ပြည်သူတစ်ရပ်လုံး မျှော်လင့်နေသည့် နိုင်ငံရေးရည်မှန်းချက်များကို လျစ်လျူရှုကာ နောက်လှည့်သွားမည်မဟုတ်ဟု ညီနောင် ၃ ဖွဲ့ အသိပေး 

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၃ခုနှစ်။ 

စစ်တပ်၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ကြရသော မြန်မာပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေသည့် နိင်ငံရေး ရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည်မဟုတ်သည့်အပြင် နောက်လှည်သွားမည့်သူများမဟုတ်ကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က အသိပေးထားသည်။ 

လတ်တလောတွင် တွေ့မြင်နေရသော သတင်းအချို့ကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို မိမိတို့အနေဖြင့် သိရှိရ၍ အဆိုပါကိစ္စရပ်အပေါ် များစွာစိုးရိမ်ပူပန်မှု မရှိကြစေရန် ပြောကြားလိုပါသည်။ ထို့အတူ မိမိတို့အနေဖြင့် ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝသည်အထိ လုပ်သင့်လုပ်ထိုက်သည်များကို မြန်မာပြည်သူလူထု တစ်ရပ်လုံးနှင့် လက်တွဲကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း လေးစားစွာ အသိပေးအပ်ပါသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်။ 

၁၀၂၇ စစ်ဆင်ရေးစတင်သည့်နေ့မှစ၍ ယနေ့အထိ စစ်ကောင်စီတပ်စခန်းများနှင့် စစ်ရေးပစ်မှတ်များကို နေ့စဉ်တိုက်ခိုက်နေကြောင်း၊ MNDAA TNLA AA တို့သည် ကိုးကန့်ဒေသနှင့် တအာင်းဒေသ၊ ရခိုင်ဒေသတွင်း အကြမ်းဖက်စစ်ကောင်စီကို ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့အထိ စစ်ဆင်ရေး ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

Red News Agency

By Editor