“ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” ကို သိမ်းပိုက်ပြီးနောက် ပလက်ဝဒေသတခုလုံးကို AA သိမ်းပိုက်နိုင်ခဲ့

RNA_ဇန်နဝါရီ(၁၅)၊၂၀၂၄ခုနှစ်။

စစ်ကောင်စီ၏ တပ်မမှူးများ ပူးတွဲကြီးကြပ်ကွပ်ကဲနေသည့် “စစ်ဗျူဟာ ကုန်းကြီး” တခုဖြစ်သည့် “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်”ကို သိမ်းပိုက်ပြီးနောက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အစပ် ပလက်ဝဒေသတခုလုံးကို ရက္ခိုင့်တပ်တော်-AA မှ အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

ပလက်ဝဒေသတစ်ခုလုံးရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေသော “စစ်ဗျူဟာ ကုန်းကြီး” ဖြစ်သည့် “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” ကို ဇန်နဝါရီ (၁၀) နံနက် (၇) နာရီ (၁၀) မိနစ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ “ခန်ခတောင်ဗျူဟာ” စခန်းကိုလည်း ဇန်နဝါရီလ (၁၃) ရက်နေ့က သိမ်းပိုက်ခဲ့ပြီးနောက် “နှမဒါဗျူဟာ” မှကိုလည်း ဇန်နဝါရီလ (၁၄) ရက်၊ နေ့လည် (၃) နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည့်အတွက် လက်ဝဒေသတစ်ခုလုံး “စစ်ကောင်စီလုံးဝကင်စင်သောဒေသ” ဖြစ်လာခဲ့ပြီဟု AA ကထုတ်ပြန်ထားသည်။

ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း စစ်ဆင်ရေးကာလ နှစ်လပြည့်သော ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့၊ ညနေ (၆) နာရီခန့်တွင် ပလက်ဝ-ကျောက်တော်မြို့နယ်အစပ်ရှိ “မီးဝဗျူဟာကုန်း” တစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းဗျူဟာကုန်းသည် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှ မတ်လ ၁၇ ရက်နေ့အထိ (၄၂) ရက်ကြာတိုက်ခိုက်ခဲ့သော်လည်း မသိမ်းပိုက်နိုင်ခဲ့သည့် ဗျူဟာစခန်းတခုဖြစ်ကြောင်း၊ ဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲများအတွင်း လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိထားကြောင်း သိရသည်။

 

“မီးဝဗျူဟာ” နှင့် “နှမဒါ” ဗျူဟာကုန်းများအား သိမ်းပိုက်ပြီးသည့်နောက်တွင် ကျောက်တော်မြို့နယ်အတွင်းရှိ အမြောက်တပ်စခန်းတစ်ခုဖြစ်သော “အမတ (၃၇၇) စခန်း” ကိုလည်း ဇန်နဝါရီလ (၁၄) ရက် နံနက် (၃) နာရီ (၃၀) မိနစ်တွင်လည်းကောင်း၊ ရသေ့တောင်မြို့နယ်၊ “ရီစိုးချောင်းဗျူဟာကုန်း” ကိုလည်း ဇန်နဝါရီလ (၁၄) ရက် ၊ နေ့လယ် (၁၂) နာရီက ထပ်မံသိမ်းပိုက်ရရှိခဲ့သည်ဟု စသဖြင့် အခြားသော စစ်ကောင်စီတပ်စခန်းများကိုလည်း ထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor