စစ်တပ်ကင်းစင်နယ်မြေဖြစ်လာနိုင်တဲ့ ကချင်ပြည်နယ်ရှိ စစ်ရေးအောင်မြင်မှုများ

“ကချင်လူမျိုးတို့၏ရိုးရာဓလေ့ဖြစ်သည့် စစ်အောင်နိုင်ချိန်၌ အောင်ပွဲခံကျင်းပလေ့ရှိသော ပဒန်မနောပွဲများတွင် ကချင်လွတ်မြောက်ရေးတပ်မတော်( KIA )အတွက် ကချင်လူမျိုးတို့၏ ကျေးဂျူးကဘာဆိုင်ရော စကားဆိုသံများသည် ကျယ်လောင်စွာ ပြန့်လွင့်နေတော့မည်”

ကေဂျီ

လက်ရှိအချိန်တွင်ဖြစ်ပေါ်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စစ်ရေးအောင်မြင်မှုများ၊ နယ်မြေစိုးမိုးလာနိုင်မှုများနှင့် အဖွဲ့အစည်း၏ မှုဝါဒ၊ ရည်မှန်းချက်များပြည့်မှီအောင်ဖော်ဆောင်နိုင်မှုများ တိုးတက်အားကောင်းလာပြီး အောင်မြင်မှုများစွာရရှိလာခြင်းသည် ၂၀၂၁ ခုနှစ် စစ်တပ်၏ နိုင်ငံ့အာဏာသိမ်းယူခြင်းမှ ဖြစ်ပေါ်လာသော  အကျိုးသက်ရောက်မှုများကြောင့် ဖြစ်သည်ဟုဆိုနိုင်ပါသည်။

ထို့ထက်ပို၍ နိုင်ငံသူ၊နိုင်ငံသားတို့၏ မုန်းတီးမှုနှင့် စွန့်ပစ်ခြင်းခံလိုက်ရသောကြောင့် နိုင်ငံ့တပ်မတော်မှ အကြမ်းဖက်စစ်တပ် အဖြစ်ပြောင်းလဲသွားသော လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ ကျဆုံးခန်းနေဝင်ချိန် ရောက်ရှိလာခြင်းဖြစ်သည်ဟုလဲ ဆိုရပေမည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်တပ်တို့ကြား၌ ကိုယ်ပိုင်အုပ်ချုပ်ရေးပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးဆိုင်ရာ ညှိနှိုင်း၍မရနိုင်သော ပဋိပက္ခများကြောင့် ပြည်တွင်းစစ်ကို ဆင်နွှဲလာခဲ့ကြသည်မှာ လွတ်လပ်ရေးရပြီးချိန်မှ စတင်ခဲ့သည်ဖြစ်သောကြောင့် လက်ရှိအချိန်အထိ နှစ်ပေါင်း(၈၀)ခန့် ကြာမြင့်လာခဲ့ပြီဖြစ်ရာ ကမ္ဘာ့အရှည်ကြာဆုံးသော ပြည်တွင်းစစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီးဖြစ်လေသည်။

မြန်မာနိုင်ငံ၏ တောင်ပိုင်းဒေသမှ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ( KNU/KNLA ) နှင့် မြောက်ပိုင်းဒေသမှ ကချင်လွတ်မြောက်ရေး တပ်မတော်( KIO/KIA ) တို့သည် စစ်တပ်နှင့် နှစ်ပေါင်းအရှည်ကြာဆုံး တိုက်ပွဲဆင်နွှဲလာခဲ့သည့် သဘာရင့်ဝါရင့် သက်တော်ရှည်တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းကြီး နှစ်ခုပင်ဖြစ်သည်။

၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် လက်နက်ကိုင်တော်လှန်ရေးတပ်အဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့သော ကချင်လွတ်မြောက်ရေးတပ်မတော် ( KIA ) သည် ၁၉၆၀ ခုနှစ်မှ ၁၉၉၀ ခုနှစ်များအထိ ကချင်ပြည်နယ်၏ မြို့ကြီးများနှင့် မီးရထားလမ်းများမှ လွဲ၍ ကချင်ပြည်နယ်၏ အခြားသောနယ်မြေဒေသများကို စိုးမိုးထိမ်းချုပ်ထားနိုင်ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် အပစ်ခတ်ရပ်ဆဲရေး စာချုပ်ကိုချုပ်ဆိုခဲ့ပြီး ၁၇ နှစ်အကြာ ၂၀၁၁ ခုနှစ်တွင် ဗန်းမော်မြို့နယ် အခြေစိုက် စကခ ၂၁ လက်အောက်ခံတပ်ရင်းများနှင့် တာပိန်ရေအားလျှပ်စစ်စက်ရုံအနီးဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပါတ်သတ်၍ တိုက်ပွဲများပြန်လည်ဖြစ်ပေါ်လာရာမှစ၍ ယနေ့တိုင်အောင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်လေသည်။

ဓာတ်ပုံ – မိုးမိတ်ခရိုင် KPDF

ကချင်ပြည်နယ်ကို ခရိုင်(၄)ခု၊ မြို့နယ်(၁၈)ခုဖြင့်ဖွဲ့စည်းထားပြီး မြို့ပေါင်း (၃၀) ရှိရာ ကချင်လွတ်မြောက်ရေးတပ်မတော် ( KIA )သည် တပ်မဟာ (၁၀)ခုဖြင့် နယ်မြေစိုးမိုးလှုပ်ရှားခဲ့သည်ကို တွေ့ရသည်။ ကချင်ပြည် နယ်၏ ဖားကန့်ဒေသကဲ့သို့ အဖိုးတန်သဘာဝ သယံဇာတထွက်ရှိရာဒေသကိုလဲ ကချင်လွတ်မြောက်ရေးတပ်မတော်( KIA ) တပ်မဟာ (၉)မှ ထိန်းချုပ်နိုင်ခြင်းသည် တပ်ဖွဲ့၏ ဘဏ္ဍာရေးကောင်း ရရှိခြင်းတစ်ခုဖြစ်သည်။ KIA ရှိ စစ်သင်တန်းနှင့် ဗိုလ်လောင်းသင်တန်းကျောင်းများမှ စစ်ပုံကျနသော၊ စည်းကမ်းပြည့်ဝ၍ စွမ်းရည်မြင့်မားသော စစ်သည်တော်ကောင်းများကို လေ့ကျင်ပျိုးထောင်ပေးနိုင်သည်ကို ရက္ခိုင့်တပ်တော်(AA)အား ကြည့်မြင်သုံးသပ်လျှင် ထင်ရှားစွာတွေ့နိုင်မည်ဖြစ်သည်။

၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် KIA သည် စစ်ကောင်စီအား တွန်းလှန်တိုက်ခိုက်လိုသောသူများအား အခြေခံစစ်ပညာသင်တန်းများဖွင့်၍ သင်ကြားပေးခဲ့ပြီး NUG နှင့် PDF ဖွဲ့စည်းရာတွင်လဲ စွမ်းစွမ်းတမံ ပါဝင်ကူညီခဲ့ပါသည်။ နွေဦးတော်လှန်ရေးကြောင့် KIA အတွက် အားတက်ဖွယ်ရာကိစ္စရပ်တစ်ခုမှာ စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို တွန်းလှန်လိုသော  ကချင်လူငယ်များစွာ KIA ထံတွင် စစ်သင်တန်းတက်ရောက်လာကြခြင်းပင်ဖြစ်ပြီး ထိုကချင်လူငယ်များအား KIA တပ်မတော်အတွင်း ပေးမဝင်ရောက်စေပဲ ကချင် PDF အဖြစ်ဖွဲ့စည်းလိုက်ပါသည်။

