစ်သည့် ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီးသည် ဝိနယာဓိက ပရိယတ္တိ ပထမကျော်၊ နိုင်ငံတော်အစိုးရ ပထမကျော်၊ သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယ၊ အင်္ဂုတ္တရနိကာယပါဠိပါရဂူ၊ ဒီဃဘာဏက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့များကို ရရှိထားသည်ဟု သိရသည်။

#RedNewsAgency

By Editor