မြန်မာစစ်တပ်ကင်းစင်တဲ့ ရခိုင်ပြည်နယ်အဖြစ် မြင်တွေ့ကြရတော့မလား …

“ရခိုင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲတော့မယ်ဆိုတဲ့ ရာဇသံကို စစ်ကောင်စီထံ ပေးပို့လိုက်ပါတယ်။ ထိုနောက်မှာတော့ ကျောက်တော်၊ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ မင်းပြား၊ မြောက်ဦးစတဲ့မြို့တွေကို ကုလားတန်မြစ်ကြောင်းတစ်လျှောက်တိုက်ခိုက်သိမ်းပိုက်”

ချမ်းမင်း – Wiper 

နွေဦးတော်လှန်ရေးအကြောင်းပြောကြပြီဆိုရင် ကျွန်တော်တို့ဟာ အနောက်ဘက်က တိုင်းရင်းသားညီကိုတွေဖြစ်တဲ့ ရခိုင်တိုက်ပွဲတွေ၊ ရခိုင်စစ်မြေပြင်အကြောင်းတွေနဲ့ တော်လှန်ရေးရဲဘော် AAတပ်ဖွဲ့တွေရဲ့အကြောင်းကို ထည့်ပြောဖို့လည်း အရေးကြီးလှပါတယ်။ ရခိုင်ပြည်နယ်ဟာ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ပြည်နယ်တစ်ခုဖြစ်တဲ့အပြင် သမိုင်းကြောင်းအရလည်း အစဥ်အလာကြီးမားကာ သယံဇာတပေါကြွယ်ဝတဲ့ပြည်နယ်တစ်ခုဖြစ်တယ်။ 

မြန်မာနိုင်ငံမှာ သက်မှတ်ထားခဲ့ကြတဲ့ ပြည်နယ်ခုနှစ်ခုအနက် ရှားရှားပါးပါး ပင်လယ်ပြင်ကို ပိုင်ဆိုင်ထားတဲ့ ပြည်နယ်ဖြစ်တာကြောင့်လည်း တွင်းထွက်သယံဇာတတွေ၊ သဘာဝ ဓာတ်ငွေ့တွေ၊ ပင်လယ်သယံဇာတတွေနဲ့ ပြည့်စုံတဲ့ပြည်နယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီလိုသဘာဝသယံဇာတတွေ၊ ပင်လယ်ပြင်နဲ့ တွင်းထွက်တွေပေါကြွယ်ဝနေပေမဲ့လည်း မြန်မာနိုင်ငံတွင်းက အခြားသောတိုင်းရင်းသားတွေကဲ့သို့ပဲ ရခိုင်ပြည်နယ်ရဲ့သယံဇာတအများစုကို စစ်အုပ်စုနဲ့ ခရိုနီလူတစ်စုကသာ အမြတ်ထုတ်ချယ်လှယ်ခဲ့ကြပါတယ်။ ဒါကြောင့်မို့ ၂၀၀၉ ခုနှစ်ကစပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်တဲ့ ခေတ်ပညာတက် ရခိုင်လူငယ်တွေဟာ ကချင်ပြည်နယ် လိုင်ဇာမှာစစ်ပညာသင်ပြီး စစ်အုပ်စုရဲ့အနိုင်ကျင့်ဗိုလ်ကျမှုကို လက်နက်ကိုင်ဆန့်ကျင်တဲ့ တော်လှန်ရေးကို စတင်ခဲ့ကြတာဖြစ်တယ်။

