စစ်ကောင်စီနဲ့ မြောက်ပိုင်း ညီနောင် ၃ဖွဲ့တွေ့ဆုံမှု ဘာလဲ ဘယ်လဲ

“မြောက်ပိုင်းညီနောင် ၃ဖွဲ့ကို ရှုံးခဲ့ရင် စစ်ကောင်စီအနေနဲ့ နယ်မြေဆုံးရှုံးတာတစ်ခုကလွဲပြီး လက်ရှိထိုင်ခုံပေါ်ကနေ ဆင်းပေးစရာ မရှိနိုင်တာကိုတွေ့ရှိရပါတယ်။ သို့သော် NUG ကိုသာ ရှုံးနိမ့်ခဲ့ရင် စစ်ကောင်စီအနေနဲ့ ခုံပေါ်က ခွေးကျ ကျမှာဖြစ်သလို နောက်ကြောင်းပြန်အရေးယူမှုတွေကြောင့် အာဏာသိမ်းမှုမှာ ပါ၀င်တဲ့ မင်းအောင်လှိုင်မှ အစ အောက်ခြေ တိုင်းမှူး၊ဗိုလ်မှူးတွေအထိ ကြိုးစင်တက်ရမှာ”
************************************
ရာဟု ( Simon)

အောက်တိုဘာ ၂၇ရက်နေ့တွင် MNDAA ၊ TNLA နှင့် AA အစရှိတဲ့ ညီနောင် ၃ ဖော်မှ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခွင်မှာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး သမိုင်းဝင်တိုက်ပွဲတွေကို စတင်ဖော်ဆောင်ခဲ့ပါတယ်။

တိုက်ပွဲစတင်လျှင် စတင်ခြင်းနေ့မှာပဲ ဖွဲ့စည်းပုံနဲ့ စည်းကမ်းပိုင်း၊ တိုက်ခိုက်ရေးပိုင်းလျော့ရဲနေတဲ့ စစ်ကောင်စီရဲ့ တပ်တွေဟာ ညီနောင် ၃ဖော်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုအောက်မှာ အထိနာခဲ့ပြီး ရုတ်ချည်းဆိုသလို ချင်းရွှေဟော်အပြင် စစ်ကောင်စီ၏ အရေးပါသည့် ခံစစ်စခန်းများကို လက်လွှတ်ဆုံးရှုံးခဲ့ရသလို သေဆုံး၊ ဒဏ်ရာရရှိသူများနှင့် လက်နက်ချ အညံ့ခံသူတွေလည်း ရှိခဲ့ပြီး လက်နက်ခဲယမ်းမျိုးစုံကိုလည်း ဆုံးရှုံးခဲ့ရတာကိုတွေ့ရှိရပါတယ် ။

အခုဆို ၁၀၂၇ စစ်ဆင်ရေးရဲ့ တစ်လကျော်အချိန်ကာလတစ်ခုကိုရောက်လာတဲ့ အချိန်မှာတော့ စစ်ကောင်စီဘက်မှ မြို့​ပေါင်း ၅ မြို့၊ စစ်စခန်း​ပေါင်း ၂၀၀ ​ကျော်နဲ့ မြန်မာ-တရုတ်နယ်စပ်ဂိတ် ၅ ဂိတ်နှင့် လက်နက်ခဲယမ်းများစွာကို ညီ​နောင်မဟာမိတ် ၃ ဖွဲ့ကသိမ်းပိုက်နိုင်ခဲ့သလို နယ်စပ်ဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ အာဏာစက်နဲ့ ထိန်းချုပ်မှုဟာလည်း တစ်စစီပြိုလဲသွားတာကို တွေ့မြင်ခဲ့ရပါတယ်။

