ခြေသံလုံလုံ အရှိန်ပြင်းပြင်း မောင်းနှင်နေသော ကချင်လွတ်မြောက်ရေးတပ်မတော်

“KIA အနေဖြင့် စစ်အုပ်စုရဲ့အနိုင်ကျင့်ဗိုလ်ကျခြင်းကိုခံနေရသော ပြည်မကသူတွေ၊ CDM ဝန်ထမ်းတွေနဲ့ စစ်အာဏာရှင်ကိုပြန်လည်တိုက်ခိုက်လိုသောလူငယ်တွေအားလုံးကို ကြိုဆိုလက်ခံတာတွေ၊ စစ်သင်တန်းပေးတာတွေပြုလုပ်ပြီး တစ်ချိန်က ၎င်းတို့အပေါ် အဆိုးမြင်ခဲ့ပါတယ်ဆိုတဲ့ ပြည်မကသူတွေကိုတောင် သဘောထားကြီးကြီးဖြင့် ကာကွယ်စောင့်ရှောက်ခဲ့ကြပါတယ်”
*******************************
ချမ်းမင်း – Wiper

“ချစ်ခြင်းတည်စေ မနောမြေ” ဆိုတဲ့ခေါင်းစဥ်လေးနဲ့ကမ်ပိန်းကို ဒီရက်ပိုင်း ခပ်စိပ်စိပ်နဲ့ social media တွေကနေ မြင်တွေ့လာရပါတယ်။ တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးသမားတွေနဲ့ ပြည်သူ့ဘက်မျက်နှာမူပြီး ရဲရဲဝံ့ဝံ့ရပ်တည်ခဲ့ကြတဲ့ နယ်ပယ်ပေါင်းစုံက ပုဂ္ဂိုလ်တွေဟာလည်း ကချင်မြေအတွက် ပထမဦးဆုံးပြုလုပ်တဲ့ ဒီကမ်ပိန်းကို ပြည်တွင်းပြည်ပက မြန်မာလူမျိုးတွေအနေနဲ့ တက်နိုင်သလောက်ဝိုင်းဝန်းကူညီထောက်ပံ့ပေးဖို့ နှိုးဆောင်ထားပါတယ်။

ကချင်ပြည်နယ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ထိပ်ဆုံးအပိုင်းမှာတည်ရှိနေပြီး ကျောက်စိမ်း၊ရွှေ၊ သစ်နဲ့ အခြားအဖိုးတန်တွင်းထွက်ပစ္စည်းများစွာပေါကြွယ်ဝသော ပြည်နယ်တစ်ခုဖြစ်ပါတယ်။ သဘာဝတွင်းထွက်ပစ္စည်းပေါကြွယ်ဝတဲ့ ပြည်နယ်တစ်ခုဖြစ်တာနဲ့အညီ စစ်အာဏာရှင်တွေရဲ့မျက်စိကျခြင်းကိုခံခဲ့ရကာ သယံဇာတကျိန်စာသင့်နေတယ်လို့ တင်စားခေါ်ဝေါ်ကြသော ပြည်နယ်သယံဇာတကို လက်ဝါအုပ်လိုသော စစ်အုပ်စုနဲ့ အနိုင်ကျင့်ဗိုလ်ကျမှုကိုဆန့်ကျင်တော်လှန်နေသော ကချင်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကြား ဖြစ်ပွားသောတိုက်ပွဲများဖြင့် နှစ်ပေါင်းများစွာ ကျည်ဖောက်သံတွေဖြင့် ဆူညံခဲ့ပါတယ်။


၂၀၂၁ ခုနှစ်ရှေ့ပိုင်းနှစ်တွေတုန်းက ကချင်ပြည်နယ်ဟာလည်း အခြားသောပြည်နယ်တွေကဲ့သို့ ပြည်နယ်အတွင်း စစ်အုပ်စုရဲ့အနိုင်ကျင့်ဗိုလ်ကျမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပြည်နယ်သယံဇာတကို လူတစ်စုက လက်ဝါးကြီးအုပ်ချယ်လှယ်နေတာကို ခံခဲ့ရပြီး ၎င်းတို့ရဲ့ဆန့်ကျင်တော်လှန်မှုတွေနဲ့ပတ်သတ်ပြီးတော့လည်း ပြည်မကသူတွေအနေဖြင့် များများစားစားသိရှိခြင်းမရှိဘဲ လစ်လျူရှုခြင်းကိုခံခဲ့ရပါတယ်။

