Red News Agency

Independent Journalism for Justice and Human Rights.

ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုလိုက်သည့်အတွက် PDF တပ်ဖွဲ့များထံ ဝင်ရောက်ရန် ဆက်သွယ်မှုများလာ

Written by

in

RNA_ဖေဖော်ဝါရီ(၁၂)၊၂၀၂၄ခုနှစ်။

အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက တပ်တွင်း အင်အားရှားပါးမှုကြုံနေရသည့်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်း အတည်ပြုလိုက်သည့်အတွက် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ဆက်သွယ်ပြီး ဝင်ရောက်လိုသူ များပြားလာကြောင်း သိရသည်။

“ အခု ကျနော်တို့ကိုဆက်သွယ်လာတာတွေ တော်တော်ကိုများပါတယ်။ မိဘတွေလည်းအကုန်စိတ်ပူနေကြပြီလေ ထွက်ပေါက်ကလည်း ရှားပါးနေတယ်လေ။ စခတွေလက်ထဲရောက်သွားရင်တော့ ပြန်လမ်းကမရှိဖြစ်ပြီ။ အဖွဲ့အစည်းတွေလည်းခေါ်တာတွေ များလာပါပြီ အခုတော့ အခြေအနေက မြို့ပြပြည်သူတွေအတွက် ဆိုးနေပြီ” ဟု မကွေးတိုင်းအတွင်းမှ PDF ရဲဘော်တဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့မှုထမ်းဥပဒေအသက်သွင်းပြီး လက်တွေ့လုပ်ဆောင်တော့မည်ဖြစ်သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တရားဝင် သဘောထားမှတ်ချက်နှင့် လုပ်ဆောင်ရမည့် ညွှန်ကြားချက်များ ယနေ့ နံနက်ပိုင်းအထိ ထွက်မလာသေးသည့်အတွက် ဒေသတွင်း PDF တပ်ဖွဲ့များနေဖြင့် လူသစ်လက်ခံဖို့ အခက်အခဲများရှိနေကြောင်း၊ အခြားသော NUG MOD လက်အောက်ခံမဟုတ်သည့် တော်လှန်ရေးတပ်အဖွဲ့များက လူစစ်စုဆောင်းမှုများရှိနေပြီး ယခုရက်ပိုင်းအတွင်း တပ်ဖွဲ့ဝင်အသစ်များ ခေါ်ယူနေကြောင်း သိရသည်။


စစ်ကောင်စီတပ်အနေဖြင့် ဗျူဟာကုန်းများ၊ စခန်းများ၊ မြို့များသိမ်းခံနေရပြီး၊ ထောင်ချီအင်အားဖြင့်ပင် လက်နက်ချမှုများ၊ ထွက်ပြေးနေမှုများကြောင့် တပ်တွင်း အင်အားလိုအပ်နေသည့်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသားများအတွက် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ သာမန်အရပ်သားများဖြစ်ပြီး၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှု ပညာတက်မြောက်သူ (သို့မဟုတ်) အခြားအတက်ပညာ တရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများသည် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း စစ်မှုထမ်းရမည်ဖြစ်ကြောင်း သိရသည်။

စစ်မှုထမ်းဥပဒေအရ အမျိုးသမီးများသည် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း သာမန်အရပ်သားဖြစ်ပြီး၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှု ပညာတက်မြောက်သူ (သို့မဟုတ်) အခြားအတက်ပညာ တရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်ထဲဝင်ရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ထဲဝင်ရမည့်သူများအနေဖြင့် စစ်မှုထမ်းဥပဒေအရ သာမန်အခြေအနေဖြစ်ပါက ၂ နှစ်၊ စက်မှုလက်မှုပညာသည်များ၊ ကျွမ်းကျင်သူများဖြစ်ပါက ၃ နှစ်၊ အရေးပေါ်အခြေအနေဟု သတ်မှတ်လျှင် ၅ နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကြုံးဝင်သူများအနေဖြင့် စစ်မှုထမ်းရန် စာရင်းမသွင်းသူနှင့် စာရင်းသွင်းပြီး ဆေးစစ်ခြင်းမပြုသူ၊ စစ်ထဲင်ရန် ဆင့်ခေါ်စာရပြီး မလာရောက်သူနှင့် အထောက် အထားလိမ်သူများအား ထောင်ဒဏ် ၃ နှစ်၊ ဆေးမအောင်ရန် ကြိုးစားခြင်းနှင့် ဆေးကုရန်အနာတရဖြစ်အောင် လုပ်သူများကို ထောင်ဒဏ် ၅ နှစ်၊ စစ်ထဲမရဝင်ရရေး အားပေးကူညီသူများကို ထောင်ဒဏ် ၁ နှစ် ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

စစ်မှုထမ်းဥပဒေမှ သာသနာ့ဝန်များများ၊ အိမ်ထောင်သည်အမျိုးသမီးများ( အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူများ)၊ ကိုယ်လက်အင်္ဂါတခုခု အမြဲတမ်း မသန်စွမ်းသူများ၊ စစ်တပ်ဆေးတပ်ဖွဲ့စစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်း အမြဲတမ်း မသင့်လျော်သူဖြစ်​ကြောင်း သတ်မှတ်ထားသူများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများသည် အကြုံးမဝင်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေပြဌာန်းအတည်ပြု အသက်သွင်းလိုက်သည့်အတွက် မြို့ပြနေပြည်သူများ သားသမီးများအတွက် စိုးရိမ်နေကြကြောင်း၊ တချို့သော ပြည်သူများမှာ သားသမီးများ စစ်မှုမထမ်းရရေး စစ်ကောင်စီလက်အောက်ခံ ဒေသဆိုင်ရာ ဝန်ထမ်းများထံ ငွေကြေးလှူဒါန်းမှုများပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

#RedNewsAgency