ဗိုလ်မှူးချုပ်ဇော်မင်းထွန်း သုံ့ပန်းအဖြစ်ဖမ်းခံထားရပြီး ဗိုလ်မှူးကြီး မင်းမင်းထွန်းသေဆုံး

RNA_ဖေဖော်ဝါရီ(၁၅)၊၂၀၂၄ခုနှစ်။

ရက္ခိုင်ပြည်စစ်မြေပြင်တွင် စစ်ကောင်စီလက်အောက်ခံများဖြစ်သည့် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှာ သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရပြီး တပ်မ (၁၁) တပ်မမှူး – ဗိုလ်မှူးကြီး မင်းမင်းထွန်းမှာ တိုက်ပွဲအတွင်း အသေဖမ်းဆီးရမိသည်ဟု ရက္ခိုင့်တပ်တော် AA ထံမှ သိရသည်။

စစ်ကောင်စီတပ် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇/၈) ရက်များက ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲများအတွင်း အသက်လု ထွက်ပြေးလာခဲ့စဉ် ၎င်းတို့တပ်ဖွဲ့ဝင်အချို့နှင့်အတူ ဖမ်းဆီးရမိထားကြောင်း၊ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ် တိုက်ပွဲကာလများတွင် သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။



ကျောက်တော်၊ စကခ (၉) လက်အောက်ခံ၊ နည်းဗျူဟာ (၃) မှ ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ညီညီဝင်းအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ဖမ်းဆီးရရှိမိခဲ့ပြီး ကောင်းမွန်စွာ ပြုစုစောင့်ရှောက် ထားပေးမှုကြောင့် အသက်ဘေးမှကင်းလွတ်ခွင့်ရပြီဖြစ်ကြောင်း၊၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့ မြောက်ဦး ခမရ (၃၇၇) အား တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း တပ်မ (၁၁) တပ်မမှူး – ဗိုလ်မှူးကြီး မင်းမင်းထွန်းအား အသေဖမ်းဆီးရမိခဲ့ကြောင်း၊ စကစ (၁၉) ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ အနေဖြင့်မူ ကျဆုံး၊ ပျောက်ဆုံး၊ ရေထဲနစ်မြုပ်၊ ထွက်ပြေးလွတ်မြောက် သွားသည်ကိုကား လက်ရှိအချိန်တွင် အတည်ပြု၍ မရနိုင်သေးကြောာင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor