RNA_မေ(၁၃)၊၂၀၂၄ ခုနှစ်။
ယခုရက်ပိုင်း မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း ပြည်သူ ၆၀ ဝန်းကျင်ကို စစ်ကောင်စီတပ်နှင့်လက်အောက်ခံများက သတ်ဖြတ်သွားမှုသည် ပြည်သူများတော်လှန်ရေးအပေါ် အားစိုက်မှုလျော့မသွားအသည့်အတွက် စစ်ကောင်စီက ပိုရက်စက်ပြနေဖြစ်နေသည်ဟု ဒေသခံတော်လှန်ရေး အင်အားစုများက သုံးသပ်ထားသည်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများ၏ သတ်ဖြတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာမှ ပြည်သူ (၃၁) ဦးသေဆုံးခဲ့ရကြောင်း၊ မကွေးတိုင်း၊ ဆောမြို့နယ်၊ အကြည်ပန်းပလွန်းကျေးရွာ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်သည့်အတွက် ၂၀ ဦးခန့်သေဆုံးခဲ့ရကြောင်း၊ ဒီပဲယင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်အတွင်းလည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယခုရက်ပိုင်း သေဆုံးခဲ့ရမှုများရှိခဲ့သည်။
“နေရာတိုင်းက သူတို့ချည်းခံနေရတော့ ဘာလက်နက်မှ မရှိတဲ့ပြည်သူတွေကိုပဲ ပိုမဲနေတာထင်တယ်။ ပြည်သူတွေ တော်လှန်ရေးအပေါ် အားစိုက်မှုက လျော့မသွားတဲ့အတွက် ပိုရက်စက်ပြနေသလိုပါပဲဗျာ။ စစ်ကော်စီမှာက စစ်ရေးပစ်မှတ်ဆိုတာ မထားတော့ပါဘူး အားလုံးရဲ့ ဘုံရန်သူဟာ စစ်ကောင်စီဖြစ်သလို စစ်ကောင်စီကလဲ သူတို့အချင်းချင်းကလွဲရင် အားလုံးဟာ သူတို့ရန်သူလို့ပဲ သဘောထားလာနေပါပြီ” ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM မှ ကိုနွေဦး (မြောင်) ကပြောကြားထားသည်။
