အာဏာသိမ်းပြီး ဘုရင်လုပ်ချင်တဲ့ လောဂျစ်အမှားနဲ့ မင်းအောင်လှိုင်

“ပြည်သူ့စစ်အင်အားထဲက ၅၀ ရာခိုင်နှုန်းလောက်ပဲ စစ်တပ်ကို ဆန့်ကျင်ခဲ့ရင်တောင် စစ်တပ်အတွက်နောက်ကျောမလုံရတဲ့ အခြေနေဖြစ်စေလိမ့်မယ်။ တကယ်တော့ ပြည်သူ့စစ်ဆိုတာ စစ်ကောင်စီအတွက် ခါးပိုက်ထဲက မြွေပွေးဖြစ်တယ်။ အချိန်မရွေး စစ်ကောင်စီကို ဒုက္ခပေးနိုင်တဲ့သူတွေဖြစ်သလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းသွားရင်လည်း စစ်သင်တန်းပေးလိုက်တဲ့ စစ်တပ်က မိအေး နှစ်ခါနာ ဖြစ်အုံးမယ်”
*********************************
ရန်နိုင်

စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီဖက်က ရလိုက်တာက စစ်မှုထမ်းဖို့စိတ်မပါတဲ့ သူတွေကို Brainwash လုပ်လို့ မရတော့တဲ့ အသက်အရွယ်ရောက်နေတဲ့သူတွေပဲ ဖြစ်တယ်။ အဲ့ဒီ အဓမ္မစုဆောင်းထားတဲ့ တပ်သားသစ်တွေကို စစ်ကောင်စီက ရလိုက်တဲ့အချိန်မှာပဲ တော်လှန်ရေး တပ်ဖွဲ့တွေဘက်က ရလိုက်တာက စစ်ကောင်စီရဲ့ ဗျူဟာမှူးတွေ၊ အရာရှိတွေ သေဆိုသေ၊ ရှင်ဆိုရှင်မယ့် အမိန့်ကျပြီးသား စစ်ခွေးပေါင်းများစွာနဲ့ တပ်စခန်း ပေါင်းများစွာပဲဖြစ်တယ်။

အဖက်ဖက်က စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆေးမြီးတိုနည်းတွေဖြစ်တဲ့ ပျူစောထီးလို၊ ပြည်သူ့စစ်လို လက်ကိုင်တုတ်တွေကို မွေးထုတ်ပေးခဲ့တယ်။ စစ်မှုထမ်း ဉပဒေကို အတည်ပြုပြီးလည်း စစ်မတိုက်ချင်တဲ့သူတွေကို စစ်ပွဲထဲအတင်းအကျပ် ပါဝင်စေခဲ့တယ်။ အောက်ဆုံး အဆင့်မှ ဝင်လာရတဲ့ ရဲဘော်တွေကို ဘင်ခရာတပ်တွေနဲ့ ကြိုဆိုပြနေသလို ပန်းကုံးစွပ် ကြိုဆိုပွဲတွေနဲ့ အကြီးအကျယ် အောင်ပွဲခံပြနေခဲ့တယ်။

အတင်းအကျပ် စုဆောင်းခံထားရတဲ့ ပြည်သူ့စစ်ဆိုတဲ့သူတွေက စစ်ကောင်စီကို အချိန်မရွေး သေနတ်ပြောင်းလှည့်ဖို့ အကြံထုတ်နေသူတွေဖြစ်တယ်။ ပြည်သူ့စစ်အင်အားထဲက ၅၀ ရာခိုင်နှုန်းလောက်ပဲ စစ်တပ်ကို ဆန့်ကျင်ခဲ့ရင်တောင် စစ်တပ်အတွက်နောက်ကျောမလုံရတဲ့ အခြေနေဖြစ်စေလိမ့်မယ်။ တကယ်တော့ ပြည်သူ့စစ်ဆိုတာ စစ်ကောင်စီအတွက် ခါးပိုက်ထဲက မြွေပွေးဖြစ်တယ်။ အချိန်မရွေး စစ်ကောင်စီကို ဒုက္ခပေးနိုင်တဲ့သူတွေဖြစ်သလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းသွားရင်လည်း စစ်သင်တန်းပေးလိုက်တဲ့ စစ်တပ်က မိအေး နှစ်ခါနာ ဖြစ်အုံးမယ်။

