ပြည်သူများ တော်လှန်ရေးအပေါ် အားစိုက်မှုလျော့မသွားသည့်အတွက်် စစ်ကောင်စီ ပိုရက်စက်ပြနေ

RNA_မေ(၁၃)၊၂၀၂၄ ခုနှစ်။

ယခုရက်ပိုင်း မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း ပြည်သူ ၆၀ ဝန်းကျင်ကို စစ်ကောင်စီတပ်နှင့်လက်အောက်ခံများက သတ်ဖြတ်သွားမှုသည် ပြည်သူများတော်လှန်ရေးအပေါ် အားစိုက်မှုလျော့မသွားအသည့်အတွက် စစ်ကောင်စီက ပိုရက်စက်ပြနေဖြစ်နေသည်ဟု ဒေသခံတော်လှန်ရေး အင်အားစုများက သုံးသပ်ထားသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများ၏ သတ်ဖြတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာမှ ပြည်သူ (၃၁) ဦးသေဆုံးခဲ့ရကြောင်း၊ မကွေးတိုင်း၊ ဆောမြို့နယ်၊ အကြည်ပန်းပလွန်းကျေးရွာ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်သည့်အတွက် ၂၀ ဦးခန့်သေဆုံးခဲ့ရကြောင်း၊ ဒီပဲယင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်အတွင်းလည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယခုရက်ပိုင်း သေဆုံးခဲ့ရမှုများရှိခဲ့သည်။

“နေရာတိုင်းက သူတို့ချည်းခံနေရတော့ ဘာလက်နက်မှ မရှိတဲ့ပြည်သူတွေကိုပဲ ပိုမဲနေတာထင်တယ်။ ပြည်သူတွေ တော်လှန်ရေးအပေါ် အားစိုက်မှုက လျော့မသွားတဲ့အတွက် ပိုရက်စက်ပြနေသလိုပါပဲဗျာ။ စစ်ကော်စီမှာက စစ်ရေးပစ်မှတ်ဆိုတာ မထားတော့ပါဘူး အားလုံးရဲ့ ဘုံရန်သူဟာ စစ်ကောင်စီဖြစ်သလို စစ်ကောင်စီကလဲ သူတို့အချင်းချင်းကလွဲရင် အားလုံးဟာ သူတို့ရန်သူလို့ပဲ သဘောထားလာနေပါပြီ” ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM မှ ကိုနွေဦး (မြောင်) ကပြောကြားထားသည်။


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံပျူရွာအား တော်လှန်ရေးအင်အားစုများ စီးနင်းပြီးနောက် စစ်ကောင်စီလက်အောက်ခံများ၏ လက်ချက်ဖြင့်ဒေသခံပြည်သူ ၃၀ ခန့်သေဆုံးခဲ့ရသော်လည်း တော်လှန်ရေးအင်အားစုများက လုပ်ဆောင်သည်ဟု မဟုတ်မမှန်ဝါဒဖြန့်ချိခဲ့ကြကြောင်း၊ စစ်ကောင်စီတပ်စစ်ကြောင်းများသည် ကျေးရွာများကို အကြမ်းဖက်ဝင်ရောက်စီးနင်းချိန် ပြည်သူများကို သတ်ဖြတ်ပြီး လူသားဒိုင်းလုပ်ဆောင်နေမှုများရှိသည်ဟုလည်း ရေစကြိုမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုက ပြောထားသည်။

 

အကြမ်းဖက် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ကျေးရွာများကို ဝင်စီးသည့်အခါတိုင်း ဒေသခံပြည်သူများအနေဖြင့် လွတ်အောင်ရှောင်ကြဖို့လိုအပ်ကြောင်း၊ ယခင်လို ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ရှောင်နေသည့်အတွက် လွတ်မြောက်ဖို့မသေချာကြောင်း၊ ယခုအချိန်တွင် စစ်ကောင်စီသည် လက်နက်မဲ့ ပြည်သူများကိုပါ ရန်သူသဖွယ် သဘော ထားပြီး သတ်ဖြတ်နေခြင်းဖြစ်သည်ဟု ကိုနွေဦး(မြောင်) ကထပ်မံပြောကြားထားသည်။

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီသည် မြို့ပေါ် စခန်းအတွင်းနှင့် တပ်ရင်းများအတွင်းသာ စိုးမိုးထိုးနိုင်ပြီး လူအင်အား လက်နက်အင်အားဖြင့် စစ်ကြောင်းထိုးသည့်အချိန် ဒေသခံပြည်သူများကို သတ်ဖြတ်ခြင်း၊ စစ်ဘေးရှောင်ကျေးရွာများမှ အဖိုးတန်ပစ္စည်းများ ခိုးယူခြင်း၊ ပြည်သူများကို နှိပ်စက် သက်ဖြတ်ခြင်းနှင့် လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများပြုလုပ်နေကြောင်း၊ စစ်ကောင်စီကို ဒေသခံပြည်သူများသည် တချို့သော ပျူရွာများမှလွဲပြီးထောက်ခံမှုမရှိသည့်အတွက်နှင့် တော်လှန်ရေးတပ်များအားကောင်းလာသည့်အတွက် စစ်ကောင်းများလည်းတိုက်ခိုက်ခံရပြီး နယ်မြေစိုးမိုးမှု မရှိတော့ကြောင်း ဒေသတွင်းတော်လှန်ရေး အင်အားစုများက ပြောကြားထားသည်။

#RedNewsAgency

By Editor