၂၀၂၁ ခုနှစ် မတ်လ(၂၅) ရက်နေ့တွင် စစ်ကောင်စီတပ်စွဲထားသော ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ အလောဘွမ်ဗျူဟာကုန်း တပ်စခန်းကို KIA တပ်မဟာ (၅) လက်အောက်ခံတပ်ရင်းများမှ တိုက်ခိုက်သိမ်းယူခဲ့ခြင်းကြောင့် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပေါ်ခဲ့ပါသည်။ စစ်ရေးသတင်း လုံခြုံမှုအားကောင်းခြင်းသည် KIA ၏ ကြီးမားသောအားသာချက်တစ်ခုတွင် အပါအဝင်ဖြစ်သည်ကို တွေ့ရပြီး စစ်သင်တန်း၏ သင်ခန်းစာများတွင် လုံ (၄)လုံကို မှတ်သားမိစေရန် “မိမိနာလိုက်ရသည်ကိုလဲ ရန်သူအားတက်ပျော်ရွှင်အောင် အသိမပေးရကြောင်း၊ မိမိသာလိုက်လျှင်လဲ ရန်သူ၏ရှုံးမဲ၊ ကျားနာခဲ လွတ်အောင် အသိမပေးရကြောင်း”ဟူ၍ စာတွေ့သင်ကြားပေးခဲ့ပြီး  အလောဘွမ်တိုက်ပွဲတွင် နယ်မြေကျွမ်းကျင်မှု အားနည်းသော စစ်ကောင်စီဘက်မှ အတုံးအရုန်းကျဆုံးမှုများကို သိရှိခဲ့သော်လည်း နှစ်ဖက်စလုံးမှ တိကျသောသတင်းထုတ်ပြန်မှု မပြုခဲ့ကြသည်ကို လက်တွေ့အနေဖြင့်  ပြသပေးခဲ့သည်ဟု ထိုအချိန်က KIAထံတွင် သင်တန်းတက်ရောက်နေခဲ့သူ တစ်ဦးထံမှ ကြားသိခဲ့ရပါသည်။

ဓာတ်ပုံ – ဖားကန့် KPDF

၂၀၂၁ ခုနှစ် မေလ ( ၃ )ရက်နေ့တွင် နွေဦးတော်လှန်ရေးကာလ၏ ပထမဆုံးသော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ရေး ရဟတ်ယဉ်တစ်စီးကို KIA မှ မိုးမောက်မြို့နယ်၊ ကုန်းလောကျေးရွာတွင် ပစ်ချနိုင်ခဲ့ပါသည်။ ဒါ့အပြင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း တို့မှ တော်လှန်ရေးတွင်ပါဝင်လိုသူများသည် KIAထံတွင် စစ်သင်တန်း အများဆုံးလာ၍ တက်ရောက်ကျလေသည်။ လက်ရှိကာလ ထိုဒေသများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ( PDF )များ၏ စစ်ဆင်ရေးစွမ်းဆောင်ရည်သည် KIA ၏ စစ်သင်တန်းလေ့ကျင့်သင်ကြားပေးခြင်း၊ စစ်ဆင်ရေးအကြံပေးခြင်းတို့နှင့် ဆာရာ၊ ဒူဝါ၊ ဒူချွန်၊ ဒူကမ္ဘာ တို့၏ ရင်ဝယ်သားပမာ ပံပိုးကူညီမှုများကြောင့် များစွာမြင့်မားလာခဲ့ပြီဖြစ်သည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်( PDF )များ၏ လက်နက်အင်အားတိုးတက်ကောင်းမွန်လာခြင်းသည်လဲ လက်နက်စက်ရုံရှိသည်ဟုကြားသိရသော KIA ၏ ထောက်ပံကူညီမှုများကြောင့်လဲဖြစ်နိုင်သည်ဟု သုံးသပ်ရပါသည်။ နွေဦးတော်လှန်ရေးတွင် မြောက်ပိုင်းပြည်သူ့ကာကွယ်ရေး ( PDF ) တပ်ဖွဲ့များ အင်အားကြီးမားလာခြင်း၏ အကြောင်းတရားများတွင် KIA ၏အခန်းကဏ္ဍသည် များစွာအရေးပါနေမည် ဖြစ်ပါသည်။