ပြည်သူ့စစ်အင်အားကောင်းသည့်အသွင် သိသာအောင်ဖော်ပြနေတာက ပြည်သူတွေကိုစစ်တပ်က အတင်းအကျပ်ခိုင်းစေလို့ရနိုင်ကြောင်း ပြသခြင်းဖြစ်သလို၊ တော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း စစ်တပ်အင်အားတွေ အလုံအလောက် ရှိနေသေးကြောင်း ခြိမ်းခြောက်ပြချင်ရုံသာဖြစ်တယ်။ အဖက်ဖက်မှာ ရှုံးနေတဲ့စစ်ကောင်စီ တပ်သားတွေ နေရာမှာ ပြည်သူ့စစ်တွေနဲ့ အရန်သင့်အင်အားဖြည့်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။

တကယ်တော့ စစ်မှုထမ်းဥပဒေအတည်ပြု ဖြစ်ပေါ်လာတာနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင်၊ စစ်သုံ့ပန်းဖြစ်လာတာနဲ့က တိုက်ရိုက်နီးပါး အချိုးကျနေတယ်။ ပြည်သူ့စစ်ဥပဒေကိုစတင် အတည်ပြုလိုက်စဉ်ကတည်းက ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀၀ ကျော်ပါလာတဲ့ သင်္ဘောဖျက်စီးခံလိုက်ရသလို စစ်ကောင်စီ မိသားစုဝင်တွေလည်း ဖမ်းဆီးခံလိုက်ရတယ်။ ဒါတင်မကသေးပဲ စစ်မှုထမ်းဥပဒေကြောင့် ပြည်သူ့စစ်အဖြစ် သင်တန်းစတင်တက်ကြရတဲ့ နေ့မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မိသားစုလိုက် အလံဖြူထောင် လက်နက်ချလာခဲ့တယ်။

စစ်ကောင်စီက ပြည်သူ့စစ်သင်တန်းသားသစ်တွေကို အိုးစည်ဗုံမောင်းနဲ့ ကြိုဆိုနေချိန်နဲ့ တပြိုင်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အဟောင်းတွေကလည်း အလံဖြူထောင်ကာ အထုပ်ဆွဲပြီး တိုင်းရင်းသားတွေလက်ထဲ အညံ့ခံလိုက်ကြတယ်။ သင်္ဃန်းညီနောင်က ဗျူဟာမှူး ထွန်းထွန်းလတ်အပါအဝင် အရာရှိစစ်သည်၊ စစ်သည်မိသားစု စုစုပေါင်း ၆၁၇ ယောက် လက်နက်ချ အဖမ်းခံလာသလို၊ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ဘက်က ပျူစောထီးအင်အား (၁၂၀) ကလည်း လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်။

မိမိကိုယ်ကို လုပ်သမျှဖြစ်နေပြီလို့ အထင်ရောက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် ခပ်ညံ့ညံ့ တပ်သားသစ်တွေ ဝင်လာပြီး အဆင့်မြင့်အရာရှိတွေပါသွားတယ်ဆိုတာ သိသာစေတယ်။ ပြည်သူ့စစ်ဆိုတာကလည်း မြွေပွေး ခါးပိုက် ပိုက်ထားရတဲ့အဖြစ်သာဖြစ်ပြီး စိတ်ချလက်ချ မသုံးရဲတဲ့သူတွေဖြစ်တာကြောင့် စစ်တပ်အပျက်ကြီးကို သင်တန်းသားသစ်တွေနဲ့ ဘယ်လိုအလဲလဲ အကွဲကွဲခရီးဆက်အုံးမယ်မသိပေ။

တော်လှန်ရေးအင်အားစုတွေအတွက်ကတော့ စစ်မှုထမ်းဥပဒေကြောင့် ဆိုးကျိုးတွေရှိပေမယ့် ကောင်းကျိုးတွေလဲ များလှပါတယ်။ တော်လှန်ရေးရဲဘော်အသစ်တွေ များပြားလာတာကြောင့် အင်အားပိုမို တောင့်တင်းလာသလို ရှိပြီးသားအရည်အချင်းပြည့်ဝတဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ ပူးပေါင်းနိုင်တော့မှာ ဖြစ်တယ်။ စွမ်းဆောင်ရည် ပိုမို ပြည့်ဝလာတဲ့ မြေပြင်တိုက်ခိုက်ရေး တပ်သားတွေတင်မကပဲ နည်းပညာ ပိုမိုမြင့်မားလာတဲ့ Drone တပ်ဖွဲ့တွေနဲ့လည်း ပူးပေါင်းနိုင်တော့မှာဖြစ်တယ်။

