ခလရ ၁၂၅ တပ်ရင်းအပါအဝင် ၂၇၂ ဦး အလင်းဝင်ပြီးချိန် ရှင်းဝမ်ဒေသတခုလုံးကို MNDAA ထိန်းချုပ်နိုင်

RNA_ဒီဇင်ဘာ(၁)၊၂၀၂၃ခုနှစ်။

ဗမာစစ်တပ်က ၂၈ နှစ်ကျော်ကြာ ထိန်းချုပ်ထားခဲ့သည့် ရှင်းဝမ်ဒေသကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၁၂၅ တပ်ရင်းအပါအဝင် ၂၇၂ ဦး အလင်းဝင်မှုကြောင့် MNDAA အနေဖြင့် ရှင်ဝမ်းဒေသတခုလုံးကို အလုံးစုံထိန်းချုပ်သွားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်-ဒကစ) လက်အောက်ခံ ကုန်းကြမ်းမြို့နယ်မှ စကခ (၁၆) ၏ စကခမှူးမှာ နိုဝင်ဘာ ၂၇ ရက်နေ့က တပ်ဖွဲ့ဝင် ၁၀၀ ကျော်ခေါ်ဆောင်ပြီး ထွက်ပြေးသွားသည့်အတွက် ကော်မျိုးနွယ်ပြည်သူ့ စစ်အဖွဲ့ဝင်(၂၇)ဦး (ဗမာလူမျိုး)၊ ခလရ (၁၂၅) အဖွဲ့ဝင် (၉၃)ဦး၊ စကခ(၁၆) အဖွဲ့ဝင်(၃၆)ဦး၊ စကခ(၁၂) အဖွဲ့ဝင် (၁၄)ဦး၊စစ်မိသားစုဝင်(၈၆)ဦး၊ စစ်ဆင်ရေးအကြံပေး (၅) ဦးနှင့် ရဲအဖွဲ့ဝင် (၁၁)ဦး စုစုပေါင်း(၂၇၂) ဦး နိုဝင်ဘာ ၂၈ ရက်နေ့က အလံဖြူထောင်ကာ MNDAA နှင့် မဟာမိတ်များထံ အလင်းဝင်ခဲ့ကြသည်ဟု Kokang ထံမှ သိရသည်။


မြန်မာတပ်မတော်မှ ၁၉၆၅ ခုနှစ်တွင် ထိုးဖောက်ဝင်ရောက်တပ်စွဲခဲ့ကြောင်း၊ ၁၉၆၈ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့တွင် ပထမအကြိမ်နှင့် ၁၉၆၉ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ဒုတိယအကြိမ် ဗကပ အမှတ် ၄၀၄ တပ်ဖွဲ့မှ ကုန်ကြမ်းတပ်စခန်းကို နှစ်ကြိမ်တိုင်တိုင်ထိုးစစ်ဆင်တိုက်ခိုက်ရာ ဒုတိယအကြိမ်တွင် သိမ်းယူနိုင်ခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့က ထိုးကန့်ရန်မောက်လျှံ၏ညီ ဖောက်ပြန်မှုကြောင့် မြန်မာတပ်မတော်မှ အင်အားအလုံးအင်းဖြင့် ကိုးကန့်ဒေသ ချင်းရွှေဟော်၊ ရှီယွင်ကြ ည်(ပါစင်းကျော်)၊ မီရှင့်ကုတ်၊ လောက်ကိုင်၊ ရှင်းကိုင်း၊ တာရွှေထန်၊ ရန်ခန့် ၊ ကုန်းကြမ်းနှင့် မော်ထိုက်စသည့်နေရာများတွင် ထပ်မံ တပ်စွဲနိုင်ခဲ့သည်ဟုကိုးကန့်သမိုင်းစာအုပ်တွင် ဖော်ပြထားသည်ဟု ကိုးကန့်မီဒီယာထံမှ သိရသည်။

ဓာတ်ပုံ – Kokang ကုန်းကြမ်းတပ်စခန်းတစ်နေရာ

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစသည့် MNDAA၊ TNLA၊ AA တို့စတင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေး နိုဝင်ဘာလ ၃၀ ရက်နေ့အထိ စစ်ကောင်စီ၏ တပ်စခန်း အသေးအကြီး စုစုပေါင်း ၁၈၆ ခု၊ ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်း နှင့် ကုန်းကြမ်းမြို့နယ်တို့ကို သိမ်းပိုက်နိုင်ခဲ့သည့်အပြင် ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်းနှင့် ကျင်းစန်းကျော် နေရာတို့တွင်ရှိသော နယ်စပ်ဂိတ် ၄ ခုကိုလည်း အောင်မြင်စွာ သိမ်းပိုက်ထားနိုင်ကြောင်း သိရသည်။

Photo: Kokang

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ စစ်ရေးအရှိန်မြှင့်ပြီး တနိုင်ငံလုံးအတိုင်း အတာနှင့် ချင်းပြည်နယ်တွင် ၆ မြို့၊ စစ်ကိုင်းတိုင်းအတွင်း ၃ မြို့တို့ကို အရှိန်အဟုန်ဖြင့် သိမ်းပိုက်ထားသည့်အပြင် ကရင်နီပြည်နယ်တွင် မယ်စဲ့မြို့၊ ကချင်ပြည်နယ်နှင့် TNLA စစ်ဒေသများအတွင်း မြို့နယ်အချို့ကိုလည်း သိမ်းပိုက်လုနီးပါးအထိရှိကြောင်း၊ ယနေ့ (ဒီဇင်ဘာ ၁ ရက်) တွင်လည်း ရှမ်းမြောက်အပါအဝင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်စသည့် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

#RedNewsAgency

By Editor