မတရားမှုကိုဆန့်ကျင်တဲ့ တော်လှန်လိုစိတ်နဲ့ တော်လှန်ရေးအောင်ပွဲ

“တော်လှန်ရေးရဲ့ အောင်မြင်မှုတွေဆိုတာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့စဥ်က ရက်ရက် စက်စက်နှိမ်နှင်းပစ်သတ်ခံခဲ့ရတဲ့ ပြည်သူတွေရဲ့ နာကြည်းမှု၊ မတရားမှုကို တော်လှန်လိုစိတ်တွေကပေါက်ဖွားလာတဲ့ အောင်မြင်မှုတွေဖြစ်သလို ပြည်သူကို အထင်သေး ရိုင်းစိုင်းစွာနဲ့ စိန်ခေါ်ခဲ့တဲ့ စစ်တပ်ရဲ့ ကျဆုံးမှုတွေလည်း ဖြစ်ပါတယ်”

ချမ်းမင်း

စစ်တပ်အာဏာသိမ်းမှု ၃ နှစ်နဲ့ ၁၈ ရက်ပြည့်မြောက်သွားတဲ့နေ့ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ဖြစ်သလို နွေဦးတော်လှန်ရေးအတွင်း ပထမဦးဆုံးကျဆုံးခဲ့တဲ့ နေပြည်တော်မှ မြသွဲ့သွဲ့ခိုင် ဦးခေါင်းကိုသေနတ်ထိမှန်သေဆုံးခဲ့ရတဲ့နေ့လည်း ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြည်သူတင်မြှောက်ထားတဲ့ အစိုးရကို အငုံစိတ်များစွာဖြင့် လက်နက်နဲ့အနိုင်ကျင့်ဗိုလ်ကျကာ ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့တာအားလုံးအသိပါ။

ဒီမိုကရေစီဆိုတဲ့ အရသာကို ကောင်းကောင်းကြီးခံစားခဲ့ဖူးတဲ့ မြန်မာပြည်သူတွေအတွက်တော့ စစ်ခေါင်းဆောင်ရဲ့ အခုလို အာဏာသိမ်းမှုကြီးဟာ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိတာကြောင့် လူထုတစ်ရပ်လုံးဟာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ပြီး ဒီမိုကရေစီကို ပြန်တောင်းယူခဲ့ပါတယ်။ မြန်မာပြည်သူတစ်ရပ်လုံးအနေနဲ့ နိုင်ငံတကာကလည်း အာရုံစိုက်လာနိုင်အောင်၊ အကြမ်းမဖက်ဘဲ လိုချင်တဲ့ဒီမိုကရေစီကိုလည်းပြန်လည်ရရှိအောင်အတွက် ဆန်းသစ်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်ခဲ့ပြီး ပြည်သူတွေအနေနဲ့ ဒီမိုကရေစီနဲ့ထိုက်တန်ကြောင်း ပြသခဲ့ကြပါတယ်။

မြန်မာပြည်သူတွေဟာ ဒီမိုကရေစီနဲ့ တိုက်တန်ကြပါတယ်လို့ အားလုံးက လက်ခံထားသော်လည်း အစကတည်းက နိုင်ငံတော်အာဏာကို လိုချင်လို့ကို တမင်သိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင်တွေအနေနဲ့ ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို အကြမ်းဖက်ဖြိုခွင်းလာပြီး ကျည်စစ်ကျည်တွေအသုံးပြုပြီး ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကို ဖြိုခွင်းခဲ့ကြပါတယ်။ အဲ့ဒီလို စစ်တပ်ရဲ့ ကျည်စစ်ကျည်မှန်အသုံးပြုပြီး အကြမ်းဖက်ဖြိုခွင်းတာကြောင့် ၂၀၂၁ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ မမြသွဲ့သွဲ့ခိုင်အနေနဲ့ နေပြည်တော်မှာကျဆုံးခဲ့ရပါတယ်။