ပြည်သူ့စစ်မှုထမ်းတွေ ဖော်ဆောင်နေပါတယ်ဆိုတဲ့အတွင်း တော်လှန်ရေးကာလအတွင်း Drone နည်းပညာ တိုးတက်လာခြင်းကြောင့် စစ်ကောင်စီရဲ့ စစ်စခန်းတွေကို တိုက်ခိုက်ရုံတင်မကပဲ ပစ်မှတ်မျိုးစုံကို ဦးတည်တိုက်ခိုက်လာနိုင်တယ်။ ကာမီကာဇေ ဒရုန်းနည်းပညာနဲ့ စစ်ကောင်စီရဲ့ အလုံခြုံဆုံးဖြစ်တဲ့ နေပြည်တော် စစ်ချုပ်ရုံးလိုနေရာထိပင် တိုက်ခိုက်ခြိမ်းခြောက်ထားနိုင် နေပြီဖြစ်တယ်။

မော်လမြိုင် စစ်ရုံးချုပ်ကို စစ်ရေးအစည်းအဝေးကျင်းပဖို့ရောက်လာတဲ့ ဒုချုပ်စိုးဝင်း ကိုပါ အစည်းအဝေးပွဲ ပျက်တဲ့အထိ (၂) ကြိမ်တိုင်တိုင် ကာမီကာဇေ ဒရုန်းနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်။ အရည်အချင်းပိုမိုပြည့်ဝလာတဲ့ တော်လှန်ရေးရဲဘော်တွေကို အရန်အင်အားဖြည့်ဖို့ အတွက် တော်လှန်ရေးရဲဘော်အသစ်တွေကလည်း အသင့်ရှိနေပြီ။ ရဲဘော်အသစ်ဆိုတာကလည်း စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ရောက်လာသူတွေ ဖြစ်တယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လူလည်ကြီးလုပ်ပြီး ပြည်သူတွေဆီက တပ်သားသစ်တွေကို အတင်းအကျပ် ရယူလိုက်နိုင်ပြီဆိုပြီး ပျော်နေပေမယ့် အခြားတဖက်မှာ ဗိုလ်မှူးတွေ၊ တပ်မမှူးတွေ၊ ဗျူဟာမှူးတွေကို စွန့်လွှတ်လိုက်ရတာပဲဖြစ်တယ်။ ပြည်သူတွေဆီက အာဏာသိမ်းလိုက်လို့ တိုင်းပြည်ကိုဘုရင်တယောက်လို အုပ်ချုပ်ခွင့်ရပြီ ထင်နေပေမယ့် တခြားဖက်မှာ စစ်ရာဇဝတ်မှုတွေနဲ့ကျူးလွန်နေတဲ့ အာဏာရှင်တွေအဖြစ် တိုက်ထုတ်ခံလိုက်ရခြင်းပဲဖြစ်တယ်။

ပြည်သူတွေအတွက်ကတော့ မိမိရဲ့ဆန္ဒမဲတွေကို အလုခံလိုက်ရပြီး တိုင်းပြည်ရဲ့အာဏာကို အသိမ်းခံလိုက်ရပေမယ့် အမြစ်တွယ်နေတဲ့အာဏာရှင်စနစ်ကို အပြီးတိုင်ချုပ်ငြိမ်းဖို့ လုပ်ဆောင်လာနိုင်ခြင်းဖြစ်သလို ကြုံလာသမျှအဆိုးတွေကို စည်းစည်းလုံးလုံး အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ခြင်းဆိုတဲ့ သမိုင်းသက်သေတခုအဖြစ် မှတ်တမ်းတင်နိုင်လိမ့်မယ်ဟု သုံးသပ်မိပါတယ်။ ။

#RedNewsAgency

By Editor