“မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့ဟာ ရခိုင်ပြည်နယ် အစပ်တွေ ဖြစ်နေတဲ့အတွက် တနိုင်ငံလုံးစစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးရည်မှန်းချက်ဖြစ်တဲ့ တော်လှန်ရေးအင်အားစုများရဲ့ မျှော်လင့်ချက်ကိုတော့ စစ်ကောင်စီအနေနဲ့ မချိုးဖျက်နိုင်သလို ထိုးစစ်ဆင်လာသမျှအတွင်းမှာလည်း စစ်ကောင်စီတပ်တွေဟာ ဖရိုဖရဲဖြစ်နေတာ အားလုံးအသိဖြစ်ပါတယ်။ အခုချိန်မှာတော့ AA ရဲ့ အောင်ပွဲတွေကတော့ ဗျူဟာကျကျနဲ့ ပုံမှန်လျှောက်လှမ်းနေဆဲသာဖြစ်ပါတယ်။ ကြိုတင်စဉ်းစားဆင်ခြင်နိုင်စွမ်းရှိပြီး မဟာဗျူဟာချမှတ်နိုင်တဲ့ ခေါင်းဆောင်ကောင်းရှိမှုအပေါ်မှာ အခြေခံတဲ့ တပ်အင်အား အစုအဖွဲ့ ကျစ်လစ် တောင့်တင်းခိုင်မာမှု၊ လုံ ၄လုံနဲ့ ပြည့်စုံတဲ့ စစ်နည်းပရိယာယ်ရှိမှုတွေဟာ အောင်ပွဲတွေဖြစ်ပါတယ်”
ကေဂျီ – Wiper
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြတ်သန်းလာခဲ့ကြတဲ့ ၃နှစ်တာ ကာလအတွင်းမှာ ခေါင်းဆောင်ကောင်းနဲ့ စုစည်းညီညွတ်မှု အသီးသီးရှိနေကြတဲ့ ဒေသခံလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဟာ ရည်မှန်းချက်ပန်းတိုင် မဟာဗျူဟာကို ချမှတ်ထားကြပြီး တခုချင်းအကောင်အထည်ဖော်လာတာကို တွေ့ရပါတယ်။ တိုက်ပွဲတစ်ခုခြင်းအပေါ်မှာလည်း အောင်မြင်မှုရရှိစေဖို့ မြေပြင်အခြေအနေနဲ့ ကိုက်ညီတဲ့ နည်းဗျူဟာတွေကို အသေးစိတ်ကအစ ချမှတ်ကျင့်သုံးနိုင်ကြတဲ့အတွက် စစ်ဆင်ရေး အောင်မြင်မှုတွေနဲ့ နယ်မြေစိုးမိုးမှုတွေ ရရှိလာကြတာလည်း တွေ့ရပါတယ်။
၂၀၂၄ ခုနှစ်ဟာ ဒေသခံလက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ အားအကောင်းဆုံးနဲ့ အောင်မြင်မှုအရှိဆုံး နှစ်တစ်နှစ်ဖြစ်လာပြီး မြန်မာစစ်တပ်ရဲ့ သမိုင်းတလျောက်မှာ အထိအနာဆုံး ဖြစ်စေခဲ့ပါတယ်။ လူအင်အား လက်နက်အင်အား ယန္တရားများ ပြည်စုံပါတယ်ဆိုတဲ့ နိုင်ငံတခုရဲ့ အကြီးဆုံး စစ်တပ်ကြီးဟာ အလဲလဲအကွဲကွဲနဲ့ မြင်မကောင်း ရှုမကောင်းအောင် ကျဆုံးနေတာကို အားလုံးတွေ့မြင်ရမှာဖြစ်ပါတယ်။ အာဏာရှင် မင်းအောင်လှိုင်ရဲ့ လက်နက်တုတ် ဖြစ်နေတဲ့ စစ်တပ်ဟာ ပြိုလဲချင်တိုင်းပြိုလဲနေတာကြီးဟာ နိုင်ငံတကာက အံ့ဩကြရအောင်ထိ စစ်ရှုံးနေရတာ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့အတူ နွေဦးတော်လှန်ရေးက ဖောက်ဖွားလာတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်တွေဟာ တိုက်ပွဲတွေကို အားအကောင်းဆုံး ဖော်ဆောင်နိုင်တဲ့ နှစ်တစ်နှစ် ဖြစ်လာခဲ့ပါပြီ။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ AA၊ TNLA နဲ့ MNDAA တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအဖြစ် ချိန်သားကိုက် တရစပ်ထိုးစစ်ဆင်မှုတွေကနေ စစ်ကောင်စီကင်းစင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို ရရှိခဲ့ကြပြီ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တဲ့ AA တပ်တော်ရဲ့ ရခိုင်ပြည်နယ်တွင်း စစ်ဆင်ရေးဖော်ဆောင် သိမ်းပိုက်မှုတွေဟာလည်း ၆လ ကျော်ကြာလာတဲ့ အချိန်အထိ ရပ်တန့်အားလျော့သွားခြင်းမရှိဘဲ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးတွေကြားမှာပဲ စစ်တပ်အခိုင်အမာ နေရာယူတပ်စွဲထားတဲ့ မြို့တွေ၊ စစ်ရေးအရ အရေးပါတဲ့ ဗျူဟာကုန်းတွေနဲ့ တပ်စခန်းတွေကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်နိုင်နေဆဲပဲ ဖြစ်ပါတယ်။
ဗျူဟာကောင်းပြီး ခြေသံလုံတဲ့ AA တပ်တော်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီရဲ့ ကမ္ဘာ့အဆင့် ၃၈ တပ်မတော်ကြီးဟာ ခုခံစစ်အနေအထားမှာပဲ ရှိတော့တာကို တွေ့ရပါတယ်။ စစ်ရေးအရ မြေပြင်အသာစီးရယူနိုင်တဲ့ တောင်ကုန်းမြေနေရာတွေမှာ စစ်လက်နက်ပစ္စည်းအကောင်းစားတွေနဲ့ အင်ပြည့်အားပြည့် အထိုင်ချတပ်စွဲထားပြီး လေကြောင်း၊ ရေကြောင်း လက်နက်ကြီးပစ်ကူတွေနဲ့ ခုခံကာကွယ်စစ်ကိုသာ အသုံးပြုထားတဲ့ အခြေအနေမှာတောင် စစ်ကောင်စီတပ်တွေဟာ AA ရဲ့ ဖြေးဖြေးမှန်မှန် တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံနေရပြီး အလံဖြူထောင် လက်နက်ချ အရှုံးပေးနေရမြဲဖြစ်သလို နယ်ခြားဖြတ်ကျော် ထွက်ပြေးနေကြဆဲ ဖြစ်ပါတယ်။
လက်ရှိကာလမှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်( နပခ ) ရှိရာ အမ်းမြို့နယ်ကို AA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ အမ်းမြို့ဟာ မကွေးတိုင်းနဲ့ နီးစပ်နေပြီး စစ်ကောင်စီအတွက် ရိက္ခာနဲ့ စစ်အင်အား ဖြည့်တင်းရေးမှာ အရေးပါတဲ့ အမ်း–ပဒါန်း လမ်းပိုင်းကိုပါ AA ကထိန်းချုပ်နိုင်သွားခဲ့ရင်တော့ ရခိုင်ပြည်နယ်မြောက်ပိုင်း အစွန်ဆုံးခရိုင်ဖြစ်တဲ့ စစ်တွေခရိုင်ရဲ့ ကျန်ရှိနေတဲ့ ဘူးသီးတောင်၊ မောင်းတောနဲ့ စစ်တွေမြို့တို့က တပ်စခန်းတွေဟာ ကူကယ်ရာမဲ့တဲ့ အခြေအနေကို စိုက်ရောက်သွားနိုင်ပါတယ်။ အခုချိန်ထိတော့ မကွေးတိုင်းကနေ ခရိုင်ပြည်နယ်ထဲ ဝင်လာတဲ့ စစ်ကောင်စီထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်နေတဲ့ အနေအထားကြားမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။
တပ်ရင်း ၁၀ ခုကျော်ရှိတဲ့ ဘူးသီးတောင်မှာ စကခ ၁၅ အပါအဝင် ခမရ ၅၅၁၊ ၅၅၂၊ ၅၆၄နဲ့ ၅၆၅ တပ်ရင်းတွေကို AA ကသိမ်းပိုက်ထားပြီး လက်နက်ချ အညံမခံသေးဘဲ ကျန်နေတဲ့ ခမရ၊ ခလရ တပ်ရင်းတွေနဲ့ အမြောက်တပ်ရင်း ၃၇၈ ကို ဆက်လက်ပြီး AA က ထိုးစစ်ဆင်နေပါတယ်။ ဘူသီးတောင်၊ မောင်တောနဲ့ စစ်တွေမြို့တို့ဟာ AA က ပိတ်ဆို့ထားနိုင်ပြီးတော့ စစ်ကောင်စီတပ်တွေဟာ ခုခံကာကွယ်စစ်ကနေ စိုးရိမ်ထိတ်လန့်နေကြရတဲ့ အနေအထားဖြစ်နေပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းက စတင်တဲ့ AA တပ်တော်ရဲ့ ထိုးစစ်ဟာ ၆ လကြာ ပျက်ရက်မရှိ ရက်ရှည်တိုက်ပွဲကို ဖော်ဆောင်ရင်း စစ်ရေးအရ အရေးပါတဲ့ တပ်စခန်းတွေ ဗျူဟာကုန်းတွေ နဲ့ မဟာဗျူဟာကျတဲ့ ကုန်းလမ်းရေလမ်းတွေကို တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ရခိုင်ပြည်နယ် တောင်ပိုင်းရဲ့ မအီ၊ တောင်ကုတ်၊ သံတွဲနဲ့ ဂွအထိ စစ်ဆင်ရေး ဖော်ဆောင်လာခဲ့ပါပြီ။ ဒါ့အပြင် ပြည်နယ်တွင်းသာမကပဲ AA တပ်တော်ရဲ့ မဟာမိတ်ပီသမှုနဲ့ စစ်သည်အင်အားတောင့်တင်းမှုဟာ ၁၀၂၇ စတင်ချိန်ကနေ လက်ရှိအချိန်အထိ တနိုင်ငံလုံးနီးပါးမှာ တပ်ဖြန့်ပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကို ပါဝင်ကူညီတိုက်ခိုက်ပေးနေမှုကလည်း အံအားသင့်ဖွယ် ပီပီပြင်ပြင် တွေ့မြင်နေရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ စစ်ပွဲတွေမှာ AA တပ်တော် ပါဝင်ခဲ့သလို၊ လက်ရှိ စစ်ရေးအားကောင်းပြီး အောင်မြင်နေတဲ့ ကချင်ပြည်နယ်ရဲ့ တိုက်ပွဲတွေမှာလည်း AA ပါဝင်သလို စစ်ကိုင်းတိုင်းထဲက တိုက်ပွဲတွေမှာလည်း KIA နဲ့အတူ AA ပါဝင်ခဲ့ပါတယ်။ တောင်ပိုင်းတိုင်းစစ်ဒေသတွင်းက ကရင်ပြည်နယ်မှာလည်း AA တပ်ဖွဲ့ဝင်တွေ ရှိနေပြန်ပါတယ်။ ဧပြီလ ၂၉ ရက်နေ့က ချင်းပြည်နယ်ရဲ့ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာလည်း AAတပ်တော်က ပါဝင်ကူညီတိုက်ခိုက်ခဲ့ပြီး ချင်းညီနောင် စစ်ဆင်ရေးရဲ့ ကျင်ဒွေး မြိုသိမ်းတိုက်ပွဲအတွက် အစစရာရာ ကူညီပေးတဲ့ အာရက္ခတပ်တော်-AA ကိုလည်း အထူးကျေးဇူးတင်ရှိတယ်လို့ ချင်းညီနောင်အဖွဲ့က ထုတ်ဖော်ပြောကြားထားပါတယ်။
