“လမ်းမပေါ်တက် အလှူခံပြီး ရံပုံငွေရှာတာကို ဒုတိယအချက်အနေနဲ့ စဥ်းစားရမှာက စစ်ကောင်စီဂိတ်တွေနဲ့ နီးတဲ့အပြင် အထင်ကရလမ်းမကြီးပေါ်ဖြစ်တာကြောင့် မကြာခဏဆိုသလို အဲ့ဒီလမ်းပိုင်းပေါ်က တော်လှန်လူငယ်တွေက စစ်တပ်ရဲ့ စစ်ရေးပစ်မှတ်ဖြစ်နေရတယ်။ ဥပမာ စစ်သားတွေက စစ်ကိုင်းဖက်က ဂိတ်တခုကနေ ခရီးသွားယာဥ်ပေါ်တက်လိုက်လာတယ်။ အလှူခံနေတဲ့ ဂိတ်ရောက်မှ ကားမရပ်ခိုင်းဘဲ ကားပေါ်ကနေ သေနတ်နဲ့ပစ်သွားတယ်။ လူငယ်တွေမှာ ပြဆင်ဆင်ချိန်မရှိ ခုခံမှုမရှိ အသက်ပေးရတယ်”
ခေတ်ငြိမ်းအေး
ကျွန်မ မန္တလေးကနေ မုံရွာကို ကားနဲ့သွားတဲ့နေ့က လမ်းမှာလည်း ကျွန်မက လှတပတဝတ်စားထားပြီး မုန့်တွေတမျိုးပြီးတမျိုးစားပြီး လိုက်လာတာပေါ့။ ကြည့်လိုက်တာနဲ့ ပိုက်ဆံသုံးနိုင်တဲ့သူမှန်း သိသာနေတာမျိုးပဲ။ ကျွန်မစီးလာတဲ့ ကားက မန္တလေးကနေ စစ်ကိုင်းမြို့ကိုဖြတ်ပြီး မန္တလေး မုံရွာလမ်းမကြီးပေါ်အတိုင်း မှန်မှန်မောင်းလာရင်း ကားကို PDF ရဲဘော်တွေက တားကြတယ်။ စစ်ဆေးရေးဂိတ်လားလို့ ထင်ပေမယ့် သူတို့ အလှူခံနေကြတာဖြစ်တယ်။ ဆယ်မိနစ်လောက်ကားစီးပြီးရင် တဖွဲ့ တခါ နောက်ဆယ်မိနစ်ကျော်လောက် ကားစီးပြီးရင် တဖွဲ့နဲ့ တော်လှန်ရေးအဖွဲ့တွေ အလှူခံနေကြတာ အဲ့လမ်းပိုင်းလေးမှာတင် ဆယ်ဖွဲ့ကျော်တယ်။
အဲ့ဒီတော်လှန်ရေးသမားတွေ ထွက်အလှူခံတဲ့ လမ်းပိုင်းနာမည်က ချောင်းဦး မြင်းမူး စစ်ကိုင်း လမ်းပိုင်းဖြစ်ပြီး အဲ့ဒီလမ်းက မုံရွာကနေ မန္တလေးကို သွားတဲ့ လမ်းပိုင်း တခုဖြစ်တယ်။ အဲ့ဒီလမ်းက မုံရွာမြို့အပြင် မုံရွာမြို့နှင့် အနီးတဝိုက် မြို့နယ်များမှ ရန်ကုန် မန္တလေး အစရှိသော မြို့ကြီးတွေကို သွားလာနိုင်တဲ့ တခုတည်းသော လမ်းဖြစ်တယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးမှာ စစ်ကိုင်းတိုင်းက ပုံစံမျိုးစုံနဲ့ နေရာပေါင်းစုံတွင် တက်အားသ၍ ပါဝင်နေသော နေရာတခုဖြစ်တယ်ဆိုတာ ထူးပြီးပြောပြနေစရာတော့ လိုမယ်မထင်ပါဘူး။
စစ်ကိုင်းတိုင်းလို့ ပြောလိုက်တာနဲ့ လက်ညှိုးထိုးမလွှဲ တော်လှန်ရေးတပ်ဖွဲ့များ ကြင်လည်ကျက်စားနေတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ အလားတူ ချောင်းဦးမြို့နယ် မြင်းမူမြို့နယ်တို့ကလည်း တော်လှန်ရေးမှာ အားသွန်ခိုက်စွာ ပါဝင်လှုပ်ရှားနေကြတဲ့နေရာတွေဖြစ်သလို Local PdF၊ ရပ်ရွာကာကွယ်ရေးအဖွဲ့အပါအဝင် NUG – MOD ရဲ့ တပ်ရင်းတပ်ဖွဲ့များ အခြေစိုက်လှုပ်ရှားနေကြတယ်။
