စစ်သားတွေအပေါ် စေတနာထားခဲ့တဲ့ လူထုခေါင်းဆောင်ဆိုတာ…

“အမေစုရောက်လာပြီး လုံခြုံရေးတာဝန်ကျစစ်သားလေးကို “သားတို့ရော စားပြီးပြီလား”လို့ ဂရုတစိုက် မေးတယ်။ အမေစုအနားမှာလည်း စစ်တပ်က အကြီးပိုင်းတချို့ခြံရံလာတာဆိုတော့ စစ်သားလေးက ဘာမှပြန်မဖြေရဲဘူး “ဟုတ်ကဲ့” တခွန်းပဲပြောခဲ့ရတယ်။ အမေးခံရတော့ ပီတိတော့ဖြစ်မိတယ်။ အိမ်ပြန်ရောက်တော့ စဥ်းစားတယ်။ မင်းအောင်လှိုင်အတွက် အသက်ပေးပြီး အနီးကပ်လုံခြုံရေးယူနေတဲ့ ငါတို့ကို ဘယ်စစ်ဗိုလ်ချုပ်ကမှ “နေကောင်းလား..စားပြီးပြီလား” တခွန်းမမေးခဲ့ဘူး”

မောင်ဝိ – Wiper

အမေ….လို့ ပြည်သူအများစုက မြတ်မြတ်နိုးနိုးခေါ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်။ သူက ပြည်သူတွေအပေါ် အကြောက်တရားတွေ၊ ဖိနှိပ်ခံရမှုတွေကို ​မျက်စိပွင့်နားဖွင့်ဖြစ်စေခဲ့တဲ့ သူပါ။ မြန်မာ့ဒီမိုကရေစီတိုက်ပွဲမှာလည်း အမျိုးသမီးတန်မဲ့ ဦးဆောင်တိုက်ခဲ့တဲ့သူတစ်ယောက်လည်း ဖြစ်တယ်။ သူ့ဘဝရဲ့ သက်တမ်းတဝက်ကျော်လောက်က စစ်အာဏာရှင်တွေရဲ့ မတရားဖမ်းဆီးထောင်ချတာခံခဲ့ရတာ ဒီကနေ့အထိပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ၁၉၈၈ ခုနှစ်ကစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စတင်တည်ထောင်သူတွေထဲက ခေါင်းဆောင်တဦးဖြစ်သလို ၁၉၉၀ ခုနှစ်မှာဆိုရင် သူမရဲပါတီက လူထုထောက်ခံမှုနဲ့ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့တယ်။ စစ်တပ်က ရွေးကောက်ပွဲရလဒ်ကို လက်မခံတဲ့အပြင် သူမကို နေအိမ်မှာ ထိန်းသိမ်းခဲ့တယ်။ ဒီလိုဖိနှိပ်မှုများကြားကပဲ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်တွင် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုများအတွက် နိုဘယ်လ်ဆုကို ရရှိခဲ့တယ်။ အဲ့ဒီကတဆင့် လျောက်လှမ်းခဲ့တဲ့ ဒီမိုကရေစီခရီးလမ်းဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတာကို မြင်တွေ့ရတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သတ်ပြီး လေးစားစရာစိတ်ထားလေး အကြောင်း ကြားသိခဲ့ရတဲ့ အမှတ်တရ အဖြစ်ပျက်လေးတခုလည်း ပြောပြချင်သေးတယ်။ ဒါက စစ်သားတယောက်ရဲ့အတွေ့အကြုံပါ။ သိတဲ့အတိုင်း စစ်ဗိုလ် စစ်သားအများစုက ဒေါ်အောင်ဆန်းစုကြည်တို့လို လူတွေဆိုရင် တပ်ထဲက ဝါဒမှိုင်းတွေမိပြီး အမြင်သိပ်မကြည်ကြဘူး။ အဲ့ဒီလိုဖြစ်အောင်လည်း တပ်ထဲမှာ အမျိုးမျိုးပုံဖျက်ကြတယ်။ အဲ့ဒီလိုပုံဖျက်တော့ ဘာဖြစ်လဲဆိုတော့ တခါမှမမြင်ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် တချို့စစ်သားတွေဆိုအမုန်းကြီးမုန်းကြတယ်။


ပြန်ဆက်ရရင် မင်းအောင်လှိုင်နဲ့ စိုးဝင်းမှာက (လုံခြုံရေးတပ်) တပ်ဆိုတာရှိတယ်။ တပ်အခြေစိုက်က နေပြည်တော်မှာ။ လုံခြုံရေးတပ်က ဘာလုပ်ရလဲဆိုတော့ မင်းအောင်လှိုင်ကို အသက်ပေးကာကွယ်ရမယ်၊ အထူးတိုက်ခိုက်ရေးတာဝန် ယူရမယ်။ ဆိုတော့ အခမ်းအနားတခုမှာ နိုင်ငံ့ခေါင်းဆောင်တွေ ပွဲတက်ကြတယ်။ သမ္မတကြီးတို့၊ အမေစုတို့လည်း လာကြတယ်။ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ဗိုလ်ချုပ်တွေလည်း ရောက်လာကြတယ်။

