စစ်ကောင်စီတပ်စခန်းများကို ရှင်းလင်းပြီးနောက် ချုံကန်ဒေသနှင့် မော်ထိုက်ဒေသကို MNDAA ပြန်လည်သိမ်းပိုက်

RNA_နိုဝင်ဘာ(၂၁)၊၂၀၂၃ခုနှစ်။
မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်ခရိုင် ဟုန်ရှင်းဒေသရှိ ချုံကန်နှင့် မော်ထိုက်ဒေသတို့တွင် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ရှင်းလင်းပြီးနောက် MNDAA ကပြန်လည်သိမ်းပိုက်ပြီး အုပ်ချုပ်ရေးနှင့်တည်ဆောက်ရေးကိစ္စများ လုပ်ဆောင်နေကြောင်း သိရသည်။
ကိုးကန့်ခရိုင်အတွင်း စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ရှင်းလင်းနေရသည့် ဒေသများသည် ယခင် MNDAA စိုးမိုးနယ်မြေများဖြစ်ကြောင်း၊ ယခု ပြန်လည်သိမ်းပိုက်ပြီး တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်စဉ် ဒေသခံလူထုသည် MNDAA တပ်ဖွဲ့ဝင်များကို လှိုက်လှဲစွာဆိုကြိုကြသည်ဟု ကိုးကန့်အဖွဲ့က ထုတ်ပြန်ထားသည်။

ညီနောင်မဟာမိတ်များ ၁၀၂၇ စစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲနေကြောင်း၊ (MNDAA)နှင့် အထူးဒေသ(၁)အုပ်ချုပ်ရေးအမှလည်း ဒေသပြန်လည်ထူထောင်‌ ရရှိသောနေရာကို အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းများစတင်လုပ်ဆောင်နေကြောင်း၊ TNLA မှလည်း တအာင်းစစ်ဒေသတွင်း စစ်ကောင်စီတပ်စခန်းများကို နေ့စဉ်တိုက်ခိုက်နေကြောင်း ၁၀၂၇ စစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ယနေ့ (နိုဝင်ဘာလ ၂၀ ရက်) နေ့သည်် ၁၀၂၇ စစ်ဆင်ရေး ၂၆ ရက်နေ့မြောက်ပြီဖြစ်ကြောင်း၊ မုံးကိုး၊ ပန်ဆိုင်း ၊ မူပန် (သိန္နီ) နန့်ပုံနှင့်ကိုးကန့် ရှီးရှမ်းဒေသနှင့် တအာင်းတပ်မတော် စစ်ဒေသများဖြစ်သည့် မူဆယ်၊ နမ့်ခမ်း၊ ကွက်ခိုင်၊ နောင်ချို စသည့် စစ်ဒေသများအတွင်းရှိ တပ်စခန်းများကို ဆက်လက်တိုက်ခိုက်နေကြောင်း၊ စစ်ကောင်စီ၏ လောင်းကစားမြို့တော်ဖြစ်သည့် လောက်ကိုင်မြို့သိမ်းတိုက်ပွဲကိုလည်း ဆင်နွှဲမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။
Photo: The Kokang
#RedNewsAgency
By Editor