အဲ့ဒီလက်ညိုးထိုးမလွှဲတဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးအသုံးစရိတ်နှင့် စခန်းစရိတ်တွေကို ပြည်တွင်းပြည်ပ အလှူရှင်များ အင်တိုက်အားတိုက် ကူညီနေကြပေမယ့် လုံလောက်တဲ့ အနေအထားမဟုတ်ပေ။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကလည်း တပ်ရင်းဘယ်လောက် တပ်ဖွဲ့ ဘယ်လောက်လို့ ပြောပေမဲ့ အလုံးစုံ ပြည့်စုံအောင် ထောက်ပံ့မထားနိုင်တာ အားလုံးအသိဖြစ်ပါတယ်။ ဒါကြောင့် ဒီဒေသက တော်လှန်ရေးတပ်ဖွဲ့တွေဟာ Online ကနေ အလှူခံတာ၊ သီးနှံတွေကို ကိုယ်တိုင်စိုက်ပျိုးတာ၊ ကိုယ့်အသိမိတ်ဆွေတွေဆီက အလှူခံတာအပြင် လမ်းပေါ်မှာ အလှူခံထွက်လာကြရတယ်။
သို့သော်လည်း နာမည်ကြီးတော်လှန်ရေးတပ်ဖွဲ့တွေသာ Online Fundraising Campagin တွေက အောင်မြင်တတ်ပြီး အခြား အဖွဲ့ငယ်လေးတွေအနေနဲ့ သူတို့ရဲ့ ရံပုံငွေလိုအပ်ချက်ကို ကောင်းကောင်းမဖြည့်တင်နိုင်ပေ။ နည်းလမ်းများစွာနဲ့ အဖက်ဖက်က ရံပုံငွေ ရှာကြသော်လည်း လိုအပ်နေသောအခါ ကားထောင်ချီသွားနေသော လမ်းပေါ်တက် အလှူခံခြင်းသည် ရံပုံငွေရှာနည်း တမျိုးဖြစ်လာသည်။ အင်အားများရင် များသလောက် လိုအပ်လာတဲ့ စားနပ်ရိက္ခာကအစ အခြေခံလိုအပ်ချက်တွေကလည်း များလာတာဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးဟာ ကုန်ကျစရိတ်များသလောက် အသက်ပေးဆပ်နေကြရတာလည်း အားလုံးအသိဖြစ်ပါတယ်။
ဒီလိုအလှူခံပြီး ရံပုံငွေရှာနေတဲ့ တော်လှန်ရေးတပ်ဖွဲ့အားလုံးက အမှန်တကယ် အလုပ်လုပ်နေတယ်ဆိုတာ ဘယ်သူမျှ အတိအကျမပြောနိုင်ဘူး။ အလုပ်လုပ်တယ်ဆိုရာမှာ ငွေကြေး စာရင်းဇယားနဲ့ မှတ်တမ်းနဲ့ တကယ့်တိုက်ပွဲဝင်နေသူ၊ စာရင်းဇယားမရှိသော်ငြား တိုက်ပွဲဝင်နေသူနှင့် တော်လှန်ရေးဗန်းပြကာ အလှူခံစားနေသူ ဆိုပြီး ရှိလိမ့်မည်။ အဲ့ဒီလမ်းမပေါ် အလှူခံနေတဲ့ အဖွဲ့တွေက ဘယ်လိုအဖွဲ့မျိုးလဲဆိုတာ ဘယ်သူမျှ မသိနိုင်တာက ပထမစဥ်းစားရမည့် အချက်ဖြစ်တယ်။ ဒါက တကယ့်မြေပြင်အခြေအနေ ဖြစ်ပါတယ်။ အားလုံးဟာ တော်လှန်ရေးအဖွဲ့ချည်းဖြစ်တယ်လို့တော့ ပြောဖို့ခက်ပါလိမ့်မယ်။ နောက်ပြီး တော်လှန်ရေးအဖွဲ့အမည်ခံပြီး မတော်လှန်သောအဖွဲ့တွေရှိနိုင်ပါသေးတယ်။ စစ်ကိုင်းတိုင်းမှာက အမည်ပေါင်းများစွာနဲ့အဖွဲ့တွေ အားကောင်းခဲ့သလောက် နောက်ပိုင်းတချို့အဖွဲ့တွေဆိုရင် ရှာလို့မတွေ့နိုင်တာတွေလည်းရှိနေပါတယ်။
ဒီနေရာမှာ ဘာကြောင့် ဒီလို ပြောရလဲဆိုတော့ တရက် ကျွန်မနဲ့ကားအတူစီးလာတဲ့ အန်တီက အလှူခံနေတဲ့ အဖွဲ့ငါးခုလောက်ကို သူလှုပြီး ကျွန်မ မလှူတော့ ကျွန်မကိုမေးတယ် “ သမီးက အစိုးရ ဝန်ထမ်းမို့ မလှူတာလား” တဲ့။ ဒီတော့ အန်တီကို ကျွန်မက အန်တီရေ သမီးတို့ ကားရပ်ပေးလို့ သူတို့အလှူခံတော့ သမီးမလှူဘူးမလား၊ အဲ့မှာ သူတို့က သမီးကိုမှတ်ပုံတင်ပေးဆိုပြီးစစ်တယ်၊ ဒါက မလှူလို့ ရန်သူလို့ သတ်မှတ်နေသလိုခံစားရတယ်၊ ပြီးရင် အန်တီတို့လှူတဲ့ငွေတွေကို ထိုင်သိမ်းနေတဲ့ သူက ဘီယာဆိုင်ထဲမှာလည်း ရှိနေတတ်တယ်၊ ဒါကြောင့် ကိုယ်မသိတဲ့ ကိုယ်မကျွမ်းကျင်တဲ့ ဒေသက တော်လှန်ရေးသမားတွေကို မလှူဖြစ်တာပါ” လို့ ရှင်းပြရတယ်။
ကျွန်မလည်း ဘယ်ဟာက တရားလဲ၊ ဘယ်သူက မတရားလဲ သိပြီး အာဏာရှင်ကို တော်လှန်လိုစိတ်အပြည့်နဲ့ တော်လှန်နေကြတဲ့ အရပ်က အညာသူမို့ ရှိသမျှ ပုံအောမလှူနိုင်ပေသော်ငြား ကျွန်မအပါအဝင် ကျွန်မတို့မိသားတစုလုံး တော်လှန်ရေးမှာ လက်မနှေးခဲ့ကြဘူး။ အရှေ့ဖက်ရွာမှာ စစ်သားတွေရှိနေလို့ ကျွန်မတို့ရွာကနေ PDF တွေ အလှည့်ကျ ကင်းစောင့်ရင်း ရှိနေတယ်ဆို ကျွန်မတို့ ထမင်း၊ဟင်းချက်ပြီး ပို့ကာ ကျွေးမွေးကြတာဖြစ်တယ်။ ဒါက တော်လှန်ရေးကို ထောက်ပံ့တဲ့နည်းလမ်းထဲက တခုဖြစ်ပြီး ကိုယ်တိုင်တောင် ရွာစဥ်လှည့်ပြီး ရိက္ခာတွေ အလှူခံပေးဖူးပါရဲ့။ ကိုယ်သေချာသိတဲ့ တကယ်ကိုအနစ်နာခံ တိုက်ပွဲဝင်ထားတဲ့ တော်လှန်ရေးသမားတွေကိုပဲ ထောက်ပံံ့မယ်ဆိုပြီး မလှူဖြစ်တဲ့ ကျွန်မကို အမြင်နဲ့ဆုံးဖြတ်ပြီး မှတ်ပုံတင်စစ်တာမျိုး ခံရတာ တခါနှစ်ခါ မကတော့တဲ့အခါ ပေါက်ကွဲထွက်လာတော့တာပါပဲ။
အခုလို လမ်းမပေါ်တက် အလှူခံပြီး ရံပုံငွေရှာတာကို ဒုတိယအချက်အနေနဲ့ စဥ်းစားရမှာက စစ်ကောင်စီဂိတ်တွေနဲ့ နီးတဲ့အပြင် အထင်ကရလမ်းမကြီးပေါ်ဖြစ်တာကြောင့် မကြာခဏဆိုသလို အဲ့ဒီလမ်းပိုင်းပေါ်က တော်လှန်လူငယ်တွေက စစ်တပ်ရဲ့ စစ်ရေးပစ်မှတ်ဖြစ်နေရတယ်။ ဥပမာ စစ်သားတွေက စစ်ကိုင်းဖက်က ဂိတ်တခုကနေ ခရီးသွားယာဥ်ပေါ်တက်လိုက်လာတယ်။ အလှူခံနေတဲ့ ဂိတ်ရောက်မှ ကားမရပ်ခိုင်းဘဲ ကားပေါ်ကနေ သေနတ်နဲ့ပစ်သွားတယ်။ လူငယ်တွေမှာ ပြဆင်ဆင်ချိန်မရှိ ခုခံမှုမရှိ အသက်ပေးရတယ်။ ကိုယ့်ဖက်က စစ်ရေးအသိ၊ စစ်ရေးသတိအားနည်းသလိုဖြစ်နေပြီး ထိရောက်တဲ့ ပြင်ဆင်မှုမလုပ်ထားနိုင်တာကလည်း စိတ်မကောင်းပေမယ့် လက်ခံနေရတယ်။
