အမ်းမြို့နယ်နှင့် ငဖဲမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံး

RNA_မတ်(၂၉)၊၂၀၂၄ ခုနှစ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် မကွေးတိုင်း ငဖဲမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် – AA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ကြရာ စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံးကြောင်း သိရသည်။

 

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ (၁၄၀၀) ခန့်အကွာတွင် ရက္ခိုင့်တပ်တော် နှင့် အကြမ်းဖက်စစ်ကောင်စီတို့ မတ်လ ၂၆ ရက်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ (၁၅) ဦးခန့် သေဆုံးကြောင်း AAကထုတ်ပြန်ထားသည်။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ (၁၅၀၀) ခန့်၌ မတ်လ (၂၆) ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၄) ဦးသေဆုံးပြီး၊ မတ်လ (၂၈) ရက်နေ့ကလည်း ငဖဲမြို့နယ်၊ ချောင်းဖျားရွာ၏ တောင်ဘက် မီတာ (၇၀၀) ခန့်အကွာတောင်ကြော တိုက်ပွဲတွင်လည်း စစ်ကောင်စီလက်အောက်ခံ (၆) ဦးသေဆုံးသည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

AA ဦးဆောင်သည့် မဟာမိတ်များသည် ရခိုင်ပြည်နယ်အတွင်း စခန်းသိမ်းတိုက်ပွဲများနှင့် မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဆင်နွှဲနေရာတွင် အကြမ်းဖက်စစ်ကောင်စီ၏ ရက္ခိုင်ဒေသဌာနချုပ် (တနည်း) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ ရက္ခိုင်ပြည်၊ အမ်းမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွါးလာပြီး အမ်းမြို့နယ်နှင့်ဆက်စပ် မကွေးတိုင်း ငဖဲမြို့နယ်အတွင်းထိ တိုပ်ပွဲများ ရောက်ရှိလာပြီဖြစ်သည်။

#RedNewsAgency

By RNA Editor