စစ်ကောင်စီ ကျောင်းများတွင် အတန်းကျော်သည့် မှောင်ခိုဈေးကွက်ထွန်းကားနေ

RNA_ဖားကန့်၊ ဇွန် (၁၇)၊၂၀၂၄ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ စစ်ကောင်စီဖွင့် အခြေခံပညာကျောင်းများတွင် အသက်အရွယ်အလိုက် စာသင်နှစ်တစ်နှစ်အတွင်း အတန်းကျော်သည့် မှောင်ခိုဈေးကွက်ထွန်းကားနေကြောင်း ကျောင်းသား မိဘများထံမှ သိရသည်။

“ဖားကန့် ကျောင်းကြီးမှာက ကိုယ့်သားသမီးက အသက်ကြီးနေရင် ကျောင်းစအပ်တာနဲ့ တစ်တန်းတက်စေချင်ရင် သုံးသိန်းခွဲပဲ၊ တစ်နှစ်ထဲ နှစ်တန်းအထိတင်လို့ရတယ်၊ ခုနှစ်သိန်း ကျမှာပေါ့ နှစ်တန်းတင်ဆို၊ အတန်းကြီးတွေက တစ်တန်းတင်မယ်ဆို ငါးသိန်းဈေးပေါက်တယ်၊ ကျောင်းအုပ် ကတော့ မသိဘူး ဒါဆရာမတွေက လုပ်ပေးတာ ဆိုပြီးပြောနေတာပဲ”ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

မြို့နယ်ပညာရေးမှူးသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်နောက်မှ ပြောင်းလာသည့် ဒေါ်အေးအေးနွယ်ဖြစ်ပြီး ဖားကန့်ကျောင်းအုပ်ကြီးသည် အာဏာမသိမ်းခင်ကတည်းက ကျောင်းအုပ် ဖြစ်သူ ဦးထွဲဝါဖြစ်သည်။


ဖားကန့်မြို့ အထက်တန်းကျောင်းအပြင် အခြား စစ်ကောင်စီ၏ အခြေခံပညာကျောင်း အများစုသည် အတန်းကျော်သည့်မှောင်ခိုဈေးကွက်ရှိနေပြီး ကျောင်းမတက်ရပဲနှင့်လည်း အတန်းပိုင်နှင့်ကျောင်းအုပ် မြို့နယ်ပညာရေးမှူးတို့ထံ ဂါရဝကြေးဖြင့် လက်ဝါးချင်းရိုက်လျှင် ကျောင်းအပ် စာရင်းပြ၊ စာသင်နှစ်ကုန်လျှင် စာမေးပွဲဖြေစေကာ အတန်းတင်ပေးမှုများလည်းရှိသည်။

ထို့အပြင် ဖားကန့်မြို့ မှော်ဝမ်း အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဖြစ်သူ ဒေါ်အေးတင့်က အတန်းပိုင်များ၏ ကျူရှင်လခ တစ်ဝက်ခွဲပေးရန်တောင်းဆိုသည့်အတွက် လွန်ခဲ့သည့်သုံးရက်ခန့်က ပြဿနာ တက်ကြခဲ့သေးကြောင်း သိရသည်။

ဖားကန့်မြို့နယ်သည် CDM ပြုလုပ်သည့် ဆရာ/ဆရာမ အားကောင်းသည့် မြို့နယ်တစ်ခု ဖြစ်ပြီး စစ်ကောင်စီသည် အခြေခံပညာကျောင်းအများစု မဖွင့်နိုင်ပဲ ပိတ်ထားရကြောင်း၊ KIO/KIA အပြည့်အဝထိန်းချုပ်နိုင်သည့် စိုးမိုးနယ်မြေများတွင် KIO အစိုးရဖော်ဆောင်သည့် KED ပညာရေးနှင့် NUG အစိုးရနှင့် ချိတ်ဆက်သည့် NUG ပညာရေးတို့ရှိနေသည်။

#RedNewsAgency

By Editor