ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တပ်စခန်း (၆၅) ခုကိုသိမ်းပိုက်နိုင်ပြီးနောက် မြို့ (၇) မြို့ကို ထိန်းချုပ်ထား

RNA_မတ်(၂၃)၊၂၀၂၄ခုနှစ်။

၁၁၁၁ (တစ်လေးလုံး) စစ်ဆင်ရေး စတင်ပြီးနောက် ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတောနှင့် မော်ချီး၊မိုးဗြဲ၊ နန်းဖယ်ခုံပါဝင်သည့် မြို့(၇)မြို့ကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက ထိန်းချုပ်နိုင်ခဲ့ပြီးအကြမ်း ဖက်စစ်ကောင်စီ၏ တပ်စခန်း (၆၅) ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

“(၁၁၁၁) စစ်ဆင်ရေး စတင်ပြီးနောက် ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ဒီးမော့ဆို၊ ရွာသစ်၊ရှားတောနှင့်မော်ချီး၊မိုးဗြဲ ၊နန်းဖယ်ခုံ၊ စသောမြို့(၇)မြို့ ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့ပြီး (၁၁၁၁) စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီမှ စွန့်ခွာ တပ်ဆုတ်သွားသော စခန်း (၁၆) ခုရှိခဲ့ပါသည်။ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များမှ သိမ်းပိုက်နိုင်ခဲ့သော စစ်ကောင်စီ တပ်စခန်းများမှာ လွိုင်ကော်မြို့နယ်တွင် စခန်း (၁၂) ခု၊ ဒီးမော့ဆိုမြို့နယ်တွင် စခန်း(၁၃) ခု၊ ဖားဆောင်မြို့နယ်တွင် စခန်း (၉) ခု၊ ဘောလခဲမြို့နယ်တွင် စခန်း(၅) ခု၊ ရှားတောမြို့နယ်တွင် စခန်း (၇) ခု၊ ဖယ်ခုံမြို့နယ်တွင် (၁၇)ခု နှင့် မယ်စဲ့မြို့နယ်တွင် ( ၁)ခု၊ ဖရူဆိုမြို့နယ်တွင် (၁) ခု စုစုပေါင်း တပ်စခန်း (၆၅) ခုဖြစ်ပါသည်” ဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ထုတ်ပြန်ထားသည်။

၁၁၁၁စစ်ဆင်ရေးအစိတ်အပိုင်း တစ်ခုဖြစ်သော လွိုင် ကော်မြို့သိမ်းတိုက်ပွဲကြောင့် ရွာသစ်မြို့၊ မော်ချီးနှင့် မဲစဲ့မြို့နယ်တို့မှ စစ်ကောင်စီတပ်များ တပ်ဆုတ်လာကာ လွိုင်ကော်မြို့သို့ တပ်အင်အားဖြည့်တင်းရကြောင်း၊ (၁၁၁၁) စစ်ဆင်ရေး အရှိန်ဖြင့် စစ်ကောင်စီတပ်ဘက်မှ မြို့နယ်များ နှင့် ရှေ့တန်းစခန်းအချို့ကို လက်လွတ်ခဲ့ရသည့်အပြင် သံလွင်အရှေ့ဘက်ကမ်းရှိ စစ်ကောင်စီ ရှေ့တန်း စခန်းကုန်းများ၊ နယ်စပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များမှ ဆက်လက်တိုက်ခိုက်သိမ်းပိုက်သဖြင့် နယ်မြေထိန်းချုပ်နိုင်မှု အခြေအနေ မရှိတော့ကြောင်း သိရသည်။

ကရင်နီပြည်အတွင်းရှိ တော်လှန်ရေးအင်အားစုများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စည်းလုံးညီညွှတ်မှုနှင့် ပြည်သူများ၏ ကူညီ ထောက်ပံ့မှု၊ အားပေး ထောက်ခံမှုတို့ကြောင့် မြို့သိမ်းတိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲများအောင်မြင်မှုရရှိခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးအတွင်း အသက်ပေးသွားသော တော်လှန်ရေးရဲဘော်များ၊ ရဟန်းရှင်လူများနှင့် ပျက်စီးသွားသော ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များ အပေါ် တိုင်တည်ပြီး အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက အဓိဌာန်ပြုထားသည်။

#RedNewsAgency

By RNA Editor