လွိုင်ကော်နှင့်ဒီးမော့ဆိုမြို့တို့တွင် တော်လှန်ရေး တပ်ပေါင်းစုက ပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီလေကြောင်းက ရိက္ခာပို့နေရ

RNA_ဇန်နဝါရီ(၁၀)၊၂၀၂၄ ခုနှစ်။

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် ဒီးမော့ဆိုမြို့ အဝင်အထွက်များတွင် KNDF နှင့် တော်လှန်ရေးတပ်ပေါင်စုရဲဘော်များ ပိတ်ဆို့ထားသည့်အတွက် မြို့တွင်းမှ စစ်ကောင်စီလက်အောက်ခံများ စခန်းအတွင်းနေထိုင်ကာ လေကြောင်းမှ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်နေရကြောင်း သိရသည်။

“လွိုင်ကော်မြို့ရဲ့အဝင်အထွက်တွေ ပြီးရင်မြိုထဲထိပါ တော်လှန်ရေးတပ်ပေါင်းစုက နေရာယူထားပါတယ်။ အဲဒီအနေအထားကြောင့် စစ်ကောင်စီတပ်တွေအနေနဲ့ မြေပြင်က ရိက္ခာပို့မရတော့ဘူး အခုစစ်ကောင်စီက လေကြောင်းကနေပဲ ရိက္ခာပို့နေတယ်။ လေထီးနဲ့ ပစ္စည်းတွေ ပစ်ချရတဲ့ အနေအထားဖြစ်နေပြီ။ ရဟတ်ယာဉ်ဆိုရင်တော့ ကျနော်တို့ ပစ်တာတွေရှိတယ်။ ဒီးမော့ဆိုမှာဆိုရင်လည်း ဒီအတိုင်းပဲ ကျနော်တို့ ပိတ်ဆို့ထားပါတယ်” ဟု KNDF ဗဟိုသတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက Red News Agency ကိုပြောသည်။

ကရင်နီပြည်တွင်း စစ်ကောင်စီလက်အောက်ခံများအနေဖြင့် သူတို့အခြေစိုက်စခန်းအတွင်းမှ ထွက်မရတော့သည့်အနေအထားဖြစ်နေပြီး စားနပ်ရိက္ခာများ ပြတ်လပ်မှုများရှိကြောင်း၊ ရိက္ခာကို ကင်းထောက်လေယာဉ်ဖြင့် လေထီးဖြင့် ချပြီး၊ လက်နက်ခဲယမ်းဆိုပါက ရဟတ်ယာဉ်မှ လေထီးဖြင့် ပစ်ချမှုများ ယခုရက်ပိုင်းပြုလုပ်နေရကြောင်း သိရသည်။

“တိုက်တွန်းချင်တာ တခုရှိပါတယ် အဲဒါက စစ်ကောင်စီလက်အောက်ခံတွေအနေနဲ့ ဒီလိုဒုက္ခတွေ မခံစားပါနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ အချိန်မှီသေးတယ် ကျနော်တို့နဲ့အချိန်မရွေး လာပူးပေါင်းလို့ရပါတယ်။ ကျနော်တို့က သူတို့ကို အသက်ရှင်ခွင့် နောက်တခုက ကျွန်တော်တို့နဲ့ ပူးပေါင်းတဲ့အခါမှာ သူတို့ ရဲ့ ရသင့်ရထိုက်တဲ့ ရပိုင်ခွင့်တွေ တကယ့်လူသားဆန်မှုတွေ လူ့အခွင့်အရေးတွေနဲ့ တကယ့်လုံခြုံစိတ်ချရဖို့အတွက်တွေ အကုန်အာမခံပါတယ်။ အဲအထဲမှာ ဒုက္ခခံမနေကြပါနဲ့ လာပူးပေါင်းကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု KNDF ဗဟိုသတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောကြားထားသည်။

KNDF နှင့် တော်လှန်ရေးတပ်ပေါင်းစုများက ကရင်နီပြည်အတွင်းရှိ မယ်စဲ့မြို့အပါအဝင် နယ်မြေတော်တော်များများကို သိမ်းပိုက်ထားပြီး လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့အတွင်းလောက်သာ စစ်ကောင်စီတပ်စခန်းတချို့ရှိနေပြီး မြို့ကိုလည်း တော်လှန်ရေးအင်အားစုများက ပိတ်ဆို့ထားပြီး နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေကြောင်း၊ ကရင်နီပြည်အတွင်းက မြို့တချို့မှာ စစ်ကောင်စီလက်အောက်ခံများ မရှိပေမဲ့ မြေမြှပ်မိုင်းအန္တရာယ်နှင့် စစ်ကောင်စီလေကြောင်းအန္တရာယ်ကြောင့် ပြည်သူများနေထိုင်လို့မရသေးသည့်အတွက် စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

#RedNewsAgency

By Editor