ဒီလို စစ်ရေးအရရော ၊ နယ်မြေစိုးမိုးမှုအရပါ ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီအနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ၁လကျော်ကြာတဲ့အချိန်မှာပဲ တရုတ်ရဲ့ ကြား၀င်စေ့စပ်ပေးမှုနဲ့အတူ ညီနောင် ၃ဖော်နဲ့ ကနဦးညှိနှိုင်းဆွေးနွေးရေးလုပ်ပြီး အပစ်အခတ်ရပ်စဲဖို့ သဘောတူညီမှု တစ်ခုလုပ်ခဲ့ကြောင်း စစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ထုတ်ဖော်ပြောကြားခဲ့သလို၊ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Mao Ning’s မှလည်း ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီ၏ အကြံအစည်
~~~~~~~~~~~~~~~~~

အကြမ်းဖက် စစ်ကောင်စီအနေဖြင့် ၂၀၂၁ ဖေဖော်ဝါရီလကနေစပြီး အာဏာသိမ်းဖြစ်စဥ်ကိုကျူးလွန်ပြီးတဲ့နောက်ပိုင်း ပြည်သူလူထုရဲ့ လက်နက်ကိုင်တော်လှန်မှုကို အလူးအလဲခံနေရတဲ့အပြင် နိုင်ငံတကာဖိအားတွေရဲ့ ဒဏ်၊ စီးပွားရေး၊ နိုင်ငံရေး ၊ သံတမန်ရေး အစရှိတဲ့ ကဏ္ဍပေါင်းစုံအသီးသီးမှာလည်း သမိုင်းတလျောက်မကြုံဘူးလောက်အောင်ကို ရင်ဆိုင်ကြုံတွေ့နေရတာကိုလည်း မြင်နေရပါတယ်။

ဒီလို ပြည်တွင်း၊ပြည်ပ ဖိအားတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရချိန်မှာပဲ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ မြောက်ပိုင်းဒေသကနေစလာတဲ့ စစ်ရေး ထိုးစစ်ဆင်မှုတွေကလည်း စစ်ကောင်စီအတွက် နူရာဝဲစွဲသလို အရှိုက်ကိုလည်း ထိမိစေခဲ့ပါတယ် ။

MNDAA ၊ TNLA ၊ AA အပါအဝင် ကချင်၊ ချင်း၊ ကရင်၊ ကရင်နီ၊ စစ်ကိုင်း၊ မကွေး၊ ရေး၊ထား၀ယ်၊ မြိတ် မှ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ LPDF များ၏ တိုက်ခိုက်မှုနှင့်အတူ မြို့ပြ UGများရဲ့ ပျောက်ကျားစစ်ဆင်ရေးတွေကလည်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကြီးတစ်ခုလုံး ရပ်တန့်သွားအောင် လုပ်နိုင်ခဲ့တာကိုလည်း တွေ့ရှိရပါတယ်။

ဒီလို စစ်ရေးအရ စစ်မျက်နှာဖွင့်ပြီး စစ်ဘောင်ကျယ်နေတဲ့ စစ်ကောင်စီအတွက် လတ်တလော ဖြေရှင်းရမည့်ကိစ္စကတော့ လက်ရှိ မြောက်ပိုင်း ညီနောင် ၃ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြီး အပစ်ရပ်နိုင်ဖို့ ကြိုးပမ်းခြင်းကသာ စစ်ကောင်စီအတွက် အသက်ရှုပေါက်တစ်ခုကို ရစေနိုင်မှာသာဖြစ်တယ်။

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေအားလုံး ရပ်တန့်သွားသလို ရှမ်းမြောက်မှာ MNDAA နဲ့ TNLA အပေါ်ပိုင်းမှာ KIA က တရုတ်နယ်စပ်လမ်းကြောင်းတွေကို ဖြတ်တောက်ထားသလို၊ တောင်ပိုင်းမှာ KNU ၊ PDF တွေရဲ့ ထိုးစစ်ဆင်မှုနဲ့ ကော့ကရိတ်လမ်းပိုင်းတွေ ပြတ်တောက်သွားပြီး ထိုင်းနဲ့ကုန်သွယ်မှုရပ်တန့်ခဲ့သလို၊ အနောက်ဘက်မှာ AAနဲ့ ချင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ဘင်္ဂလားဒေ့စ် နဲ့ အိန္ဒိယနယ်စပ်ကုန်သွယ်မှုတွေကိုလည်း ထိန်းချုပ်ထားခဲ့တာကို တွေ့ရှိရပါတယ်။

ဒါကြောင့် စစ်ကောင်စီမှ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေကို တရုတ်နိုင်ငံသို့စေလွှတ်ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ဘေဂျင်းမှာ တွေ့ဆုံပြီး ရှမ်းမြောက်တိုက်ပွဲများ ရပ်တန့်ရေး စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့အပေါ် သြဇာ အရှိန်အဝါ အသုံးပြုပါရန် တိုက်တွန်းခဲ့တာကိုလည်း တွေ့ရှိခဲ့ရတယ်။

ဒါမှသာ စစ်ကောင်စီအနေနဲ့ ရန်မီးတစ်စ ငြိမ်းမှာဖြစ်ပြီး တစ်ခြားဒေသတွေအပေါ် စစ်ရေးအရ အာရုံပြန်စိုက်နိုင်မှာဖြစ်တယ်လို့ သုံးသပ်လို့လည်းရပါတယ်။

မြောက်ပိုင်းညီနောင်ရဲ့ သဘောထား
~~~~~~~~~~~~~~~~~~~~~

စစ်ကောင်စီရဲ့ တောင်းဆိုမှုကြောင့် စစ်ရေးအရ အပစ်အခတ်ရပ်ဖို့ ဆွေးနွေးကြတဲ့အခါ မြောက်ပိုင်းညီနောင် ၃ဖွဲ့ပါ၀င်လာမယ့် နိုင်ငံရေး စကားဝိုင်းကလည်း အဓိကခရာကျတယ်ဆိုတာကတော့ အသေအချာပါပဲ။

လက်ရှိမှာ MNDAA က ရက်၅၀အတွင်း လောက်ကိုင်အပါအဝင် မြောက်ပိုင်းဒေသတစ်ကျောလုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာတဲ့အပြင် ၊ AAကလည်း ရခိုင်ဘက်မှာ စစ်ကောင်စီရဲ့ အဓိကကျတဲ့ ကုလားတန်မြစ်အနောက်ဘက် နုံးဘူးအထိုင်စခန်းကိုပါ သိမ်းပိုက်ထားပြီးဖြစ်သလို ပလက်ဝအထိ ခြေဆန့်ဖို့ကလည်း အသေအချာဖြစ်နေတာကိုမြင်ရပါတယ်။

အကယ်၍ AA ကသာ ပလက်ဝအထိ ထိန်းချုပ်နိုင်ခဲ့ပြီဆိုရင် ချင်းတောင်တန်းနဲ့ ရခိုင်ရိုးမဟာ တစ်ဆက်တည်းဖြစ်ပြီး လွတ်မြောက်နယ်မြေတစ်ခုထပ်ဖြစ်လာနိုင်သလို စစ်ကောင်စီရဲ့ ကုလားတန်စီမံကိန်းကြီးပါရပ်တန့်သွားမှာဖြစ်တယ်။ ဒါ့အပြင် ချင်းပြည်နယ်မှာလည်း လိုင်လင်းပီ ၊ ရိခေါ်ဒ်ဒါရ် အစရှိတဲ့ နယ်စပ်မြို့တွေကို စစ်ကောင်စီက လက်လွှတ်ထားရပြီး ပြန်လည်ရယူနိုင်ဖို့လည်း လမ်းစမတွေ့ရတော့ပါဘူး ။

ဒီလိုတိုင်းရင်းသားတပ်တွေရဲ့ အသာစီးရနေတဲ့အချိန်မှာ စစ်ကောင်စီဘက်က ဘယ်လိုညှိနှိုင်းမှုတွေ လုပ်လာမလဲဆိုတာရယ်၊ တိုင်းရင်းသားတပ်ဖွဲ့တွေဖြစ်တဲ့ အထူးသဖြင့် မြောက်ပိုင်းညီနောင် ၃ဖွဲ့ဘက်နေ ထားရှိမယ့် သဘောထားနဲ့ တောင်းဆိုမှုတွေကလည်း စိတ်ဝင်စားဖို့ကောင်းလာမှာတော့ အမှန်ပါပဲ။

အထူးသဖြင့် ညီ​နောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ဒီဇင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်မှာ ၁၀၂၇ စစ်ဆင်ရေးကို သတ်မှတ်ထားသည့် စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက် များကို အထမြောက်အောင် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး စစ်ဆင်ရေး၏ဒုတိယအဆင့်ကို အကောင်အထည် ဖော်နေသလို ၊စစ်ဆင်ရေးဒုတိယအဆင့်မှာလည်း မြန်မာပြည်သူတစ်ရပ်လုံးအနေဖြင့် စစ်ကောင်စီအား ရရာနည်းလမ်းဖြင့် ရောက်ရှိသည့်နေရာမှ တော်လှန်ပုန်ကန်ရန် အထူးအရေးကြီးပြီး တော်လှန်တိုက်ခိုက်ကြရန်လည်း တိုက်တွန်းထားတာကိုလည်း တွေ့ရှိထားရတယ်။

ဒီလို မြောက်ပိုင်း ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကရော ခုလိုဆွေးနွေးပွဲအပြီးမှာ ပြောင်းလဲသွားမှာလားဆိုတာရယ် ၊ အရင်တိုင်း ရှေ့ဆက်ပြီးပဲ တစ်နိုင်ငံလုံးအတိုင်းအတာရ ဆက်သွားကြမလားဆိုတာကလည်း တကယ်စိတ်၀င်စားဖို့ကောင်းတဲ့ အချက်ပါပဲ။

အကြောင်းက လက်ရှိမှာ စစ်ကောင်စီဘက်က မြောက်ပိုင်း၃ဖွဲ့ရဲ့ ထိုးစစ်တွေရပ်တန့်သွားဖို့ကို အဓိကထားတဲ့အတွက် ၎င်းတို့ဘက်က အစွမ်းကုန်လိုက်လျောပေးနိုင်သလို၊ တော်လှန်ရေးအရှိန်ရပ်တန့်သွားဖို့ကိုလည်း ကြိုးစားသွားမယ်ဆိုတာ အသေအချာမြင်နေရတယ်။

ဒါကြောင့် ၁၀၂၇ အစပိုင်းမှာ မြောက်ပိုင်း ညီနောင် ၃ဖွဲ့ရဲ့ ထုတ်ပြန်ထားတဲ့ တစ်နိုင်ငံလုံးလွတ်မြောက်ရေးဆိုတဲ့ ထုတ်ပြန်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားနိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းတယ်လို့ သုံးသပ်ထားတာဖြစ်ပါတယ်။ ဆက်လက်ပြီး စစ်ကောင်စီရဲ့ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း နိုင်ငံရေးအရ စကားပြောဖို့ကို စတင်ပြောကြားလာတဲ့အချိန်မှာ ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခကလည်း ယခုလို ပြောကြားထားတာရှိပါတယ်။

“မြန်မာနိုင်ငံမှာ ၁၉၆၂ အာဏာသိမ်းပြီးကတည်းက အစိုးရအဆက်ဆက်နဲ့ ဆွေးနွေးလာတာတောင်မှ ဘာမှမဖြစ်ခဲ့တဲ့ကိစ္စ၊ အခု အကြမ်းဖက် စစ်ကောင်စီနဲ့ ဆွေးနွေးလို့ရော နောက်ထပ် ဘာအာမခံချက်များ ရှိလာမှာမလို့လဲ။ ဒါကြောင့်မလို့ အခု စစ်ကောင်စီရဲ့ ခေါင်းဆောင်ကပြောတဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေး ဆိုတာကတော့ ဘာမှအဓိပ္ပါယ်မှ မရှိဘူးလို့ပဲ ကျနော်က သုံးသပ်တယ်ဗျ” ဆိုပြီး ဦးခိုင်သုခက ပြောခဲ့တာကိုတွေ့ရှိရပါတယ်။

ဒါကြောင့် စစ်ကောင်စီရဲ့ ယခုဆွေးနွေးမှုဟာ ဘယ်လောက်အတိုင်းအတာအထိ ခရီးပေါက်မလဲဆိုတာကိုလည်း စောင့်ကြည့်ရမှာဖြစ်တယ်။