AA ထိုးစစ်ဆင်နေတဲ့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေမှာ စစ်ကောင်စီဟာ ခံစစ်ကို အင်ပြည့်အားပြည့်နဲ့ ပြင်ဆင်ပြီး တပ်သားတွေကို အသည်းအသန် အသေခံတိုက်ခိုင်းနေရပါတယ်။ ဒါဟာ ကိုယ့်ဒေသ လွတ်မြောက်ရေးအတွက်သာမကဘဲ တစ်တိုင်းပြည်လုံးမှာ စစ်အာဏာရှင် ကျဆုံးရေး ရည်မှန်းချက်ထား ဆောင်ရွက်နေတဲ့ AAတပ်တော်ရဲ့ ဦးတည်ချက်ကို စစ်ကောင်စီအနေနဲ့ ကြောက်လန့်တုန်လှုပ်နေခြင်းကြောင့်ဖြစ်ပြီး မကွေးတိုင်းနဲ့ ဧရာဝတီတိုင်း အတွင်းကို AAတပ်တော်ရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ စစ်ရေးဖော်ဆောင်တွေ ရောက်ရှိသွားနိုင်တာကြောင့် အစွမ်းကုန် ကာကွယ်တားဆီးနေရခြင်းသာဖြစ်ပါတယ်။
ဘာ့ကြောင့်လည်း ဆိုတော့ AA နဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေထဲမှာဆိုရင် မကွေးတိုင်းထဲက တော်လှန်ရေးအင်အားစုများပါဝင်နေသလို စစ်ကိုင်းတိုင်းထဲက တော်လှန်ရေး အင်အားစုများလည် ပူးပေါင်းလုပ်ဆောင်နေတာ တွေ့ရပါတယ်။ အာရက္ခတပ်တော် အောင်ပွဲနဲ့အတူ အနောက်ရိုးမကို ကျော်တက်လာမဲ့ တော်လှန်ရေးလှိုင်းလုံးကြီးတွေကိုလည်း စစ်ကောင်စီအနေနဲ့ ကြောက်လန့်နေမှာ သေချာပါတယ်။ တချို့သော တော်လှန်ရေး တပ်ဖွဲ့တွေက ရခိုင်ပြည်နယ်တိုက်ပွဲမှာ ပါဝင်နေတယ်ဆိုတာ ထုတ်ပြောကြပါတယ်။ အဲဒါကအနည်းငယ်သာဖြစ်ပြီးတော့ ရခိုင်ပြည်နယ် ထိုးစစ်စတင်ပြီဆိုကတည်းက AA နဲ့ပူးပေါင်းပြီး တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲက မပြောတဲ့ အဖွဲ့တွေလည်း ရှိနေပါသေးတယ်။
အာရက္ခတပ်တော် စစ်ဦးစီးချုပ်ကတော့ ရခိုင်တပြည်နယ်လုံးလွတ်မြောက်ရေးအတွက် ကြွေးကြော်ထားတာဖြစ်တဲ့အတွက် စစ်ရေးရည်မှန်းချက်ကို အပြည့်အဝ အောင်မြင်အောင်လုပ်မယ်လို့ ယူဆရပါတယ်။ အနောက်ရိုးမကိုကျော်ဖြတ်လာမဲ့ တော်လှန်ရေးကတော့ အနီးစပ်ဆုံးကတော့ မကွေးတိုင်းဖြစ်ပြီး ဒုတိယကတော့ ဧရာဝတီဖြစ်လာနိုင်ပါနယ်။ ဘာ့ကြောင့်လဲဆိုတော့ မကွေးတိုင်း မြစ်နောက်ဘက်ခြမ်းက တော်လှန်ရေးတပ်ဖွဲ့တွေဟာ အမ်းမြို့တက်မဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေကို ပူးပေါင်းဖြတ်တောက်နေကြတာဖြစ်ပါတယ်။ AA အောင်ပွဲနဲ့အတူ ဧရာဝတီဖြစ်အနောက်ဘက်ခြမ်းဟာလည်း တိုက်ပွဲတွေပြင်းထန်လာပြီးတော့ ပူးပေါင်းမဟာမိတ်တော်လှန်ရေးတပ်တွေရဲ့ နယ်မြေစိုးမိုးမှုတွေ အောင်ပွဲတွေ ဆင်မြန်းလာနိုင်ပါတယ်။