ရခိုင့်တော်လှန်ရေးဟာလည်း အခြားသောတိုင်းရင်းသားတွေရဲ့ တော်လှန်ရေးတွေကဲ့သို့ပဲ အစောပိုင်းကာလတွေမှာ ခက်ခဲမှုတွေ၊ အဆင်မပြေမှုတွေများစွာနဲ့ ကြုံတွေ့ခဲ့ရပြီးပြည်မကလူတွေရဲ့အထင်အမြင်လွဲမှုတွေ၊ လစ်လျူရှုမှုတွေများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့လည်း ရခိုင်လူငယ်ပညာတက်များက ဦးဆောင်ထားတဲ့တပ်ဖွဲ့ဖြစ်တဲ့အပြင် စစ်အုပ်စုရဲ့အနိုင်ကျင့်ဗိုလ်ကျမှု ကိုခံစားနေရတဲ့ ရခိုင်လူမျိုးတွေရဲ့တစ်ခဲနက်ထောက်ခံမှုတွေကြောင့်ပဲ အချန်တိုအတွင်းမှာ အင်အားကြီးမားလာပြီး စစ်တပ်ကိုကောင်းစွာခြိမ်းခြောက်နိုင်တဲ့ တပ်ဖွဲ့တစ်ခုဖြစ်လာပါတယ်။ 

၂၀၁၈၂၀၁၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်စစ်တပ်နဲ့ ရခိုင့်တပ်တော်တို့ရဲ့တိုက်ပွဲတွေဟာ အလွန်ပြင်းထန်လှပြီး စစ်တပ်ဘက်မှ ကြည်းကြောင်း၊ လေကြောင်းသာမက၊ ရေကြောင်းတွေပါသုံးပြီး အမြစ်ဖျက်ချေမှုန်းဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါ့အပြင် ဖြတ်လေးဖြတ်အစီအမံမျိုးဖြင့် ရခိုင်ပြည်နယ်အတွင်းကနေရာတစ်ချို့မှာ အင်တာနက်လိုင်းဖြတ်တောက်တာတွေပြုလုပ်ပြီး ပြည်သူလူထုနဲ့ ရခိုင့်တပ်တော်တို့ကြား ထိတွေ့ဆက်ဆံမှုနည်းပါးအောင်ဆောင်ရွက်ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း အဲ့ဒီလို ကြည်း၊ရေ၊လေ ထုကြီးတစ်ခုလုံးသုံးပြီး တိုက်ခဲ့တာကြောင့်အခြေအနေမလှခဲ့ဘဲ စစ်တပ်ရဲ့ နာမည်ကျော် ဂဏန်းနှစ်လုံးပူး တပ်မတွေဟာ ထိခိုက်ကျဆုံးမှုများစွာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

အဲ့ဒီလို စစ်တပ်ရဲ့အင်အားအကောင်းဆုံးပါဆိုတဲ့ အခြေအနေတွေမှာတောင် ကမ္ဘာ့အဆင့် ၃၈ တပ်မတော်ကြီးရဲ့ ကြည်းရေလေ ပူးပေါင်းထိုးစစ်ကို ပုံပျက်ပန်းပျက်ဖြစ်အောင်ဆောင်ရွက်ခဲ့တဲ့ ရခိုင့်တပ်တော်ဟာ ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်လာတဲ့ ယခုနွေဦးတော်လှန်ရေးအတွင်းက တိုက်ပွဲတွေမှာ ယခင်ကထက်ပိုပြီး စစ်အုပ်စုကို ဖိအားပေးတိုက်ခိုက်နိုင်လာပါတယ်။ အထူးသဖြင့် စစ်တပ်ရဲ့အိပ်မက်ဆိုးဖြစ်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းကမဟာမိတ်ညီနောင်တွေနဲ့ ပူးပေါင်းပြီး စခန်းပေါင်းရာနဲ့ချီတိုက်ခိုက်သိမ်းပိုက်တာတွေ၊ လမ်းပန်းဆက်သွယ်ရေးအရ အရေးကြီးတဲ့ မြိူ့တွေ၊ ဗျူဟာကျတဲ့ မြို့တွေကို ပူးပေါင်းသိမ်းပိုက်တာတွေပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါတင်မက ၁၀၂၇ စစ်ဆင်ရေးကို တရုတ်ရဲ့ ကြားဝင်ဆွေးနွေးမှုနဲ့ အပစ်ရပ်လိုက်တဲ့အချိန်မှာလည်း ရခိုင့်တပ်တော်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှစပြီး အရှိန်ပြင်းပြင်းနဲ့ စစ်ကောင်စီတပ်စခန်းတွေ၊ ဗျူဟာစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အရင်ဆုံး ချင်း၊ရခိုင် အဆက်ဖြစ်တဲ့ ပလက်ဝမြို့ကို ရရှိဖို့အတွက် နှုံးဗူးဗျူဟာနဲ့ ထရွန်အိုင်ဗျူဟာတွေကို တိုက်ခိုက်ပြီး ရခိုင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲတော့မယ်ဆိုတဲ့ ရာဇသံကို စစ်ကောင်စီထံ ပေးပို့လိုက်ပါတယ်။ ထိုနောက်မှာတော့ ကျောက်တော်၊ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ မင်းပြား၊ မြောက်ဦးစတဲ့မြို့တွေကို ကုလားတန်မြစ်ကြောင်းတစ်လျှောက်တိုက်ခိုက်သိမ်းပိုက်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခြမ်းလုံးနီးပါးကို စစ်ကောင်စီကင်းစင်တဲ့ လွတ်မြောက်နယ်မြေဖြစ်အောင်ဖန်တီးထားနိုင်ခဲ့ပါတယ်။ 

