မျက်ဝါးထင်ထင်မြင်လာရတဲ့ စစ်တပ်ရဲ့ ပြိုလဲနေမှုများ

“လက်ရှိအချိန်မှာ စစ်တပ်ရဲ့တပ်ရင်းအလိုက် ရှုံးနိမ့် ထွက်ပြေး အညံ့ခံ လက်နက်ချအလင်းဝင်လာကြရတာ (ရဲတပ်ရင်းတွေမပါ) တပ်ရင်း (၁၀) ရင်း အထိရှိခဲ့ပါပြီ။ လက်နက်ချ အညံ့ခံခဲ့ရတဲ့ စစ်​ကောင်စီ တပ်ရင်းတွေကတော့ ခလရ ၁၄၃၊ ခမရ ၃၃၉၊ ခမရ ၃၅၁၊ ခမရ ၃၅၈၊ ခမရ ၄၃၀၊ ခလရ ၈၁၊ ခလရ ၁၂၅၊ ခမရ ၄၂၅၊ ခမရ ၆၊ ခလရ ၁၂၉ တို့ဖြစ်ကြပါတယ်”
*************************
မောင်ဝိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကုန်းကြမ်းမြို့အခြေစိုက် ခလရ(၁၂၅)တပ်ရင်းတစ်ရင်းလုံး အလံဖြူထောင်ကာ လက်နက်ချအလင်းဝင်လာတယ်လို့ MNDAA က နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ အလင်းဝင်လာတဲ့ ခလရ (၁၂၅)ဟာ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်လက်အောက်ခံဖြစ်ပြီး လောက်ကိုင်အခြေစိုက်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လောက်ကိုင်-ဒကစ) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း (၇) ခုအနက်မှ တစ်ခုဖြစ်ပြီး နိုဝင်ဘာလ (၂၈) ရက်နေ့က လက်နက်ချအလင်းဝင်လာတာပဲ ဖြစ်ပါတယ်။ အဲဒီနေ့က အလင်းဝင်လာသူဟာ ၂၇၂ ဦးဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာလည်း လောက်ကိုင် (ဒကစ) လက်အောက်ခံ ခမရ(၁၂၉) တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၁၂၆ ဦးဟာ MNDAA နဲ့ မဟာမိတ်တပ်များထံ ပူးပေါင်း အလင်းဝင်ကာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြပါသေးတယ်။ ဒီဖြစ်စဥ်တွေက ဘာကိုပြသနေလဲဆိုတော့ စစ်ကောင်စီရဲ့ စစ်ရေးနဲ့ နိုင်ငံရေး အဖက်ဖက်က ရှုံးနိမ့်တယ်ဆိုတာထက် သူ့လက်အောက်ခံ တပ်ရင်းတွေ ကိုယ်တိုင်က စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ်မရှိခြင်းဖြစ်တယ်။ တနည်းပြောရရင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကစလို့ လက်ရှိစစ်ဗိုလ်ချုပ်တွေရဲ့ အရည်အချင်းကို ပြသရာရောက်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖော်ဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ ထိုအချိန်က ပြည်သူတရပ်လုံးက မင်းအောက်လှိုင်ဦးဆောင်တဲ့ အုပ်ချုပ်သူတွေကို မုန်းတီးနေပေမယ့်၊ သူ့လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေရဲ့ လေးစားမှု၊ အားထားမှုကို အထိုက်အလျောက်ရရှိထားပါသေးတယ်။ နိုင်ငံတကာမှာလည်း တရုတ်၊ ရုရှားစတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အကာကွယ်ပေးမှု၊ ထောက်ပံ့မှုကို အထိုက်အလျောက်ရရှိခဲ့တာဖြစ်တယ်။