ရံပုံငွေလိုအပ်ချက်ကို သိပေမယ့် လမ်းမပေါ်မှာ အလှူထွက်ခံတဲ့အတွက် တော်လှန်ရေးရဲ့ ပုံရိပ်၊ တော်လှန်လူငယ်တွေရဲ့ ပုံရိပ်ကို ထိခိုက်နိုင်တယ်။ ထိခိုက်နေတာတွေလည်း ရှိနေပါတယ်။ မှန်မှန်ကန်ကန်နဲ့ တိုင်းပြည်အတွက် အသက်ပေးပြီး တိုက်ပွဲဝင်နေတဲ့ လူငယ်တွေ အလှူခံပြီး ရံပုံငွေရှာနေတာက ပြည်သူ့ရင်ထဲမှာ သနားစဖွယ်ဖြစ်ပြီး အချစ်ပိုနိုင်တဲ့ ကိစ္စတခုပဲ။ ဒါပေမယ့် လက်နက်ဗန်းပြ အလှူခံစားသူတွေကို မခွဲခြားနိုင်တဲ့အခါ လက်နက်ကိုင်တော်လှန်လူငယ်အားလုံးရဲ့ ဂုဏ်သိက္ခာ ထိခိုက်တော့တာပါပဲ။တော်လှန်ရေး ကြာမြှင့်လာတာနှင့်အမျှ သိုးရေခြုံထားတဲ့ ဝံပုလွေများစွာကို မျက်မြင်ကိုယ်တွေ့ တွေ့ကြုံနေကြရတာ ဖြစ်တယ်။
တော်လှန်ရေးကို ခုတုံးလုပ်ပြီး နာမည်ကြီးချင်ကြသူတွေ၊ စီးပွားရှာနေကြသူတွေကြောင့် ပြည်သူက တော်လှန်ရေးသမားတွေအပေါ် အယုံအကြည်နည်းပြီး တော်လှန်ရေးကို စိတ်ပျက်အားငယ်လာမှာစိုးရိမ်ရတယ်။ တော်လှန်ရေးက ပြည်သူလူထု တရပ်လုံးနဲ့ ဆိုင်ပြီး ပြည်သူလူထုက တော်လှန်ရေးသမားတွေကို ချစ်ခင်ရိုသေလေးစားမှသာ တော်လှန်ရေးကြီး မြန်မြန်နဲ့ အောင်အောင်မြင်မြင် ပြီးမြောက်နိုင်မှာဖြစ်တယ်။ အလားတူပဲ ပြည်သူသံသယရှိပြီး ပြည်သူမယုံကြည်တော့ရင် တော်လှန်ရေးရေချိန် ကျလာမှာက မလွဲမသွေပဲ။
အဲဒါကြောင့် ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ ကိုယ့်ဒေသက လက်နက်ကိုင်တပ်ဖွဲ့တွေကို စည်းစနစ်တကျရှိတဲ့ အမှန်တကယ် တိုက်ပွဲဝင်နေတဲ့ အဖွဲ့တွေဖြစ်ဖို့ ဝိုင်းဝန်းကူညီသင့်တယ်။ ကျွန်မတို့မှာ ဒီလူနဲ့ ဒီလူတွေပဲရှိတာမို့ တယောက်နဲ့တယောက် အပြစ်ဖို့နေဖို့ထက် အရေးကြုံလာရင် သွေးစည်းဖို့ မှားနေတာတွေကို သည်းခံရင်း အကြံပေးရင်း ပိုပြီးစနစ်ကျတဲ့ တော်လှန်ရေးအဖွဲ့တွေ ဖြစ်အောင် ကြံဆောင်တဲ့နေရာမှာ အကူအညီဖြစ်ပေးနိုင်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ အညာက အညာပီပီ တော်လှန်ရေးကို တော်လှန်လိုစိတ်နဲ့ သွားရင် အညာအပါအဝင် တနိုင်ငံလုံးအတွက် အောင်ပွဲက မဝေးတော့တဲ့ အနာဂတ်ပါပဲ။ ။
Red News Agency