ရခိုင့်တပ်တော်မှ အာရက္ခတပ်တော်အဖြစ် ပြောင်းလဲလိုက်သော်လည်း တိုက်စစ်အရှိန်က ကျသွားတာမဟုတ်ပါဘူး။ ပထမရည်မှန်းချက်ဖြစ်တဲ့ ရခိုင်တပြည်နယ်လုံး လွတ်မြောက်ရေးကို ဦးတည်နေဆဲဖြစ်ပါတယ်။ အာရက္ခတပ်တော်ရဲ့ တိုက်စစ်သဏ္ဍာန်ဟာ စစ်ဦးဘီလူးဆိုတဲ့ သဏ္ဍန်ရှိသကဲ့သို့ အမာကိုရှောင်ပြီးအပျော့ကိုတိုက်တဲ့ တိုက်စစ်ပုံသဏ္ဍန်လည်းဖြစ်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေအားလုံးက သုံးသပ်ထားကြပါတယ်။ အမှန်တကယ်လည်း အာရက္ခတပ်တော်ရဲ့ တိုက်စစ်ဟာ ပလက်ဝကိုစတင်တိုက်တဲ့အချိန်မှစပြီး ယနေ့အချိန်ထိ ကျသွားခြင်းမရှိဘဲ မြေပုံအရ အရေးပါလှတဲ့ မြို့တွေကို စနစ်တကျ သိမ်းယူနိုင်ခဲ့တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။

ယခုအာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့မြို့တွေနဲ့ ကျန်ရှိနေတဲ့မြို့တွေကို အချိုးကျတွက်ချက်ပြီး မြေပုံမှာထောက်လိုက်မယ်ဆိုရင် စစ်ကောင်စီဘက်မှ မာမာချာချာဖြင့် ပြန်လည်ခုခံနိုင်မဲ့ မြို့တွေအနေဖြင့် စစ်တွေနဲ့ တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့တို့လောက်သာ ကျန်ရှိတော့တာကိုလည်း သတိထားမိပါတယ်။ ဒါကြောင့် ဒီနွေဦးတော်လှန်ရေးမှာတော့ အာရက္ခတပ်တော်ကလည်း အခြားသော တော်လှန်ရေးတပ်ဖွဲ့တွေကဲ့သို့ ပြည်နယ်ရဲ့လွတ်လပ်ခွင့်နဲ့ ရခိုင်လူမျိုးတွေအားလုံးရဲ့ရပိုင်ခွင့်တွေအားလုံးကို ရရှိအောင်ဖော်ဆောင်သွားနိုင်ဖို့ သေချာနေပြီလို့ဆိုရမှာပဲ ဖြစ်ပါတယ်။ ။ 

#RedNewsAgency

By RNA Editor