အာရက္ခမြေတွင် ပထမဆုံးပြုလုပ်နိုင်သည့် အာရက္ခတပ်တော်၏ အရာရှိသင်တန်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့

RNA_မေ(၂၄)၊၂၀၂၄ ခုနှစ်။
 
အာရက္ခမြေတွင် ပထမဆုံးအကြိမ်အဖြစ် အာရက္ခတပ်တော် -AAမှ သင်တန်းသူ/သား (၃၂၆)ဦး ဖြင့် စတင်ဖွင့်လှစ်ခဲ့သည့် အရည်အချင်းပြည့်မီသော အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနားအား တိုက်ပွဲကာလ၊ စစ်ရေး၊ နိုင်ငံရေး စိန်ခေါ်မှု၊ အခက်အခဲများအကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
 
အာရက္ခတပ်တော်၏ အမှတ်စဉ် (၃) အရာရှိလေ့ကျင့်ရေးသင်တန်းကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် အရာရှိလောင်းအဖြစ် အသိအမှတ် ပြုအခမ်းအနားပြုလုပ်ခဲ့ပြီးနောက် (၁၁) ခန့်အကြာ ၂၀၂၄ ခုနှစ် မေလ ၂၀ ရက်နေ့က သင်တန်းဆင်းနိုင်ခဲ့ကြောင်း၊ အာရက္ခမြေပေါ်တွင် ပထမဆုံးပြုလုပ်သည့် အရာရှိသင်တန်းကာလသည် (၁) နှစ် (၇) နီးပါးကြာမြင်ခဲ့သည်ဟု AA က ယမန်နေ့ညပိုင်းက ထုတ်ပြန်ထားသည်။

အာရက္ခတပ်တော်၏ အရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းအား (၉) နှစ်မြောက်၊ ရက္ခိုင့်တပ်တော်နေ့ဖြစ်သည့် ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် တပ်တော်နေ့အခမ်းအနားနှင့်အတူ အရာရှိလောင်း လေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁) အား ကချင်ပြည်တွင် သင်တန်းသူ/ သား (၁၃၈) ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့နိုင်ခဲ့ပြီး၊ အမှတ်စဉ် (၂) လေ့ကျင့်ရေးသင်တန်းကိုလည်း ကချင်ပြည်တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
 
အာရက္ခတပ်တော်၊ အရာရှိသင်တန်း၊ အမှတ်စဉ် (၄) နှင့် အခြေခံစစ်ပညာသင်တန်းများကိုလည်း လာမည့်ကာလများတွင် ဖွင့်လှစ်သွားရန် လျာတားထားပြီး ဖွင့်လှစ်မည့်အချိန်အား အာရက္ခပြည်သူ/သားများအား ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း၊ အာရက္ခတပ်တော်တွင် စစ်မှုထမ်းရွက်ပြီး အာရက္ခဒေသအတွက် တာဝန်ယူလိုကြသည့် လူငယ်၊ လူရွယ်များအနေဖြင့် နီးစပ်ရာ စစ်ဒေသများမှတစ်ဆင့်စုံစမ်းပြီး အာရက္ခဒေသတည်ဆောက်ရေး၊ ကာကွယ်ရေးနှင့် တည်တံ့ရေး လုပ်ငန်းများတွင် ပါဝင်နိုင်ပါကြောင်း သတင်းထုတ်ပြန်ထားသည်။
 
#RedNewsAgency
By RNA Editor