နောက်တခုကတော့ အခုကတည်းက စစ်ကောင်စီစိုးရိမ်နေရတဲ့ ဧရာဝတီတိုင်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ် သံတွဲမြို့နယ် တိုက်ပွဲပြင်းထန်နေပြီဖြစ်ပါတယ်။ ဒါတောင် ဂွမြို့နယ်ကို တိုက်ပွဲတွေ ဘယ်တော့ရောက်လာမှန်းမသိသေးပေမဲ့ အာဏာသိမ်းစစ်ကောင်စီကတော့ ဧရာဝတီတိုင်းထဲက ငသိုင်းချောင်း၊ သာပေါင်း၊ ရေကြည်၊ ကျုံပျော်၊ ကြံခင်း၊ မြန်အောင်ဘက်တွေမှာ လုံခြုံရေးတွေ အထူးတင်းကြပ်နေတယ်ဆိုတာမျိုး ကြားနေရပါပြီဖြစ်ပါတယ်။ အာရက္ခတပ်တော်ရဲ့ စစ်ရေးရည်မှန်းချက်ကြီးအတွင်းမှာ မဟာမိတ်တပ်ဖွဲ့တွေရဲ့ မျှော်လင့်ချက်တွေပါနေတာတော့ ဒီလောက်ဆိုရင် အားလုံးသိမယ်ထင်ပါတယ်။
မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့ဟာ ရခိုင်ပြည်နယ် အစပ်တွေ ဖြစ်နေတဲ့အတွက် တနိုင်ငံလုံးစစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးရည်မှန်းချက်ဖြစ်တဲ့ တော်လှန်ရေးအင်အားစုများရဲ့ မျှော်လင့်ချက်ကိုတော့ စစ်ကောင်စီအနေနဲ့ မချိုးဖျက်နိုင်သလို ထိုးစစ်ဆင်လာသမျှအတွင်းမှာလည်း စစ်ကောင်စီတပ်တွေဟာ ဖရိုဖရဲဖြစ်နေတာ အားလုံးအသိဖြစ်ပါတယ်။ အခုချိန်မှာတော့ AA ရဲ့ အောင်ပွဲတွေကတော့ ဗျူဟာကျကျနဲ့ ပုံမှန်လျှောက်လှမ်းနေဆဲသာဖြစ်ပါတယ်။ ကြိုတင်စဉ်းစားဆင်ခြင်နိုင်စွမ်းရှိပြီး မဟာဗျူဟာချမှတ်နိုင်တဲ့ ခေါင်းဆောင်ကောင်းရှိမှုအပေါ်မှာ အခြေခံတဲ့ တပ်အင်အား အစုအဖွဲ့ ကျစ်လစ် တောင့်တင်းခိုင်မာမှု၊ လုံ ၄လုံနဲ့ ပြည့်စုံတဲ့ စစ်နည်းပရိယာယ်ရှိမှုတွေဟာ အောင်ပွဲတွေဖြစ်ပါတယ်။
AA နဲ့အတူ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း မဟာမိတ်ကောင်း ဆက်ဆံရေးကို တည်ဆောက်နိုင်ပြီးတော့ စစ်ရေးရည်မှန်းချက်နဲ့ နိုင်ငံရေးခံယူချက်တွေနဲ့ စစ်အာဏာရှင်လက်အောက်မှ ပြည်သူ့ဘဝလွတ်မြောက်ရေးကို အရှိန်ကောင်းကောင်းနဲ့ ထိုးစစ်ဆင်လာနိုင်မဲ့ အခြေအနေ ရှိနေပါပြီ။ စစ်ရေးမှာ အရေးတကြီးလိုအပ်နေတဲ့ စစ်ဗျူဟာနဲ့ လက်နက်ခဲယမ်းတွေဟာလည်း ပွင့်လင်းလာမဲ့ တော်လှန်ရေးစိုးမိုးနယ်မြေတွေဖြစ်တဲ့ မြောက်ပိုင်းနဲ့ အနောက်ပိုင်းဟာ အလယ်ပိုင်းတိုင်းအတွက် တော်လှန်ရေး အားတခုဖြစ်လာမယ်ဆိုတာ အသေအချာကြီး မြင်တွေ့နေပြီဖြစ်ပါတယ်။
အခုချိန်မှာတော့ မဟာမိတ်ဖွဲ့ တည်ဆောက်ခြင်းကောင်းမွန်မှု၊ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို ရယူနိုင်တဲ့ စည်းရုံးရေးကောင်းမွန်မှုနဲ့အတူ စစ်ရေး၊ နိုင်ငံတကာအရေး၊ သံတမာန်ရေးနဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး ကဏ္ဍတွေကိုပါ ကြိုတင်စီမံနိုင်မှုတွေကြောင့် တကယ်လုပ်ရင် အဟုတ်ဖြစ်တယ်ဆိုတဲ့ အကြောင်းကို ဒီနေ့ ဒီကာလမှာ အပြောတင်မဟုတ်ဘဲ အလုပ်နဲ့တကွ အာရက္ခတပ်တော်ကတော့ သက်သေပြနေခဲ့ပြီပဲ ဖြစ်ပါတယ်။
#RedNewsAgency