အဲ့ဒီမှာ ကားသမားတွေဆိုတာက မင်းအောင်လှိုင်ခရီးစဥ်တိုင်း လိုက်ပို့ရတယ်။ ထို့နည်းတူ လုံခြုံရေးတပ်က စစ်သားတွေဆိုတာကလည်း နောက်ကထပ်ချပ်မကွာပေါ့။ ခရီးစဥ်တွေလိုက်ရတယ် ပွဲတွေလုံခြုံရေးယူကြရတယ်ပင်ပန်းကြတယ်။ အခမ်းအနားပွဲဆိုတော့ စားကြသောက်ကြတာပေါ့။ အဲ့ဒီမှာ စစ်တပ်ထုံးစံအတိုင်း လူကြီးတွေ စားကြသောက်ကြပြီဆိုရင် ကားသမားတို့၊ လုံခြုံရေးအဖွဲ့တို့ဆိုတာက အဆောက်အဦးအပြင်ဘက်မှာ အနံ့တောင်ခံကြရတာ မဟုတ်ဘူး။ ဗိုက်က ဆာပေမယ့် မပြောရဲဘူး။ အဆင့်အတန်းကအရမ်းကြီးကွာခြားနေတော့ ကြောက်ကြရတာ စစ်တပ်ထုံးစံပါပဲ။

အဲ့ဒီအချိန် အမေစုရောက်လာပြီး လုံခြုံရေးတာဝန်ကျ စစ်သားလေးကို “သားတို့ရော စားပြီးပြီလား”လို့ ဂရုတစိုက် မေးတယ်။ အမေစုအနားမှာလည်း စစ်တပ်က အကြီးပိုင်းတချို့ခြံရံလာတာဆိုတော့ စစ်သားလေးက ဘာမှပြန်မဖြေရဲဘူး “ဟုတ်ကဲ့” တခွန်းပဲပြောခဲ့ရတယ်။ အမေးခံရတော့ ပီတိတော့ဖြစ်မိတယ်။ အိမ်ပြန်ရောက်တော့ စဥ်းစားတယ်။ မင်းအောင်လှိုင်အတွက် အသက်ပေးပြီး အနီးကပ်လုံခြုံရေးယူနေတဲ့ ငါတို့ကို ဘယ်စစ်ဗိုလ်ချုပ်ကမှ “နေကောင်းလား..စားပြီးပြီလား” တခွန်းမမေးခဲ့ဘူး။ တချိန်က ဝါဒမှိုင်းတွေနဲ့ အမုန်းကြီး မုန်းမိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဂရုတစိုက်နဲ့ မေးသွားပါလားဆိုပြီး နှိုင်းယှဥ်ခဲ့ဖူးတဲ့ အဖြစ် အပျက်လေးရှိခဲ့တာ သိခဲ့ရတယ်။


ဒီအဖြစ်အပျက်လေးက အရေးမကြီးဘူးလို့ ထင်ရပေမယ့်၊ ကြုံတွေ့ခဲ့ရတဲ့ လုံခြုံရေးတပ်က စစ်သားလေးကတော့ ခုထိအမှတ်ရနေဆဲပါပဲ။ သမ္မတကြီး ဦးဝင်းမြင့်တို့အိမ် လုံခြုံရေးယူပေးရတဲ့ အချိန်ဆိုရင်လည်း မုန့်ဖိုးပေးတာ ထမင်းကျွေးတာတွေအပါအဝင်၊ အာဏာသိမ်းပြီးနောက် အမေစုကို အကျဥ်းထောင်ချိန်းပြောင်းတာအထိ သိရှိခဲ့ရတယ်။ ဆိုတော့ ကွာခြားချက်လေးတခုသွားတွေ့တယ်။ မပြောရဲမဆိုရဲ အထက်အမိန့်အရ ခိုင်းရင်အကုန်လုပ်တတ်တဲ့ စစ်သားတွေအပေါ်မှာတောင် မေတ္တာထားတတ်တယ်ဆိုတာရယ်၊ ဒါ့ကြောင့်ပဲ အမေစုကို ပြည်သူအများစုက အမေလို့ မြတ်မြတ်နိုးနိုးခေါ်တယ်လို့ မြင်မိတယ်။

အခုသူမရဲ့ ၇၉ နှစ်မြောက်မွေးနေ့မှာတော့ အကျဥ်းထောင်ထဲမှာ ကုန်ဆုံးရတော့မှာပါ။ အာဏာမသိမ်းခင် သူ့အသက် ၇၆ နှစ်မှာ မွေးနေ့ပွဲ တခါ ကျင်းပလိုက်ရတယ်။ ခေါင်းမှာပန်းတွေကို ဝေဆာနေအောင် ပန်တတ်တဲ့ သူမကို လူထုကလည်း နည်းမျိုးစုံနဲ့ ပန်းသပိတ်ဖော်ကျူးဖို့ ပြင်ဆင်လာကြတယ်။ ပြီးတော့ သူမဟာ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာထဲက စာပိုဒ်လို ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပါပဲ။ ဘဝလှိုင်းရိုက်ပုတ်မှုတွေ၊ ဝိုင်းဝန်း တိုက်ခိုက်မှုတွေ ရင်ဆိုင်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗေဒါပန်းနဲ့ လူထုက တင်စားထားကြသလို “အမေစု ကျန်းမာပါစေ” ဆိုတဲ့ ဆုတောင်းစကားနဲ့ ဂါရဝပြုလိုက်ပါတယ်။ ။

#RedNewsAgency #RNA

By Editor