စစ်အုပ်စုတွေကြောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့တန်းက အမျိုးသမီးများ

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းအပေါ်ဦးဆောင်လျှောက်လှမ်းနေသူတစ်ဦး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အမျိုးသမီးတစ်ဦးဖြစ်တယ်။ သူဘဝရဲ့ သက်တမ်း တဝက်ကျော်ဟာ စစ်အုပ်စုကို အံတုရင်း၊ အကျယ်ချုပ်၊ အကျဥ်းထောင် စတာတွေနဲ့ပဲ ပေးဆပ်ခဲ့ရတာဖြစ်တယ်။ လက်နက်မဲ့ အမျိုးသမီးကြီးတယောက်ကို လက်နက်ကိုင်စစ်အုပ်စုက ကြောက်ရွံတယ်ဆိုတာ သမိုင်းက သက်သေရှိပါတယ်”

နွေဦးတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲတွေမှာ အဓိကတိုက်နေကြတာဟာ အမျိုးသားတွေလို့ ဆိုရပေမယ့်၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အရမ်းအရေးပါပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေကတည်းက အမျိုးသမီးတွေဟာ ရှေ့ဆုံးမှာပါဝင်ခဲ့ကြတယ်။အမျိုးသမီးတွေဟာ တော်လှန်ရေးရဲ့ အဓိက ဦးဆောင်သူတွေအဖြစ်လည်း ရပ်တည်နေပါတယ်။ အခန်းကဏ္ဍအနေနဲ့ အမျိုးသမီးတွေဟာ စစ်အတွင်း ဘဝပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ၊  ဖော်ထုတ်ရေး၊ စီမံရေး၊ တင်ပြရေး၊ ရေးသားရေးအလုပ်တွေမှာပါ အဓိကနေရာကပါဝင်နေတာတွေ့ရပါတယ်။ အခုချိန်မှာ ရှေ့တန်းထွက်နေတဲ့ အမျိုးသမီးများရှိသလို နောက်တန်းမှာလည်း အမျိုးသမီးများရဲ့ စီမံခန့်ခွဲမှုတွေကလည်း မရှိမဖြစ် အရေးပါလှပါတယ်။ 

နောက်တခုက စစ်ပွဲအတွင်းမှာဖြစ်စေ၊ အခြားသော ဘဝရပ်တည်ရေးဖြစ်စေ၊ မိသားစုနဲ့ လူမှုအသိုင်းအဝိုင်းမှာ မိသားစုတွေအတွက် အဓိကစောင့်ရှောက်သူတွေအဖြစ် အမျိုးသမီးတွေပရဲ့ အခန်းကဏ္ဍ ရှိနေပြီး လူမှုအသိုင်းအဝိုင်းမှာ ကူညီမှု၊ မေတ္တာတရား၊ သံယော ဇဉ်တွေကို လှုံ့ဆော်ပေးပါတယ်။ တော်လှန်ရေးရဲ့ အဓိက အသားတင်ချက်တွေဖြစ်တဲ့ ခံနိုင်ရည်ရှိမှု၊ စည်းလုံးမှုတွေကို အမျိုးသမီးတွေနဲ့ လူမှုအသိုင်းအဝိုင်းက ထောက်ပံ့ပေးပါတယ်။

လက်ရှိတော်လှန်ရေးအတွင်းမှာဆိုရင် လက်ညှိုးထိုးမလွဲတဲ့ အမျိုးသမီး ဦးဆောင်သူတွေကို မြင်တွေ့ရတယ်။ မှတ်မှတ်ရရဆိုရင်နှမ်းတစ်စေ့တည်းနဲ့ ဆီဖြစ်မလား၊ ရေကာတာတစ်ခု ကျိုးပေါက်ဖို့အတွက် အက်ကြောင်းတစ်ခုပဲလိုတယ်လို့ ကိုယ်ကျင့်တရားပျက် လူ့အဖွဲ့အစည်းတွေကို ၂၀၂၀ ခုနှစ်က တည်းက ထောက်ပြခဲ့ဖူးတဲ့၊ လက်ရှိ NUG ရဲ့ ဒုဝန်ကြီး အိသဥ္ဇာမောင်တို့လို။ ငယ်ငယ်ရွယ်ရွယ်နဲ့ လက်နက်ကိုင်ရဲဘော်တစ်ဦး ဖြစ်ခဲ့တဲ့ဟန်နီနွေဦးတို့အပြင်၊ အဖွဲ့အစည်းတွေကို ဦးဆောင်နေတဲ့ အမျိုးသမီးတွေ လက်ညှိုးထိုးမလွဲပါပဲ။