၂၀၂၃ ခုနှစ်ကုန်ပိုင်း တော်လှန်ရေးကာလရဲ့ ၃ နှစ်ထဲရောက်ရှိလာတော့မယ့်အချိန်မှာ ပျောက်ကျားစစ်၊ သမရိုးကျစစ်စတဲ့ ခြေလျင်စစ်ကြောင်းထိုးမယ်၊ မနိုင်ရင် အမြောက်လက်နက်ကြီး၊ လေယာဥ်ပစ်ကူတောင်းမယ်စတဲ့ လှေကြီးထိုး ရိုးရိုးသာ သုံးခဲ့တဲ့ စစ်တပ်ဟာ တကြိမ်မှမကြုံဖူးတဲ့ နည်းပညာမြင့် စစ်ဆင်ရေးတွေကိုရင်ဆိုင်လာရပါတယ်။ ဒီအခြေအနေမှာ တရုတ်၊ ရုရှားစတဲ့ နိုင်ငံတွေမှာ နှစ်ရှည် ပညာသင်ကြားလာတဲ့ စစ်ဗိုလ်တွေ ကိုယ်တိုင်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ (၃)နှစ်သား အရည်အချင်းကို လိုက်မမှီနိုင်ခဲ့ပါ။ ဒါကိုလည်း လက်ရှိ စစ်ဆင်ရေးတွေကိုကြည့်ရင်သိနိုင်ပါတယ်။


ဒါ့အပြင် စစ်ခေါင်းဆောင် အမည်ခံ မင်းအောင်လှိုင်ကိုယ်တိုင်ကလည်း ဘုရားတည်ဖို့နဲ့ မိသားစုစီးပွားရေးအတွက်သာ တစိုက်မက်မက်လုပ်လာပြီး၊ အောက်ခြေကိုပြန်မကြည့်၊ အကျအရှုံးများလာချိန် လက်အောက်ခံစစ်သားတွေ၊ တပ်မိသားစုဝင်တွေကိုယ်တိုင်ကပါ၊ စစ်ခေါင်းဆောင်ကို ဆင်းပေးဖို့ တိုးတိုးတိတ်တိတ်ပြောဆိုလာကြပါတယ်။ တဖက်မှာလည်း တချိန်က စစ်တပ်နဲ့ပေါင်းပြီး စစ်တပ်ကို အကာအကွယ်ပြုခဲ့ဖူးတဲ့ တရုတ်ကိုယ်တိုင်က စစ်ကောင်စီအပေါ် ဖယ်ကျဥ်လာခဲ့သလို၊ စစ်ကောင်စီဟာ နိုင်ငံတကာမှာပါ နဂိုကထက် ပိုအထီးကျန်လာခဲ့ပါတယ်။ နိုင်ငံတကာရဲ့ဖယ်ကျဥ်မှုတွေနောက်မှာ ပိတ်ဆို့မှု့တွေကြောင့် စစ်လက်နက်ပစ္စည်းတွေကို တရားဝင် ဝယ်ယူခွင့်မရှိတော့ပဲ အကျပ်အတည်းနဲ့ရင်ဆိုင်လာရပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ အောက်ခြေ တပ်ရင်းတွေကို အုပ်ချုပ်ထောက်ပံ့မှု၊ စီမံခန့်ခွဲမှု ပြည့်ပြည့်ဝဝ မပေးနိုင်တော့တာ တွေ့ရပါတယ်။ တချို့သော တပ်ရင်းတွေဆိုရင် လူ ၂၀ ခန့်သာရှိပြီး၊ ရှိတဲ့စစ်သား အင်အားနဲ့ ဖြစ်သလို စစ်တိုက်နေရတဲ့အနေအထားပါ။ ဒါ့အပြင် တပ်တွင်းကနေ တပ်ပြင်ကို ဘယ်သူမှထွက်ခွင့်မရှိတာကြောင့် တပ်မိသားစုဝင်တွေရဲ့ ဆေးကုသရေး၊ စားဝတ်နေရေး စတာတွေဟာ တဖြည်းဖြည်း ကျပ်တည်းလာခဲ့ပါတယ်။ ကရင်ပြည်နယ်၊ ဖာပွန်အခြေစိုက် ခမရ (၄၃၀) တပ်ရင်းက ရဲမေတွေဆိုရင် ယောင်္ကျားသေဆုံးပြီးချိန်မှာတောင် အိမ်ပြန်ခွင့်မပေးပဲ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားကို တပ်က သိမ်းထားခဲ့ပါတယ်။ ထိုရဲမေတွေကို ညအချိန်မှာ သေနတ်ကိုင်ကင်းစောင့်ခိုင်းထားပြီး၊ လင်ယောကျ်ားသေဆုံးခဲ့တဲ့အတွက် လစာလည်း ရရှိခြင်းမရှိပါ။