စစ်တပ်အနေနဲ့ ပြည်သူတွေကို ကြောက်လန့်လာမလားဆိုတဲ့စိတ်နဲ့ ကျည်စစ်ကျည်မှန်သုံးပြီး အကြမ်းဖက်ပြလိုက်ပေမဲ့ ပြည်သူတွေကတော့ နောက်မဆုတ်သွားခဲ့။ ကမ္ဘာသိ ဆန္ဒထုတ်ဖော်မှုတွေ၊ ဆုတောင်းပွဲတွေပြုလုပ်ပြီး ဆက်လက်ဆန့်ကျင်ခဲ့ကြပါတယ်။ စစ်တပ်ကလည်း နဂိုအတိုင်းပင် အကြမ်းဖက်ဖြိုခွင်းမှုတွေ ဆက်လက်ဆောင်ရွက်ခဲ့တာကြောင့် ဆက်တိုက်ဆိုသလိုပင် ကြယ်စင်၊ ညီညီအောင်ထက်နိုင်၊ ဝေယံထွန်း၊ ခန့်မင်းဟိန်းတို့ကဲ့သို့ လူငယ်လေးတွေ ကြွေလွှင့်ခဲ့ရသလို ကျောင်းဆရာမတွေ၊ ကဗျာဆရာတွေ၊ အခြေခံလုပ်သားတွေများစွာလည်း စစ်တပ်ရဲ့ကြမ်းတမ်းစွာ အရေးအခင်းနှိမ်နှင်းမှုကြောင့် သေဆုံးခဲ့ရပါတယ်။

အခုလိုသေဆုံးမှုတွေများပြားလာတဲ့ အခြေအနေတွေနဲ့ စစ်တပ်ရဲ့ရက်စက်ယုတ်မာမှုတွေကို မျက်ဝါးထင်ထင်မြင်ခဲ့ရတဲ့ လူငယ်တွေဟာ အလကားတော့ အသေမခံနိုင်ဘူး စစ်တပ်ကို ရရာနည်းနဲ့တော်လှန်ပြီး တိုက်ခိုက်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ၂၀၂၁ ခုနှစ် မတ်လကုန်နောက်ပိုင်းလောက်ကစပြီး တိုင်းရင်းသားဒေသတွေဆီ တဖွဲဖွဲနဲ့သွားရောက်ကြပြီး စစ်ပညာသင်ယူခဲ့ကြပါတယ်။

လူငယ်တွေအခုလို လက်နက်ကိုင်တော်လှန်ရေးစမယ်လို့ ဆုံးဖြတ်ခါစက စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူ ဘောမတစ်စုဟာ နှစ်ပေါင်း ၇၀ ကျော်တည်ဆောက်ထားတဲ့ စစ်တပ်ကို လက်ဖက်ရည်ဆိုင်ထိုင်ပြီး ဂိမ်းလောက်သာဆော့တက်တဲ့ လူငယ်တွေက တော်လှန်မယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊ အိမ်မှာအဆင်သင့် ခူးခပ်ပြီးသားစားခဲ့ရတဲ့သူတွေက တောထဲကအငတ်ငတ်အပျက်ပျက်ဒဏ်တွေကိုခံစားရပြီး စစ်မတိုက်ခင်ကတည်းကပင် ပြန်လည်ထွက်ပြေးလာမှာ မြင်ယောင်ကြောင်း ပြောဆိုကာ လူငယ်တွေရဲ့ လက်နက်ကိုင်တော်လှန်ရေးကို အထင်သေးကာလှောင်ပြောင်ခဲ့ကြပါတယ်။

ဓာတ်ပုံ : ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရန်ကုန်မြို့တွင် အာဇာနည် မြသွဲ့သွဲ့ခိုင် ကျဆုံးခြင်း ၁ နှစ်ပြည့် ဆန္ဒပြပွဲ။

ဒါပေမဲ့ အဲ့ဒီလိုစစ်တပ်နဲ့သူ့ထောက်ခံသူတွေရဲ့ အထင်သေးမှုတွေ၊ လှောင်ပြောင်မှုတွေဟာ မှားယွင်းခဲ့ကြောင်းကို အချိန်ကြာလာတာနဲ့အမျှ လူငယ်တွေဟာ သက်သေပြနိုင်လာခဲ့ပါတယ်။ အထူးသဖြင့် တော်လှန်ရေးကာလ ၂ နှစ်ကျော်လာဖြစ်တဲ့ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံအနှံ့က တော်လှန်ရေး အဖွဲ့တွေဟာ နေရာပေါင်းစုံကနေ ဟန်ချက်ညီညီဖြင့် စစ်တပ်ကို အကောင်းဆုံး တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်တပ်ရဲ့တိုက်ခိုက်ရေးတပ်သားတွေ အစုလိုက်အပြုံလိုက်ကျဆုံးတာတွေ၊ လက်နက်ချအညံ့ခံတာတွေနဲ့ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရတဲ့ အခြေအနေတွေထိ ဖြစ်ပေါ်လာအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မတိုင်ခင်အထိ မြန်မာ့အရေးစောင့်ကြည့်လေ့လာသူတွေနဲ့ မြန်မာ့စစ်ရေးခန့်မှန်းသုံးသပ်သူတွေ အများစုဟာ စစ်တပ်အနေဖြင့်လည်းတော်လှန်ရေး တပ်ဖွဲ့တွေကို အမြစ်ပျက်ချေမှုန်းအောင်မစွမ်းဆောင်နိုင်သလို တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း စစ်တပ်ကို ယတိပြတ်ကြီး အနိုင်မယူနိုင်ဘူးလို့ ခန့်မှန်းခဲ့ကြတယ်။ စစ်ကောင်စီလက်အောက်ခံ လော်ဘီတွေနဲ့ နိုင်ငံတကာပညာရှင်ကြီးတွေရဲ့ ခန့်မှန်းချက်တွေ တက်တက်စင်လွဲပြီး လေသံတွေပြောင်းလာခဲ့ရတဲ့ ထင်ရှားတဲ့ မြင်ကွင်းကတော့ ၁၀၂၇ စစ်ဆင်ရေးဖြစ်ပါတယ်။

ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးက ဒီစစ်ဆင်ရေးကိုကြိုဆိုကြောင်းနဲ့ ရတဲ့နည်းနဲ့ ပူးပေါင်းပါဝင်မယ်လို့ကြေငြာပြီး စစ်ကောင်စီကို အရှိန်မြင့်ထိုးစစ်တွေပြုလုပ်လာပြီးတဲ့နောက်မှာတော့ နိုင်ငံတကာကလေ့လာသူတွေအားလုံးဟာ စစ်တပ်အနေဖြင့် ဒီတစ်ကြိမ်တော့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထိုးစစ်အရှိန်ကို ဘယ်လိုမှခံနိုင်ရည်မရှိဘဲ နယ်မြေဆုံးရှုံးမှုတွေဆက်တိုက်ဆိုသလိုများပြားလာနိုင်ကြောင်းနဲ့ နောက်ဆုံး အလျော့ပေး ညှိနှိုင်းတဲ့အဆင့်ဖြင့်ပင် အညံ့ခံထွက်ပေါက်ရှာလာနိုင်ကြောင်း ပြောဆိုလာကြပါတယ်။

လေ့လာသုံးသပ်သူတွေအားလုံးရဲ့နောက်ဆုံးသုံးသပ်ချက်အတိုင်းပဲ စစ်တပ်ဟာ ယခုဆိုရင် တော်လှန်ရေးအဖွဲ့တွေရဲ့ထိုးစစ်အရှိန်တွေကို တုံ့ပြန်နိုင်တဲ့အခြေအနေမရှိတော့ဘဲ တဖြည်းဖြည်းနဲ့ နယ်မြေကျဥ်းမြောင်းလာနေတာတွေဟာ သိသာလှပါတယ်။ အဲဒါတွေအပြင် အခုဆိုရင်လည်း ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့အတူ BPLA၊ PLA၊ Mandaly PDFနဲ့အတူ အခြားတော်လှန်ရေးတပ်ဖွဲ့ပေါင်းစုံရဲ့ဝိုင်းဝန်းတိုက်ခိုက်မှုတွေကြောင့် စစ်တပ်ဟာ စီးပွားရေး၊ စစ်ရေးဗျူဟာကျတဲ့ မြို့ကြီးတွေအပါအဝင် မြို့ပေါင်း ၂၀ ကျော်ကို တော်လှန်ရေးအင်အားစု​တွေက သိမ်းပိုက်ထားနိုင်ဖြစ်ပါတယ်။

တော်လှန်ရေးရဲ့ အောင်မြင်မှုတွေဆိုတာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့စဥ်က ရက်ရက် စက်စက်နှိမ်နှင်းပစ်သတ်ခံခဲ့ရတဲ့ ပြည်သူတွေရဲ့ နာကြည်းမှု၊ မတရားမှုကို တော်လှန်လိုစိတ်တွေကပေါက်ဖွားလာတဲ့ အောင်မြင်မှုတွေဖြစ်သလို ပြည်သူကို အထင်သေး ရိုင်းစိုင်းစွာနဲ့ စိန်ခေါ်ခဲ့တဲ့ စစ်တပ်ရဲ့ ကျဆုံးမှုတွေလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် ပြည်သူ့ထောက်ခံမှုဟာ စစ်ပွဲတစ်ပွဲရဲ့ အဓိကအဖြေဖြစ်တယ်ဆိုတဲ့အချက်ကို မေ့လျော့ပြီး ပြည်သူ့အမုန်း၊ ပြည်သူ့ဒေါသကိုဆွခဲ့တဲ့ စစ်တပ်ရဲ့ကျဆုံးမှုတွေကို နောက်ပိုင်းမှာ ဒီထပ်ပိုမြင်လာရမယ်ဆိုတာ သေချာပါတယ်။ ။

#RedNewsAgency

By Editor