လွိုင်ကော်တက္ကသိုလ်ရှိ ခမရ (၄၂၅) တပ်ရင်းမှူးနှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီး ပါးသေဆုံး

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၃ ခုနှစ်။

ကရင်နီပြည်၊ လွိုင်ကော်တက္ကသိုလ်ထဲ၌ တပ်စွဲထားသော တပ်မ (၆၆) လက်အောက်ခံ ခမရ (၄၂၅) တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါး ( ၁၁၀ ကျော်) သေဆုံးခဲ့ပြီး၊ ခမရ (၆) တပ်ရင်းတို့အား အပြီးသတ်ချေမှုန်းကာ နောက်ဆုံးလက်ကျန် တပ်ဖွဲ့ဝင်များမှ လက်နက်ချအညံ့ခံပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု KNDF ကထုတ်ပြန်သည်။

“၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော KNDF စစ်ကြောင်း၏ တတိယနေ့ နှင့် စတုတ္ထနေ့ စစ်ဆင်ရေး နိုဝင်ဘာလ (၁၃)ရက်နေ့တစ်နေ့လုံး လွိုင်ကော်တက္ကသိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ (၄၂၅) တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီး ပါးသေဆုံးခဲ့ပြီး ခမရ(၆) ၏ အင်အား တစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်းတပ်စွဲကျန်ရှိနေသော ခမရ (၆)မှ တပ်ဖွဲ့ဝင်များအားအပြီး သတ်ချေမှုန်းရန် နိုဝင်ဘာလ (၁၄) ရက်နေ့ စစ်ဆင်ရေးအား နံနက်ပိုင်းမှစ၍ ညနေပိုင်းအထိ ကျန်ရှိစစ်ကောင်စီ တပ်ဖွဲ့များအား လက်နက်ချအညံ့ခံရန် မိမိတို့ဖက်မှ အခွင့်အရေးပေးခဲ့ပြီးနောက် တပ်ခွဲမှူးကောင်းမြတ်ကိုဦးစီးသော စစ်ကောင်စီတပ်သား (၃၂) ဦး လက်နက်ချ အညံ့ခံခဲ့သည်။

“၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) ၏ အစိတ်အပိုင်းတစ်ခုအဖြစ် လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်း (၂) ရင်းအား ချေမှုန်းတိုက်ခိုက်ခဲ့သည့် KNDF စစ်ကြောင်း၏ စစ်ဆင်ရေးတွင် စစ်ကောင်စီ တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးများအပါအဝင် တပ်ဖွဲ့ဝင် (၁၁၀)ကျော်အား သုတ်သင်နိုင်ခဲ့ပြီး စစ်သုံ့ပန်း (၃၈)ယောက်၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ (၁၂၈)လက် နှင့် ခဲယမ်းပစ္စည်းများအား သိမ်းဆည်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

#RedNewsAgency

By RNA Editor