၂၀၂၅ တွင် လူထုဆန္ဒအခြေခံသည့် အုပ်ချုပ်မှုအစိုးရပေါ်ပေါက်လာရန် PSLF/TNLA ကြိုးပမ်းမည်

RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၄ခုနှစ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ထိန်းသိမ်းရရှိခဲ့သည့် မြို့ (၇) မြို့အပါအဝင် TNLA တပ်မတော်အခြေစိုက် နယ်မြေဒေသများကို လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးစသည်တို့ကို ပိုမိုတိုးတက်ကောင်းမွန်စေရန် ဦးဆောင်စီမံအုပ်ချုပ်သွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်သစ်တွင် လူထုဆန္ဒအခြေခံသည့် လူထုအုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်လာရန် ကြိုးပမ်းဆောက်ရွက်သွားမည်ဟု PSLF/TNLA ကထုတ်ပြန်ထားသည်။

တအာင်းပြည်ရှိ တအာင်းတပ်မတော် TNLA စစ်ဌာနချုပ်တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF နှစ်ပတ်လည် အစည်းအဝေးကို ဗဟိုကော်မတီဝင်များ၊ အရံဗဟိုကော်မတီဝင်များ၊ တပ်မှူးများ၊ လုပ်ငန်းဌာနမှူးများ၊ အရာရရှိ အရာခံများနှင့် ဖိတ်ကြားထားသည့် မိဘပြည်သူ စုစုပေါင်း ၁၈၅ ဦးတက်ရောက်ပြီး ကျင်းပပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း PSLF/TNLA အနေဖြင့် စစ်ကောင်စီ၏အုပ်ချုပ်မှုအောက်မှ နမ့်ဆန်မြို့၊ မန်တုံမြို့၊ နမ္မတူမြို့၊ မိုင်းငေါ့မြို့၊ မိုင်းလုံမြို့၊ နမ့်ခမ်းမြို့၊ ကွက်ခိုင်မြို့တို့ကို သိမ်းပိုက်ရရှိထားကြောင်း၊ TNLA၏ စစ်ဒေသများအနေဖြင့် တပ်မဟာ (၁) စစ်ဒေသ မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ တပ်မဟာ (၂) စစ်ဒေသ ကျောက်မဲမြို့နယ်၊ တပ်မဟာ (၃) စစ်ဒေသ မိုးမိတ်မြို့နယ်၊ တပ်မဟာ (၄) စစ်ဒေသ နမ္မတူမြို့နယ်၊ တပ်မဟာ (၅) စစ်ဒေသ ကွက်ခိုင်မြို့နယ်၊ တပ်မဟာ (၆) စစ်ဒေသ လားရှိုးမြို့နယ် စသည်တို့ရှိကြောင်း သိရသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး နှစ်ပတ်လည် အစည်းအဝေးတွင် ၁၀၂၇ စစ်ဆင်ရေးနှင့်ပတ်သက်ပြီး စစ်ဆင်ရေး ဆွေးနွေးသုံးသပ်ခြင်း၊ အဖွဲ့အစည်း၏ တနှစ်တာ လုပ်ငန်းများ ပြန်လည်သုံးသပ်ခြင်းစသည်တို့ကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

#RedNewsAgency

By RNA Editor