တကျော့ပြန်တိုက်ပွဲတွေ နားနေတုန်းမှာပဲ အာဏာသိမ်းမှုဖြစ်လာတဲ့အချိန် ၂၀၂၁ ခုနှစ်မှာတော့ ကချင့်လွတ်မြောက်ရေးတပ်မတော် KIA အနေဖြင့် စစ်အုပ်စုရဲ့အနိုင်ကျင့်ဗိုလ်ကျခြင်းကိုခံနေရသော ပြည်မကသူတွေ၊ CDM ဝန်ထမ်းတွေနဲ့ စစ်အာဏာရှင်ကိုပြန်လည်တိုက်ခိုက်လိုသောလူငယ်တွေအားလုံးကို ကြိုဆိုလက်ခံတာတွေ၊ စစ်သင်တန်းပေးတာတွေပြုလုပ်ပြီး တစ်ချိန်က ၎င်းတို့အပေါ် အဆိုးမြင်ခဲ့ပါတယ်ဆိုတဲ့ ပြည်မကသူတွေကိုတောင် သဘောထားကြီးကြီးဖြင့် ကာကွယ်စောင့်ရှောက်ခဲ့ကြပါတယ်။

CDM ဝန်ထမ်းတွေကို နေစရာ၊စားစရာနဲ့ အလုပ်အကိုင်ကအစ ထောက်ပံ့ခဲ့သလို စစ်ရေးမှာဆိုရင်လည်း ကချင်ပြည်နယ်အတွင်းသာမက ဗမာအများစုနေထိုင်တဲ့ စစ်ကိုင်း၊ မကွေး ဒေသတွေထိ စစ်သင်တန်းပေးတာတွေ၊ တပ်ဖွဲ့ဝင်တွေ စေလွှတ်ပြီးဦးဆောင်တိုက်ခိုက်တာတွေပြုလုပ်ပေးကာ အခုမှ လက်နက်ကိုင်တော်လှန်ဖူးသော ဗမာတိုင်းရင်းသားတွေကို လက်တွဲညီညီဖြင့် ဖေးမခေါ်ဆောင်ပေးခဲ့ကြပါတယ်။ ဒါကြောင့်လည်း အစောပိုင်းကာလ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတစ်ကြောက တော်လှန်လူငယ်အများစုဟာ KIA သင်တန်းဆင်းတွေဖြစ်ကြပြီး KIA တပ်ဖွဲ့ရဲ့စစ်ပညာ၊ လက်နက်ပစ္စည်းတွေဖြင့် စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်ခဲ့ကြတယ်လို့လည်းဆိုနိုင်ပါတယ်။

KIA တပ်ဖွဲ့အနေနဲ့ တစ်ဖက်ကနေ ပြည်မကသူတွေကိုကူညီပြီး လက်တွဲခေါ်ဆောင်နေသလို ကျန်တစ်ဖက်မှာလည်း ၎င်းတို့ပြည်နယ်အတွင်း စစ်ကောင်စီတွေကို ပြတ်ပြတ်သားသားချေမှုန်းကာ ဆန့်ကျင်တော်လှန်နေပါတယ်။ အထူးသဖြင့် ၀၃၀၇ စစ်ဆင်ရေးလို့တင်စားခေါ်ဝေါ်ကြတဲ့ မတ်လ ၇ ရက်နေ့က စတင်ခဲ့တဲ့ ကချင့်တပ်တော် KIA ရဲ့စစ်ဦးဘီလူးအသွင် ထိုးစစ်ဟာ နှစ်ပေါင်းများစွာ အထိုင်ချတပ်စွဲထားပြီး ဆုံးရှုံးသွားဖို့မဖြစ်နိုင်ပါဘူးဆိုတဲ့ ဗျူဟာစခန်းတွေကိုပါ ရရှိအောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၀၃၀၇ စစ်ဆင်ရေးစတင်ပြီး နောက်မတ်လ ၂၇ ရက်နေ့မှာ မိုးမောက်-လွယ်ဂျယ်တစ်ကြောက စခန်းငယ်တွေကိုစတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ အရေးကြီးတဲ့ တပ်စခန်းကြီးနှစ်ခုဖြစ်တဲ့ စိန်လုံတပ်စခန်းကြီးနဲ့ ယောယုံတပ်စခန်းကြီးအပြင် လော့မွန် (Lawmun)၊ လော့ဒန် (Lawdan)၊ ရှန်တိုင် (Shangtai)၊ ဖလန်း(Hpalang Bum) အစရှိတဲ့ စခန်းကြီး/ငယ် စုစုပေါင်း ၁၃ ခုကို KIA ကနေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါတင်မက ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ တရုတ်နယ်စပ် လွယ်ဂျယ်မြို့ကိုပါ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA)ကနေ ထိန်းချုပ်ထားနိုင်ပြီး နယ်စပ်ကုန်သွယ်ရေးအရ စစ်ကောင်စီကို ဖိအားပေးနိုင်ခဲ့ပါသေးတယ်။