ဒီလိုအခြေအနေတွေကြောင့်ပဲ ခလရ ၁၂၅၊ ခလရ ၁၂၉ စတဲ့ တပ်ရင်းလိုက် ဘက်ကူးပြောင်းမှုတွေ ဖြစ်ပေါ်လာခြင်းဖြစ်တယ်။ ဒီအရာတွေရဲ့ အဓိက တရားခံဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ပဲ ဖြစ်တယ်။ လက်ရှိအချိန်မှာ စစ်တပ်ရဲ့တပ်ရင်းအလိုက် ရှုံးနိမ့် ထွက်ပြေး အညံ့ခံ လက်နက်ချအလင်းဝင်လာကြရတာ (ရဲတပ်ရင်းတွေမပါ) တပ်ရင်း (၁၀) ရင်း အထိရှိခဲ့ပါပြီ။ လက်နက်ချ အညံ့ခံခဲ့ရတဲ့ စစ်​ကောင်စီ တပ်ရင်းတွေကတော့ ခလရ ၁၄၃၊ ခမရ ၃၃၉၊ ခမရ ၃၅၁၊ ခမရ ၃၅၈၊ ခမရ ၄၃၀၊ ခလရ ၈၁၊ ခလရ ၁၂၅၊ ခမရ ၄၂၅၊ ခမရ ၆၊ ခလရ ၁၂၉ တို့ဖြစ်ကြပါတယ်။

တဖက်မှာလည်း MNDAA အပါအဝင် မဟာမိတ်တပ်များသည် ၁၀၂၇ စစ်ဆင်ရေးအတွင်း ချင်းရွှေဟော်၊ ကွမ်းလုံ၊ ပန်ဆိုင်း၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း သိန္နီမြို့များကို သိမ်းပိုက်ထားပြီးဖြစ်ပြီး ကိုးကန့်ဒေသ တစ်ခုလုံး အပါအဝင် ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီတပ်များကို ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်မှုများ ဆက်လုပ်နေပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်မှ စစ်မတိုက်ပဲရရှိခဲ့တဲ့ အင်ဂျန်းယန်မြို့အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များက ရွှေပြည်အေး၊ ခမ်းပတ်၊ ကောလင်း၊ ရိခေါဒါရ်၊ လိုင်လဲန်းပီ၊ရေဇွာ၊ ဝေဘုလ၊ မကွီအိမ်နူး၊ ဆူးရ်ခွါ၊ နှာရိန်၊ မယ်စဲ့ စတဲ့ မြို့တွေကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

ဒီအခြေအနေမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့ နေပြည်တော် အစည်းအဝေးမှာ သူအရည်အချင်း မရှိတာကြောင့်ဆိုတာထက် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မဟာဗျူဟာမြောက် ထိုးစစ်နဲ့ ဒရုန်းတိုက်ခိုက်မှုကို စိုးရိမ်တဲ့ ပြောဆိုချက်တွေရှိလာခဲ့ပါတယ်။ လက်ရှိမှာ စစ်ကောင်စီအောက်ခြေတပ်ရင်းတွေ အနေနဲ့ “တိုက်ပွဲအဖြစ်ပဲလာပြပေးပါ လက်နက်ချ ထွက်ပြေးမယ့်သူတွေအများကြီး” ဆိုတဲ့ တပ်တွင်းမှ သတင်းစကားများကြားသိလာရပါတယ်။

စစ်ကောင်စီအနေနဲ့ သူရဲ့စစ်အင်အားအတွက် ထပ်မံဝင်ရောက်လာသူတွေကလည်း မရှိသလောက်နည်းပါနေပါတယ်။ ဒီအခြေအနေမှာ အထက်ကဆိုခဲ့သလို တိုက်ပွဲ ဖြစ်လာရင် တပ်ရင်းလိုက်၊ တပ်ဖွဲ့လိုက်အညံ့ခံမယ့် စစ်သားတွေကလည်း ဒုနဲ့ဒေးပါ။ သိမ်းရခါနီး မြို့တွေကလည်း ရှိနေပါတယ်။ မြို့သိမ်းတိုက်ပွဲတွေကလည်း ဆက်လက်ပြင်းထန်လာမှာ ဖြစ်ပါတယ်။ ဒါဟာ ပြည်သူ့ခုခံတွန်းလှန်စစ် ၃ နှစ်အတွင်း မျက်ဝါးထင်ထင် မြင်တွေ့လာရတဲ့ စစ်ကောင်စီရဲ့ပြိုလဲလာမှုတွေ ဖြစ်တယ်ဆိုတဲ့ အကြောင်း တင်ပြလိုက်ရပါတယ်။ ။

#RedNewsAgency

By Editor