သူတို့တွေဟာ အမျိုးသားတွေနည်းတူ စစ်ရေးနဲ့ စစ်ဘေးကာကွယ်ရေးမှာ ပါဝင်ဆောင်ရွက်ကြသလို၊ နေရာတိုင်းမှာ လှုပ်ရှားရေး၊ စစ်ဆင်ရေး၊ လူမှုရေးတို့ကို ကောင်းမွန်စွာ စီမံခန့်ခွဲကြပါတယ်။ နောက်ထပ် တော်လှန်ရေးကို အထောက်အကူပြုတဲ့လမ်းကြောင်း တစ်ခုလည်းရှိပါသေးတယ်။ ဒါကတော့ စစ်ကောင်စီတပ်အတွင်း သို့လောသို့လော ဖြစ်နေကြတဲ့ စစ်သားတွေအတွက်ရော၊ တော်လှန်ရေးအတွက်ပါ အထောက်အကူပြုစေတဲ့ အရာတစ်ခုပါ။ ဒါကတော့ တော်လှန်ရေးစတင်ခဲ့ကတည်းက စစ်ကောင်စီတပ်သားတွေကို ထွက်ခဲ့ကြပါ၊ CDM လုပ်ကြပါဆိုရာကမသေချင်ရင် လက်နက်ချအလင်းဝင်ပါဆိုတဲ့ နှိုးဆော်သံတွေဖြစ်တယ်။ 

စစ်ကောင်စီတပ်တွင်းက စစ်သားတယောက်ဟာ သေနတ်တလက်နဲ့ အလင်းဝင်လာရင် အနည်းနဲ့အများ တော်လှန်ရေးမှာ အကျိုးရှိပါတယ်။ ရန်သူ့ဆီက ပစ်လိုက်တဲ့ ကျည်တတောင့်နဲ့ အသက်တချောင်း ဆုံးရှုံးမှု သက်သာစေနိုင်သလို၊ ရန်သူ့တပ်တွင်း သတင်းအချက်အလက်တွေကို တကူးတက ထောက်လှမ်းနေစရာမလိုဘဲ ခရေစေ့တွင်းကျ ဖွင့်ပြောတဲ့အထိ နှိုက်ထုတ်နိုင်ပါတယ်။ ဒီလို အလင်းဝင်စစ်သားတွေကို ရသမျှ ခေါ်ထုတ်ရေးကလည်း အခုချိန်ထိ အရေးပါနေသေးတယ်လို့ ဆိုရပါတယ်။ ဒီလိုထွက်လာတဲ့သူတွေကို လာပါလာပါ ပါးစပ်နဲ့ခေါ်မနေဘဲ ပြင်ပဘဝမှာ မိသားစု ဘဝရပ်တည်ရေး ဘယ်လိုကူညီထောက်ပံ့နေပါတယ်ဆိုတဲ့ အဖွဲ့အစည်းတွေလည်း အရေးပါလှပါတယ်။ 

ဒီလိုမျိုးထွက်လာကြတဲ့ စစ်သားတွေကို နည်းမျိုးစုံနဲ့ကူညီနေကြတဲ့ ပြည်သူ့ရင်ခွင်၊ ပြည်သူ့ပန်းတိုင်  ရှိကြပါတယ်။ ဒါ့အပြင် အမျိုးသမီးဦးဆောင်အဖွဲ့ဖြစ်တဲ့ပြည်သူ့စစ်သားဇနီးများအဖွဲ့အနေနဲ့လည်း တော်လှန်ရေးမှာပါဝင်လာတဲ့ စစ်ကောင်စီလက်အောက်ခံစစ်သားတွေကို မိသားစု ဘဝပြန်လည်ထူထောင်ရေးအတွက် လုပ်ဆောင်ပေးလျက်ရှိတယ်။ ဆိုလိုချင်တာကတော့ အမျိုးသမီးတွေ တော်လှန်ရေးမှာ ဘယ်လို ပါဝင်တယ်၊ ဘယ်လိုဦးဆောင်တယ်ဆိုတာထက်၊ ကဏ္ဍတိုင်းမှာ အရေးပါတယ်လို့ ဆိုလိုချင်တာ ဖြစ်တယ်။