ဒါ့အပြင် ၇ နှစ်ကျော်ကြာ လက်လွှတ်ခဲ့ရပြီး စစ်ရေးအရ အရေးပါတဲ့ ဝိုင်းမော်မြို့နယ်အတွင်းက ဂိဒေါန်(Gi Don)တပ်စခန်းကြီးနဲ့ အနီးအနားက တပ်စခန်းတွေကိုလည်း မေလ ၄ ရက်နေ့ကနေ စတင်တိုက်ခဲ့ပြီး တိုက်ပွဲနှစ်ရက်အကြာမှာ စခန်းပေါင်း ၁၀ ခုကျော်ကို ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။ မေလ ၇ ရက်နေ့ မနက်ပိုင်းမှာလည်း ဗန်းမော်- မန္တလေးလမ်းမပေါ်က အရေးကြီး တံတားတစ်စင်းဖြစ်တဲ့ ဧရာဝတီတံတား (စင်းခန်း)စောင့် စခန်းအပြင် မံစီမြို့မ ရဲစခန်းနဲ့ မန်ရွက်က စခန်းငယ်တစ်ခုကို KIA တပ်ပေါင်းစုတွေကနေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။


ထုတ်ပြန်ချက်တွေအရဆိုရင် ထိုးစစ်ဆင်တဲ့နေ့ (မတ်လ ၇) ရက်နေ့က စပြီး ဒီကနေ့ အထိ မြစ်ကြီးနား-ဗန်းမော်-လွယ်ဂျယ်လမ်းတစ်လျှောက်အပြင် တစ်ခြား တပ်မဟာ (၁) ဘက်နဲ့ တပ်မဟာ (၉) အစရှိတဲ့ နေရာတွေဘက်ကပါ ပေါင်းရင် သိမ်းပိုက်ထားနိုင်တဲ့ စစ်ကကောင်စီတပ်စခန်းကြီး/ငယ် အားလုံးပေါင်းဟာ ၈၀ ဝန်းကျင်ရှိပြီလို့ သိရပြီး လက်ရှိအချိန်ထိလည်း ထိုးစစ်ဟာကျဆင်းသွားခြင်းမရှိဘဲ ဆက်လက်ပြင်းထန်နေတုန်းလို့သိရပါတယ်။

တော်လှန်ရေးမှာ ပြည်သူ့ဘက်မျက်နှာမူပြီး ပြတ်ပြတ်သားသား ပါဝင်နေတဲ့ KIA လိုတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့အခန်းကဏ္ဍဟာလည်း အလွန်ပဲအရေးကြီးတာကြောင့် ကျွန်တော်တို့ပြည်သူတွေ၊ ပြည်မကသူတွေအနေဖြင့်လည်း ဒီတပ်ဖွဲ့တွေရဲ့ ကူညီဖေးမမှူတွေကိုမမေ့ဘဲ လက်တွဲညီညီဖြင့် ရှေ့ဆက်သွားမယ်ဆိုရင် ဒီထပ်ပိုအောင်မြင်မှုရရှိနိုင်မှာသေချာပါတယ်။ ။

#RedNewsAgency

By Editor