၁၀၂၇ စစ်ဆင်ရေးတွင် ညီနောင်မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ စစ်အာဏာရှင်စနစ်ကို အပြီးသတ်ချေမှုန်းသွားမည်ဖြစ်ကြောင်းကို အောက်တိုဘာလ ( ၃၀ )ရက်နေ့တွင် KIA မှ ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ KIA သည် မဟာမိတ်အဖွဲ့ဖြစ်သော AA နှင့်လဲ ပူးပေါင်း၍ ကချင်ဒေသတွင် စစ်ဆင်ရေးများကိုလဲ ပုံမှန်ဖော်ဆောင်ခဲ့ပါသည်။ ထို့အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း တို့တွင်လဲ စစ်ဆင်ရေးများကို PDF၊ ABSDF၊ AAနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များနှင့်အတူ ဖော်ဆောင်နေပြီး နိုဝင်ဘာလ အတွင်း ကောလင်း၊ ပင်လယ်ဘူး၊ ကန့်ဘလူ၊ ကျွန်းလှ၊ ဝန်းသို၊ ကလေးဝ၊ ကလေး၊ ဟုမ္မလင်း၊ တမှုးမြို့နယ်များရှိ စစ်ကောင်စီစခန်းများနှင့် ရဲစခန်းများကို တိုက်ခိုက်သိမ်းပိုက်ရာတွင်လဲ ပါဝင်ခဲ့ကြောင်းသိရှိရပါသည်။

စစ်ကိုင်းတိုင်းတွင်း မြို့သိမ်းတိုက်ပွဲများဖြစ်သည့် ကောလင်း၊ ခမ်းပါတ်၊ ရွှေပြည်အေးနှင့် မော်လူးမြို့သိမ်းတိုက်ပွဲများတွင် မဟာမိတ်တပ်များဖြစ်သည့် PDF၊ AA တို့နှင့်အတူဦးဆောင်ပါဝင်တိုက်ခိုက်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စစ်ကောင်စီလေတပ်မှ FTC 2000 G တိုက်လေယာဉ်တစ်စင်းအား ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာတွင် ကချင်လွတ်မြောက်ရေးတပ်မတော် ( KIA ) မှ ပစ်ချနိုင်ခဲ့ပါသည်။ ဖေဖော်ဝါရီလ( ၇ )နေ့တွင် ဖားကန့်မြို့နယ် တိုက်ပွဲ ( ၃ )ရက်တာ အတွင်း တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်သား ၂၀၀ ခန့် ကျဆုံးခဲ့သည်ဟု KIA မှ ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့တွင် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ဒေသ၌ ကချင်လွတ်မြောက်ရေးတပ်မတော်( KIA ) ၏ ကချင်ပြည်နယ်ဒေသတွင်း ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်မှုအဖြစ် ၀၃၀၇ စစ်ဆင်ရေးသည် စတင်လာခဲ့ပြီဖြစ်သည်။ ထို မတ်လ ( ၇ )ရက်မှ စတင်ခဲ့သည့်တိုက်ပွဲကာလ ( ၃ )ရက်အတွင်း KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီးတဝိုက်ရှိ စစ်ကောင်စီတပ်စခန်း အကြီး၊ အငယ်( ၁၆ )ခုအပါအဝင် တပ်စခန်းပေါင်း( ၂၀ )ခန့်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားခဲ့ပါသည်။

မြို့ပြများတွင် ကျွမ်းကျင်သော ကချင်PDF များနှင့် KIA တို့၏ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်မှုများကြောင့် ကချင်ပြည်နယ်တွင် စစ်ကောင်စီကင်းစင်နယ်မြေများ ထွက်ပေါ်လာတော့မည့် အချိန်ကာလသို့ ရောက်ရှိလာတော့မည်ဖြစ်ပါသည်။ ကချင်လူမျိုးတို့၏ရိုးရာဓလေ့ဖြစ်သည့် စစ်အောင်နိုင်ချိန်၌ အောင်ပွဲခံကျင်းပလေ့ရှိသော ပဒန်မနောပွဲများတွင် ကချင်လွတ်မြောက်ရေးတပ်မတော်( KIA )အတွက် ကချင်လူမျိုးတို့၏ ကျေးဂျူးကဘာဆိုင်ရော စကားဆိုသံများသည် ကျယ်လောင်စွာ ပြန့်လွင့်နေတော့မည် ဖြစ်ပါသည်။ ။

#RedNewsAgency

By Editor