ဒါ့အပြင် အဖိနှိပ်ခံလူမျိုးစုတွေ၊ လူ့အခွင့်အရေး ဆုံးရှုံးသူတွေဘက်က ရပ်တည်ကြတဲ့ ဖော်ထုတ်ရေးနဲ့ စာနယ်ဇင်းအမျိုးသမီးတွေရဲ့ တော်လှန်ရေးမှာ သတင်းထောက်အဖြစ် လှုပ်ရှားကြတာကလည်း အရေးပါတော့တယ်။ သတင်းထောက်အမျိုးသမီးတွေက ဖော်ထုတ်ရေးနဲ့ စာနယ်ဇင်းထောက်ပံ့ရေးတွေအတွက် အဓိကအခန်း ကဏ္ဍရှိပြီး အမှန်တရားကို ကမ္ဘာ့အသိုင်းအဝိုင်းကို အသိပေးနိုင်ဖို့ အားထုတ်ကြပါတယ်။

အခုလက်ရှိ စစ်ကောင်စီတပ်အတွင်း မှာရှိကြတဲ့ အခြားအဆင့်စစ်သားနဲ့ စစ်သားမိန်းမ (ရဲမေ) တွေဆိုတာ အဖိနှိပ်ခံလူတစုထဲပါဝင်ပါတယ်။ ဒီလိုလူတွေအနေနဲ့လည်း မိမိတို့အနေနဲ့ လူအခွင့်အရေးဆုံးရှုံးနေတယ်ဆိုတာ သတိပြုစေလိုပါတယ်။ လစာတသိန်းကျော်မှာ ယောကျ်ားရှေ့တန်းသွားရင် မိန်းမအတွက် ရိက္ခာ အကျုံးမဝင်လို့ဆန်ဝယ်စားရတဲ့ စစ်သားမိန်းမတွေ၊ လစာတပြားမှမရဘဲ လိုင်းခန်းသန့်ရှင်းရေး၊ ဆယ်မျိုးဆယ်ဘောင်၊ တပ်ရင်းဖက်ထိတ်စတာတွေအပြင်။ မိမိတို့ရဲ့ကလေးငယ်တွေ စစ်တပ်ကားနဲ့ကျောင်းတက်ရင် အခြားအဆင့်ကလေးဆို နောက်ခုံထိုင်၊ အရာရှိ ကလေးဆို ခေါင်းခန်းထိုင်ရတဲ့အထိ ခွဲခြားပါတယ်။ 

ဒီလိုမျိုးဖိနှိပ်ခံရတာတွေကို မသိရလောက်တဲ့အထိ ဖိနှိပ်ခံရသူတွေကို အတွေးအခေါ်များနဲ့ လှုံ့ဆော်ရေးလုပ်ငန်းတွေကို အမျိုးသမီးတွေက အဓိကလှုပ်ရှားကြပါတယ်။ လူမှုအသိုင်းအဝိုင်းမှာလည်း ပိုမိုထောက်ကူပေးနိုင်ဖို့ လှုံ့ဆော်ကြပါတယ်။ ဘယ်တိုက်ပွဲ ဘယ်အချိန်မှာဖြစ်ဖြစ် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလှပါတယ်။ ခေတ်တိုင်း စခနစ်တိုင်း တော်လှန်ရေးတိုင်းမှာ အမျိုးသမီးတွေဟာ ခေါင်းဆောင်မှု အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလှပါတယ်။ 

လက်ရှိလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းအပေါ်  ဦးဆောင်လျှောက်လှမ်းနေသူတစ်ဦး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အမျိုးသမီးတစ်ဦးဖြစ်တယ်။ သူဘဝရဲ့ သက်တမ်း တဝက်ကျော်ဟာ စစ်အုပ်စုကို အံတုရင်း၊ အကျယ်ချုပ်၊ အကျဥ်းထောင် စတာတွေနဲ့ပဲ ပေးဆပ်ခဲ့ရတာဖြစ်တယ်။ လက်နက်မဲ့ အမျိုးသမီးကြီးတယောက်ကို လက်နက်ကိုင်စစ်အုပ်စုက ကြောက်ရွံတယ်ဆိုတာ သမိုင်းက သက်သေရှိပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ကမ္ဘာပေါ်မှာ အများလေးစားခံရတဲ့အမျိုးသမီးတစ်ဦးဖြစ်တယ်။ မြန်မာ့ဒီမိုကရေစီအရေးမှာ ရဲရဲတောက် မိခင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်၊ လူ့အသိုင်းအဝိုင်းကို အကျိုးပြုနေကြတဲ့ အမျိုးသမီးတွေဟာ အကောင်းဆုံးသာဓက ဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ်ဆိုတဲ့အကြောင်း အဟောဒီနွေဦးတော်လှန်ရေးကြီးဟာ အမျိုးသမီးတွေ မပါရင် မအောင်မြင်နိုင်ဘူးဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။ ။ 

မောင်ဝိ – Wiper

Red News Agency

By RNA Editor