ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်သိမ်း တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၈၀) ကျော်သေဆုံး

RNA_ဧပြီ(၆)၊၂၀၂၄ခုနှစ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ရက္ခိုင့်တပ်တော် – AA မှ အပြီးသတ်သိမ်းပိုက်အပြီးတွင် စစ်ကောင်စီလက်အောက်ခံ (၈၀) ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် – AA မှ စစ်ကောင်စီ၏ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ဧပြီလ ၁ ရက်နေ့မှစတင်ထိုးစစ်ဆင်ခဲ့ပြီး (၅) ရက်အကြာ ဧပြီလ ၅ ရက်နေ့ နံနက် (၈) နာရီတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းတပ်ရင်းဌာနချုပ်သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ (၈၀) ကျော်သေဆုံးခဲ့ပြီး ရက္ခိုင့်တပ်တော်မှလည်း ပေးဆပ်စွန့်လွှတ်ခဲ့ရမှုများရှိကြောင်း၊ ပေးဆပ်စွန့်လွှတ်ခဲ့သော အာရက္ခစစ်သည်တော်များအား ရက္ခိုင့်တပ်တော်၊ စစ်ရုံးချုပ်မှ လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်ဟု AA ကထုတ်ပြန်ထားသည်။

ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား အပြီးသတ်သိမ်းပိုက်ပြီးနောက် ရန်သူ့အလောင်းများနှင့် လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိထားကြောင်း၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်း စစ်ကောင်စီတပ်စခန်းကိုလည်း ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ရက္ခိုင်ဒေသတစ်ခုလုံးကို အပြီးသတ်ပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် လက်နက်ချအညံ့မခံသေးသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်းများအား တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း စစ်ရှုံးနေသည့်အတွက် ပြည်သူကိုပစ်မှတ်ထားပြီး စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ၊ စစ်ဘေးရှောင်နေရာများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့ရွာများရှိ လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို နေ့စဉ်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည်ဟု ယမန်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor