NUG လူဟောင်းများဖြင့် ထပ်မံ ပြင်ဆင်ဖွဲ့စည်း

RNA_ဒီဇင်ဘာ(၈)၊၂၀၂၅ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)အား လူဟောင်းများဖြင့်သာ ထပ်မံပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ယနေ့ (ဒီဇင်ဘာ ၈ ရက်) တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျအပ်နှင်းလိုက်သည့် အာဏာကို ကျင့်သုံးလျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ “အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့” အား ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်ဟုဆိုကာ အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းဆိုပြီး ထုတ်ပြန်လိုက်သည်။

 

အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမှုတွင် ယခင်လူဟောင်းများဖြစ်သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်ဒုတိယသမ္မတ (ယာယီသမ္မတ) ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်း တို့ဖြစ်သည်။

ယင်းအပြင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီး ဦးတင်ထွန်းနိုင်၊ လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဂျာထွယ်ပန်၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ရွှေပုံ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ တူးခေါင်၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မျိုးမင်း၊ တရားရေးဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဦး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသူရထွန်းတို့ဖြစ်ပြီး ဒုဝန်ကြီးများမှာ ဒေါက်တာ စိုင်းခိုင်မျိုးထွန်း၊ ဒေးဗစ်ဂွမ်အောင်၊ ခူထဲဘူး၊ ဦးကျော်နီ၊ နိုင်ကောင်းရွက်၊ မိုင်းဝင်းထူး၊ မင်းဇေယျာဦး၊ ဦးအောင်ကျော်မိုး၊ ဦးမော်ထွန်းအောင် စသည်တို့ဖြစ်သည်။

အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် NUG တွင် ဒေါ်ခင်မမမျိုး၊ ဦးထင်လင်းအောင်၊ ဒေါက်တာဆာဆာ၊ နော်ဆူဆန်နာလှလှစိုး၊ ဦးမိုးဇော်ဦး၊ နော်ထူးဖော၊ မအိသဉ္ဓာမောင် စသည့်တို့ ပြန်ပါလာခြင်းမရှိတော့သည်ကို တွေ့ရှိရသည်။

#REDNEWS #RedNewsAgency

By RNA Editor