NUG
~~~~~

လက်ရှိ နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာလည်း လက်ရှိ ၁၀၂၇ စစ်ဆင်ရေးပြီးရင် စစ်ကောင်စီရဲ့ နောက်ထပ်ရင်ဆိုင်ရမယ့် အရေးကြီးတဲ့ အဖွဲ့အစည်းဖြစ်သလို စစ်ကောင်စီရဲ့ အကြောက်ရဆုံး အစိုးရအဖွဲ့ဆိုရင်လည်း မမှားဘူးလို့ပြောရမယ်။

အကြောင်းက လက်ရှိမှာ မြောက်ပိုင်းညီနောင် ၃ဖွဲ့ကို ရှုံးခဲ့ရင် စစ်ကောင်စီအနေနဲ့ နယ်မြေဆုံးရှုံးတာတစ်ခုကလွဲပြီး လက်ရှိထိုင်ခုံပေါ်ကနေ ဆင်းပေးစရာ မရှိနိုင်တာကိုတွေ့ရှိရပါတယ်။ သို့သော် NUG ကိုသာ ရှုံးနိမ့်ခဲ့ရင် စစ်ကောင်စီအနေနဲ့ ခုံပေါ်က ခွေးကျ ကျမှာဖြစ်သလို နောက်ကြောင်းပြန်အရေးယူမှုတွေကြောင့် အာဏာသိမ်းမှုမှာ ပါ၀င်တဲ့ မင်းအောင်လှိုင်မှ အစ အောက်ခြေ တိုင်းမှူး၊ဗိုလ်မှူးတွေအထိ ကြိုးစင်တက်ရမှာ အသေအချာပဲဖြစ်တယ်။

ဒါကြောင့် နယ်မြေတွေဆုံးရှုံးရင် ဆုံးပါစေ နေပြည်တော်ပဲကျန်ရင်တောင် ရအောင် အုပ်ချုပ်မယ်လို့ တွေးထားတဲ့ စစ်ကောင်စီအတွက် NUGရဲ့ ခြေလှမ်းတွေဟာလည်း ၎င်းတို့အတွက် အိပ်မက်ဆိုးကြီးတစ်ခုလိုဖြစ်နေမယ်ဆိုတာကတော့ မြေကြီးလက်ခတ်မလွဲအောင် မှန်နေတာကိုတွေ့ရပါတယ်။

စစ်ကောင်စီအနေနဲ့ လက်ရှိမြောက်ပိုင်း ၃ဖွဲ့နဲ့ ဆွေးနွေးမှုတွေမှာလည်း NUGနဲ့ ညီနောင်၃ဖွဲ့ရဲ့ ဆက်ဆံရေးကို သပ်လျှိုခွဲနိုင်ဖို့ကြိုးစားပြီး စစ်ကောင်စီအပိုင်ဒေသတွေထဲက PDF ၊ LPDF တွေကို စစ်ရေးအရပိုပြီး ဖိအားပေးဖို့ကို ကြိုးစားလာမှာမြင်ရပါတယ်။ အထူးသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကောလင်းခရိုင်အပါအ၀င် လတ်တလောသိမ်းပိုက်ထားတဲ့ မုန်းမြို့ကိုပါ စစ်ရေးအရထိုးစစ်တွေ ပြန်ဆင်ပြီး ပဲခူးရိုးမကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာမှာပဲဖြစ်တယ်။

ဒါကြောင့် လက်ရှိအခြေအနေမှာ NUG ရဲ့ နိုင်ငံရေး မဟာဗျူဟာ ကျမှုဟာလည်း အရေးကြီးတဲ့အပိုင်းတစ်ခုကို ရောက်လာမှာဖြစ်ပြီး တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပိုမိုပြီး တိကျသေချာတဲ့ ကတိကဝတ်တွေကိုလည်း ထားရှိနိုင်ဖို့ အရေးကြီးလာတာကို မြင်တွေ့ရပါတယ်။

အထူးသဖြင့် စစ်ကောင်စီအနေနဲ့က တစ်ခြားဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ရှုံးရင်ရှုံးပါစေ အရှုံးခံနိုင်ပြီး NUG ကိုတော့ ဘယ်လိုမှ အရှုံးမပေးနိုင်ဘူးဆိုတာ အသေအချာမြင်ရပါတယ်။

အချုပ်ဆိုရရင်လက်ရှိ စစ်ကောင်စီအနေဖြင့် အပစ်ခတ်ရပ်ဆဲရေးနဲ့ နယ်မြေခွဲဝေပေးမှုကို အဓိကထားပြီး တစ်ရန်အေးအောင် အစွမ်းကုန်ကြိုးစားလာမှာဖြစ်သလို စစ်ကောင်စီရဲ့ အားသာချက်ဖြစ်တဲ့ သပ်လျှိုခွဲခြင်းအမှုတွေနဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ပုံဖျက်လာနိုင်ဖို့ ကြိုးစားလာနိုင်တာကြောင့် စစ်ကောင်စီရဲ့ ခြေလှမ်းကို သတိကြီးကြီးထားပြီး ဆက်ဆံကြဖို့ကိုပဲ ပြောပြချင်ပါတယ် ။ ။

#RedNewsAgency

By Editor